ဖက်ဆစ်တော်လှန်ရေးနေ့ NLD ရုံးချုပ်မှာ ကျင်းပ


၂ဝ၁၅ ခုနှစ် မတ်လ ၂၇ ရက်နေ့က ၇ဝ ပြည့် ဖက်ဆစ်တော် လှန်ရေးနေ့ အခမ်းအနားကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က ရန်ကုန်မြို့မှာ ကျင်းပစဉ်။ Photo: Thiha Tun/RFA
ဒီနေ့ ကျရောက်တဲ့ နှစ်ပေါင်း ၇ဝ ပြည့် ဖက်ဆစ်တော် လှန်ရေးနေ့ အခမ်းအနားကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က ရန်ကုန်မြို့မှာ ကျင်းပခဲ့ပါတယ်။

‘တပ်မတော်နဲ့ပြည်သူ တစ်သားတည်းရှိမှသာ တိုင်းပြည် ငြိမ်းချမ်းမယ်၊ တိုးတက်မယ်’ လို့ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့စကားကို ဒီနေ့ ထုတ်ပြန်တဲ့ NLD ကြေငြာချက်မှာ ထည့်သွင်းထားပြီး ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးထွန်းထွန်းဟိန် က ဖတ်ကြားခဲ့ပါတယ်။

"နိုင်ငံတစ်နိုင်ငံအတွင်းမှာ ပြည်သူလူထုနဲ့ တပ်မတော်၊ တပ်မတော်နဲ့ ပြည်သူလူထု တစ်သားတည်းရှိမှသာလျှင် ငြိမ်းချမ်းမှုလည်း ရှိနိုင်မယ်၊ တိုးတက်မှုလည်း ရှိနိုင်မှာဖြစ်ပါတယ်၊ တကယ်တော့လည်း တပ်မတော်ဆိုတာ တခြားနိုင်ငံက အဖွဲ့အစည်းမှမဟုတ်ပဲ၊ ဒီနိုင်ငံထဲက အဖွဲ့ အစည်းပဲ၊ တစ်ခါတလေ တပ်မတော်နဲ့ပြည်သူကို ခွဲခြားပြီးပြောတာတွေဟာ ကျမနားမလည်နိုင်ပါဘူး၊ တပ်မတော်သားများဆိုတာ ပြည်သူလူထုထဲက ပေါက်ဖွားလာတာဖြစ်ပါတယ်၊ ပြည်သူလူထုနဲ့ တပ်မတော်ကို ခွဲခြားချင်တဲ့စိတ်ဓါတ်ဟာ အင်မတန်မှ ဆိုးဝါးတဲ့စိတ်ဓါတ်ဖြစ်ပါတယ်"

ဒါ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားပြည်သူတွေနဲ့ လက်တွဲပြီး တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် တပ်မတော်သားတွေ ပူးပေါင်းပါဝင်လာရေး စည်းရုံးအကောင်အထည်ဖော်သွားမယ်လို့ ကြေငြာချက်မှာပါရှိပါတယ်။

ဒီနေ့ အခမ်းအနားမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးနဲ့ နယ်ချဲ့ဖက်ဆစ်ကို တော်လှန်ခဲ့စဉ်က ကိုယ်တိုင်ပါဝင်ခဲ့တဲ့ ဝါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းတို့ မိန့်ခွန်းပြောပါတယ်။

NLD နာယက ဦးတင်ဦးက လွန်ခဲ့တဲ့ နှစ်ပေါင်း ၇ဝ က ဖက်ဆစ်ဂျပန်ကို အောင်မြင်စွာ တိုက်ထုတ်နိုင်ခဲ့တာဟာ တိုင်းရင်းသားပြည်သူအပေါင်းရဲ့ ညီညွတ်မှု၊ တပ်မတော်နဲ့ ပူးပေါင်းတော်လှန်မှုကြောင့်ဖြစ်တယ်လို့ ပြောပါတယ်။

ဒါကြောင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ဆောင်ရွက်နေချိန်မှာ အတိတ်ကအဖြစ်ဆိုးတွေကို အပြန်အလှန်လက်ညှိုးထိုးပြီး စိတ်ဝမ်းကွဲအောင်မလုပ်သင့်ဘူးလို့ ပြောပါတယ်။

ဒီနေ့ အခမ်းအနားမှာ ဖက်ဆစ်တော်လှန်ရေးနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းပြောတဲ့ပုံတွေ၊ စစ်ရေးပြအခမ်းအနား ကျင်းပတဲ့ပုံတွေကိုလည်း ပြသထားပြီး နိုင်ငံတကာသံရုံးတွေက သံတမန်တွေ ၊ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ တိုင်းရင်းသား ခေါင်းဆောင်တချို့ တက်ရောက်ခဲ့ပါတယ်။

ဒီနေ့ကျရောက်တဲ့ မတ်လ ၂၇ ရက်နေ့ကို တပ်မတော်နေ့လို့ ကျင်းပတာရှိနေသလို အတိုက်အခံနိုင်ငံရေးပါတီတွေ အင်အားစုတွေက ဖက်ဆစ်တော်လှန်ရေးနေ့အဖြစ် ကျင်းပကြပါတယ်။

RFA Burmese
http://www.rfa.org/burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment