ကယား(ကရင်နီ)ပြည်နယ်တွင် လမ်းဘေးရောက် ကလေးငယ်များစွာရှိနေ


ဓါတ်ပုံ ထျိုးမြာ
 ကယား(ကရင်နီ) ပြည်နယ်တွင် လမ်းဘေးရောက်ကလေးငယ်များနှင့် အရွယ်မရောက်သေးပဲ အလုပ်လုပ်နေရသော ကလေးငယ်များစွာရှိနေသည်ဟု စက်တင်ဘာ ၂၈ ရက်နေ့မှ ၂၉ ရက် နေ့တွင် ကျင်းပသော ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲမတွင် သိရသည်။

ကလေးများကျောင်း နေရမည့်အရွယ်တွင် မနေရပဲ လမ်းပေါ်တွင် ထွက်ကစားနေရသောကလေး များစွာတွေ့ရသဖြင့် ဘာသာရေးအဖွဲ့အစည်း ပုဂ္ဂိုလ်များမှတဆင့် ကျောင်းသားမိဘများကို ခေါ်ပြီး အသိပညာပေးများလုပ်လေ့ရှိသည်ဟု ထိုသင်တန်းတွင်တက်ရောက်ဆွေးသော လွိုင်ကော်ကက်သလစ်ကျောင်းတိုက်မှ Fr . David BuNyar က ပြောသွားသည်။

“ ကလေးတွေသူတို့အရွယ်နဲ့မလိုက်အောင် အလုပ်လုပ်နေရတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့မိဘတွေရဲ့စားဝတ်နေရေးတွေ ခက်ခဲတဲ့အတွက်ကြောင့်မို့လို့ လုပ်နေရတဲ့အတွက် ပညာမသင်ကြားနိုင်ဘူး။” ဟု Fr . David BuNyar က ပြောသည်။

ဘော်ဒါဆောင်များ ဖွင့်၍ ကျောင်းမနေနိုင် သောကလေးများကို တတ်နိုင်သ၍ ပညာသင်ကြားပေးနိုင်ရန်လည်းစီစဉ်နေကြောင်း ပြောသွားသည်။

ဓလေ့ထုံးတမ်းစဉ်လာအရလည်း ဒေသထွက် ခေါင်ရည်များကိုသောက်သုံးရာမှ တခြားသော အရက် ၊ ဘီယာ ၊ မူးယစ်ဆေးဝါးကိစ္စများအထိ သုံးစွဲလာကြသူများလည်း ပညာရေး တပိုင်းတစဖြစ်နေကြရသည် ဟု လွိုင်ကော်မြို့နယ် မိုင်းလုံးကျောင်းတိုက်မှ အရှင်ကုမာရ ကပြောသည်။

အရှင်ကုမာရက “ အသက်ရွယ်မမြောက်သေးဘဲနဲ့ ကလေးတွေက မူးယစ်ဆေးတွေနဲ့ ပျက်စီးနေတာ တွေ့ရပါတယ် ကယားပြည်နယ်မှာ ဓလေ့ထုံးတမ်းတွေရှိတဲ့အတွက် ခေါင်ရည် ဟာလည်းများများသောက်ရင်မူးတာပဲ မူးလာတာနဲ့အမျှ ခေါင်ရည်ထက်ပျင်းတဲ့ အရက်ပါ တစ်ဖြေးဖြေးနဲ့ သုံးဆောင်လာတာကို တွေ့ရတယ်။ ” ဟု ပြောသည်။

ကျေးလက်ဒေသဘက်တွင်မှာ အများစု စီးပွားရေးမပြေလည်သည့်အတွက် ပညာရေးတွင် နောက်ကျ ကျန်နေခဲ့ရသည်ဟု ရှားတောမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးပိုးရယ်အောင်သိန်းက ပြောသည်။

“ကယားပြည်မှာ အများအားဖြင့် တောလက်ကျေးရွာတွေမှာ ပညာရေးအခွင့်အရေးဆုံးရှုံးနေတာကို တွေ့ရတယ်သို့သော် စီးပွားရေးအရ မပြည့်စုံသောကြောင့် ပညာသင်ကြားရေးမှာ အခွင့်အရေးဆုံးရှုံးနေတာ ကိုတွေ့ရတယ်” ဟု ဦးပိုးရယ်အောင်သိန်းက ပြောသည်။

ပညာရေးအခွင့်အရေးဆုံးရှုံးခြင်းဆိုသည်မှာ ကျောင်းပညာရေးအပြင် ၊ ယဉ်ကျေးမှု အသိပညာ ၊ ဘာသာရေးအသိပညာ ၊ လူမှုရေးအသိပညာ စသည့်အရာများလည်း ဆုံးရှုံးနေကြရသည်ဟု SR. Dominic Myo Than ကပြောသည်။

၎င်းက “ကလေးတွေ ပညာရေးတွေဆုံး ရှုံးတယ် ပညာရေးလို့ပြောတဲ့အခါမှာ ကျောင်းပညာရေးကိုပဲပြောတာမဟုတ်ဘူး ယဉ်ကျေးမှုနဲ့ ပတ်သက်တဲ့ အသိပညာရေး၊ ဘာသာရေးနဲ့ ဆိုင်တဲ့အသိပညာရေး၊ လူမှုရေးနဲ့ဆိုင်တဲ့ လူ့ကျင့်ဝတ်တွေ အများကြီးဆုံးရှုံးနေတယ်” ဟု ကပြောသည်။

အဘယ့်ကြောင့်ဆိုသော် မိဘများ သည် ကလေးများ ကျောင်းတက်သည့် အရွယ်တွင် စီးပွားရေးအဆင်မပြေသဖြင့် ခေါ်ထုတ်လိုက် သောကြောင့် ကလေးများစောစောစီးစီး အလုပ်ကြမ်းလုပ်လိုက်ရခြင်း ဖြစ်သည် ဟု သူကဆက်လက်ပြောသွားသည်။
ထိုသို့ အလုပ်ကျမ်းလုပ်ရခြင်းဖြင့် ၎င်းတာဝန်ကို မနိုင်သော်လည်း ထမ်းဆောင်ရသည့်အပြင် လုပ်အားမညီမျှမှုကိုလည်းတွေ့ရသဖြင့် ကလေးတော်တော်များများ သည် မခံချင်စိတ်တွေဖြစ်လာတာကိုလည်းတွေ့ရကြောင်းပြောသွားသည်။

အချို့သောမိဘများသည် သား သမီး များသဖြင့် ကျောင်းမထားပေးနိုင်သောအခါ ကလေးများသည် ကိုယ့်ထက် အငယ်ကို ထိန်းပေးရခြင်း ၊ ကျောင်းတက်ခဲ့သော်လည်း ကျောင်းပြန် ကလေးထိန်းရခြင်း ၊ လယ်ခြံ သွားရခြင်း စသည့် ပညာရေးပိုင်းတွင် စိတ်ဖိစီးမှု ကြုံတွေ့နေရသည်ဟု ဆွေးနွေးမှုမှ သိရရှိရပါသည်။

လမ်းဘေးရောက် ကလေးငယ်များကို ပညာသင်ကြားခွင့်ရရှိနိုင်ရေး ရပ်ကွက်တွင်သော် လည်းကောင်း၊ ဇရပ် ၊ ဓမ္မာရုံ ၊ စာသင်ဆောင် စသည့်နေရာတွင် အဟာရတိုက်ကျွေး စုစည်းခြင်းဖြင့် တတ်နိုင်သ၍ ပညာသင်ကြားပေးနိုင်ရန် မိဘာများနှင့်ကလေးများကို စည်းရုံးဟောပြောသွားမည်ဟု ဘာသာရေးခေါင်းဆောင်များက ပြောဆိုသွားကြသည်။

ဤလုပ်ငန်းသည် တည်မြဲသွားပြီဆိုပါက သက်ဆိုင်ရာ အစိုးရထံ တင်ပြသွားမည်ဟု ပြောသွားသည်။ ကလေးသူငယ်များပညာသင်ကြားခွင့်ရရှိရေးအတွက် ကလေးအခွင့်အရေးဥပဒေနှင့်အညီ သက်ဆိုင်ရာအစိုးဘက်မှလည်း တာဝန်ယူ ၊ တာဝန်ခံမှု ပြုလုပ်လာစေရန် ဆက်လက်တိုက်တွန်း သွားမည်ဟု သိရသည်။

ကယားပြည်နယ်အတွင်းရှိကလေးများဆိုင်ရာ အခွင့်အရေးများကို ဘာသာရေးခေါင်းဆောင်များက လက်တွေ့အခြေအနေမှန် သိရှိစေရန်လေ့လာသုံး သပ်နေကြစဉ်ဖြစ်သည်။

ထျိုးမြာ
Kantarawaddy Times
https://www.facebook.com/kantarawaddytimes
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment