လက်ပံတောင်း ဒေသခံများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပစ်ခတ်မှုဖြစ်ပွား


      ကြေးနီစီမံကိန်းကြီးအနီး ဆည်တည်းကျေးရွာ ဒေသခံများ ပိုင်ဆိုင်သည့် လယ်ယာမြေများဘေးတွင် ကုမ္ပဏီမှ ခြံစည်းရိုး ထပ်မံတိုးချဲ့ရန် လာရောက်မှုကြောင့် ယခုလ(၂၉) ရက်နေ့၊ နေ့လည်(၂) နာရီအချိန်တွင် လုံထိန်းတပ်ဖွဲ့ဝင်များနှင့် ဒေသခံ (၅၀) ကျော်မှ လေးခွများဖြင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

      ခြံစည်းရိုး ထပ်မံတိုးချဲ့မှုကို ဆည်တည်းကျေးရွာ အင်းကြင်းတောင် အနီးတွင် စီမံကိန်းကုမ္ပဏီမှ တရုတ်များမှ လာရောက်ကာ လုပ်ဆောင်နေသည့် အတွက် ဒေသခံများမှ သွားရောက် တားမြစ်ရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လေးခွများဖြင့် မောင်းထုတ်ခဲ့သည့် အတွက် ဒေသခံများမှ ယခုကဲ့သို့ ပြန်လည် ခုခံမောင်းထုတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

      “ညနေပိုင်းလောက်ကပါ။ ခြံစည်းရိုး တိုးချဲ့ခတ်ဖို့လာတဲ့ တရုတ်တွေကို ဒေသခံတွေက မောင်းထုတ်တယ်။ ဒါကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေက လေးခွနဲ့ စပစ်တယ်။ ဒါကြောင့် ဒေသခံတွေကလည်း ပြန်ပစ်ခဲ့တယ်။ ထိတာ ခိုက်တာတော့ မရှိပါဘူး။ ခဏလေးပဲ ကြာတာပါ။ ခြံစည်းရိုးခတ်တဲ့ အဖွဲ့လည်း ပြေးသွားကြတယ်။ စီမံကိန်းကြီးကို လုံးဝလက်မခံနိုင်တာ သိရဲ့နဲ့ ပြည်သူတွေကို စိတ်အနှောင့်အယှက် ပေးနေတယ်။ ဒေသခံတွေကတော့ မရရင်ရတဲ့နည်းနဲ့ တိုက်ထုတ်နေမှာပါ။ မီးလောင်းဗုံး ပစ်ခဲ့တာ (၃၄)လ ရှိပါပြီ။ အခုထိ တရားခံ မဖော်နိုင်သေးဘူး။ နောက်ပြီး ဒေါ်ခင်ဝင်းကို သေနတ်နဲ့ ပစ်ခဲ့တာလည်း အခုထိ ဘာမှ မဖော်နိုင်သေးဘူး။ စီမံကိန်းကြီးကို ဆက်လက် ဆန့်ကျင်နေမှာပါ”ဟု တုံကျေးရွာမှ ဒေါ်စန္ဒာက The Messenger Media သို့ ပြောသည်။

      ယင်းနောက် ယခုလ(၂၉) ရက်နေ့ တွင် ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းရေး အတွက် ဆန္ဒပြခဲ့သည့် ဒေသခံများနှင့် သံဃာတော်များအား မီးလောင်စေသည့် အရာများဖြင့် ပစ်ခတ်ခဲ့မှုသည် (၃၄) လ ပြည့်မြောက်ခဲ့သည့် အတွက် ဒေသခံများမှ ငှက်ပျောပွဲ(၂၉) ပွဲဖြင့် ကြေးနီစီမံကိန်းကြီး ရပ်ဆိုင်းရေးအတွက် ဆုတောင်းမှုများကို ထပ်မံပြုလုပ်ခဲ့ကြောင်း သိရသည်။

      “ပစ်ကြ ခတ်ကြတယ် ဆိုတာတော့ မဟုတ်ပါဘူး။ ဒေသခံတွေက ခြံစည်းရိုး အတွင်းကို လေးခွတွေနဲ့ ပစ်နေကြတယ်။ ခြံစည်းရိုးခတ်ဖို့လည်း မဟုတ်ပါဘူး။ ဒါကြောင့် ခြောက်လှန့်လိုက်တာပါ။  အပြန်အလှန် ပစ်ခတ်တာ မဟုတ်ပါဘူး”ဟု ဆည်တည်း ကျေးရွာအနီး ရဲကင်းတွင် တာဝန်ကျ ရဲတပ်ဖွဲ့ဝင် တစ်ဦးက The Messenger Media သို့ ပြောသည်။

The Messenger Media
http://messengernewsjournal.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment