ဝင်ငွေအကောင်းဆုံး အနုပညာ ဖန်တီးမှုအဖြစ် စံချိန်တင်ခဲ့သည့် The Lion King ပြဇာတ်

အနုပညာ ဖန်တီးထုတ်လုပ်မှု သမိုင်းတွင် ဝင်ငွေ အများဆုံး စံချိန်သစ်ကို The Lion King ပြဇာတ်က ရရှိလာခဲ့ကြောင်း သိရသည်။
The Lion King ပြဇာတ်ကို (၁၉၉၇)ခုနှစ်က စတင်ကာ ဘရော့ဒ်ဝေး ပြဇာတ်ရုံများတွင် ကပြလာခဲ့ရာ ယနေ့ထိ ရုံဝင်ကြေး ဒေါ်လာ (၆.၂)ဘီလီယံထိ ရရှိထားပြီ ဖြစ်သည်။ ယင်းသည် ရုံဝင်ကြေး သက်သက်သာဖြစ်ပြီး အမှတ်တရ ပစ္စည်းများ ရောင်းချသည့် ဝင်ငွေများ ထည့်သွင်း တွက်ချက်ထားခြင်း မရှိသေးချေ။
(၁၉၉၆)ခုနှစ်က ရုံတင်ပြသခဲ့သည့် Disney ကာတွန်းဇာတ်လမ်း The Lion King ကို အခြေခံ ဖန်တီးထားသည့် ပြဇာတ်မှာ ယနေ့တိုင် ဖျော်ဖြေကပြတိုင်း လူကြိုက်များနေဆဲ ဇာတ်လမ်းတစ်ခု ဖြစ်သည်။ ဟောလိဝုဒ် သမိုင်းတွင် ရုံဝင်ကြေး အမြင့်ဆုံးဖြစ်သည့် Avatar ဇာတ်ကားသည်ပင် စုစုပေါင်း ဒေါ်လာ(၂.၈)ဘီလီယံသာ ဝင်ငွေ ရရှိထားခဲ့သည်။
ပြီးခဲ့သည့်နှစ်က The Lion King ပြဇာတ်သည် နယူးယောက် ပြည်နယ်၏ ဝင်ငွေအမြင့်ဆုံး ပြဇာတ်အဖြစ် ရပ်တည်ခဲ့ပြီး ယခုနှစ်တွင်လည်း အဆိုပါ ဂုဏ်ပုဒ်ကို ဆက်လက် ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်သည်။ ကမ္ဘာတလွှားတွင် The Lion King ပြဇာတ်ကို Production (၂၂)ခုဖြင့် တင်ဆက်ခဲ့ပြီးဖြစ်ကာ လူပေါင်း(၇၅)သန်းကျော် အားပေးကြည့်ရှုထားခဲ့သည်။
Disney ၏ ပြဇာတ် ထုတ်လုပ်ရေးဌာန ဥက္ကဋ္ဌ သောမတ်စ် ရှူမေချာက “ဒီပြဇာတ်ရဲ့ လွှမ်းမိုးနိုင်စွမ်းကို အသေအချာ သိထားတဲ့အခါ ဒီလို အောင်မြင်မှုမျိုး ရလာတဲ့အပေါ် အထူးအဆန်း ခံစားချက် မရှိတော့ပါဘူး။ စိတ်တော့ လှုပ်ရှားမိတယ်။ ကျွန်တော်တို့ အနေနဲ့ The Lion King ပြဇာတ်ရဲ့ အောင်မြင်မှုအတွက် အလေးအနက် ဂုဏ်ယူမိပါတယ်”ဟု ပြောကြားခဲ့သည်။
The Lion King အနေဖြင့် ယခုအခါ ဘရော့ဝေး ပြဇာတ်သမိုင်းတွင် အထင်ရှားဆုံးဖြစ်သည့် The Phantom of the Operaကို ကျော်ဖြတ်ကာ ဝင်ငွေအများဆုံး ပြဇာတ်အဖြစ် ရပ်တည်လာခြင်း ဖြစ်သည်။ သို့သော်လည်း (၁၉၈၆)ခုနှစ်က စတင်ကပြခဲ့သည့် The Phantom of the Operaသည် ဘရော့ဝေး သမိုင်းတစ်လျှောက်တွင် အချိန်အကြာဆုံး ဖျော်ဖြေကပြသည့် ဇာတ်လမ်းအနေဖြင့် ဆက်လက် ရပ်တည်နေသလို ကမ္ဘာတလွှားမှ လူပေါင်းသန်း(၁၄၀)ကျော် ရှုမြင် အားပေးခဲ့ပြီး ဖြစ်သည်။
The Phantom of the Opera ပြဇာတ်ကို လတ်တလောတွင် ဗြိတိန်၌လည်း ကပြနေသလို မြောက်အမေရိက တနံတလျား နိုင်ငံများတွင်လည်း ဖျော်ဖြေပွဲ ခရီးစဉ်အဖြစ် လှည့်လည် ကပြနေသည်။ အဆိုပါ ပြဇာတ်ကို မော်စကို၊ ဟောင်ကောင်နှင့် အီစတန်ဘူလ် မြို့ကြီးများတွင်လည်း ဖျော်ဖြေသွားရန် စီစဉ်ထားသည်။
_Ref: BBC
Source:7daydaily
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment