စစ်တွေအဖွဲ့ စစ်ဘေးရှောင် ဒုက္ခသည်များအား ဆေးနှင့် စားနပ်ရိက္ခာများ ကူညီပေး


ရိက္ခာများအား စပါးဆိပ်ကျေးရွာတွင် ကူညီပေးနေစဉ် (ဓါတ်ပုံ- နိရဉ္စရာ)
စစ်တွေ၊ ဧပြီ ၂၈

 စစ်တွေမြို့ပေါ်ရှိ ရခိုင်လူမှုအဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားသော စစ်ဘေး ဒုက္ခသည်များ ကူညီ စောင့်ရှောက်ရေး ကော်မတီ (ယာယီ) မှ စစ်ဘေး ဒုက္ခသည်များ နေထိုင်လျက်ရှိသည့် ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် စပါးဆိပ်ကျေးရွာသို့ ဆေးနှင့် စားနပ်ရိက္ခာများကို ဧပြီလ ၂၆ ရက်နေ့က သွားရောက် ကူညီခဲ့ကြောင်း သိရသည်။

ထိုသို့ သွားရောက်ကူညီရာတွင် အရေးပေါ်အသုံးပြုရန် ဆေးဝါးတချို့နှင့် ဆန် အိတ် ၅၀၊ ငါးခြောက် ၂၁၀ ပိဿာ၊ ငါးပိ၊ ဆားနှင့် ငရုပ်သီးခြောက်တို့ ပါဝင်ကြောင်း သိရသည်။

စပါးဆိပ်ကျေးရွာသို့ ရွှေ့ပြောင်းလာသော စစ်ပြေးဒုက္ခသည်များမှာ အောင်လံချောင်း၊ ပင်လုံနှင့် ကုလားချောင်းကျေးရွာများမှဖြစ်ပြီး ဒုက္ခသည် ၄၀၇ ယောက်ရှိကြောင်း သွားရောက် ကူညီပေးသူ တစ်ဦးက ပြောသည်။

အောင်လံချောင်းကျေးရွာတွင် ဧပြီလ ၁၇ ရက်နေ့က မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်တို့ အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကျေးရွာအချို့ မီးရှို့ခံခဲ့ရသည်ဟု facebook စာမျက်နှာများတွင် ရေးသားဖေါ်ပြခဲ့ကြသော်လည်း နေအိမ်တစ်လုံးသာ လက်နက်ကြီးထိမှန်၍ ပျက်စီးသွားကြောင်း တပ်မတော် တာဝန်ရှိသူများက ပြောကြောင်း အကူအညီသွားပေးသူများက ဆိုသည်။

ယခုအခါ အဆိုပါနေရာများတွင် လုံခြုံမှုရှိပြီဟု ယူဆသဖြင့် ကုလားချောင်းနှင့် ပင်လုံမှ ကျေးရွာသားများကို ၄င်းတို့ကျေးရွာသို့ ဧပြီလ
၂၈ ရက်နေ့ သို့မဟုတ် ၂၉ နေ့တွင် ပြန်ပို့မည်ဟု တိုက်ပွဲဖြစ်ပွားရာ နယ်မြေတွင် ကြီးကြပ်နေသူ ဗျူဟာမှူး ဗိုလ်မှူးကြီးဝင်းသူကပြောကြားထားကြောင်း သိရသည်။

သို့ရာတွင် အောင်လံချောင်းကျေးရွာသားများကိုမူ သူတို့ဆန္ဒအရသာ ပြန်ပို့မည်ဟု သိရသည်။

ဧပြီလ ၁၇ ရက်နေ့က ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် အောင်လံချောင်း၊ ပင်လုံနှင့် ကုလားချောင်းကျေးရွာ ကျေးရွာသားများအပြင် ပျံကျလုပ်ကိုင်စားသောက်နေထိုင်ကြသော ပိန္နဲချောင်းမှ ကျေးရွာသားများကိုလည်း လုံခြုံရေးအတွက် မြန်မာ့တပ်မတော်မှ စပါးဆိပ်ကျေးရွာသို့ ရွှေ့ပြောင်းထားပြီဖြစ်ကြောင်း သိရသည်။

အခြေအနေ တည်ငြိမ်နေပြီဖြစ်သဖြင့် မိမိတို့ကျေးရွာကို ကြည့်ရှုရန် အောင်လံချောင်းကျေးရွာမှ ရွာသားအချို့နှင့် ပိန္နဲချောင်းမှ ရွာသားအချို့ ပြန်သွားကြမည်ဟု သိရသည်။
ရိက္ခာများအား စပါးဆိပ်ကျေးရွာတွင် ကူညီပေးနေစဉ် (ဓါတ်ပုံ- နိရဉ္စရာ)
တိုက်ပွဲဖြစ်ပွားခဲ့ရာ အောင်လံချောင်းကျေးရွာအနီးတ ၀ိုက်တွင် အခြေအနေမှာ ပုံမှန်အခြေအနေနီးပါး ရောက်ရှိနေပြီဖြစ်သော်လည်း ကျောက်တော်မြို့နှင့် ပီချောင်းတလျှောက်ရှိ ကျေးရွာများသို့ သွားလာခွင့်ကို မြန်မာ့တပ်မတော်မှ ပိတ်ပင်ထားသဖြင့် ကျေးရွာတချို့တွင် ရိက္ခာများပြတ်လပ်နေပြီး ရွာသားများဒုက္ခရောက်နေကြောင်း သွားရောက်ကူညီသူများထံမှ တဆင့်သိရသည်။

ယင်းအပြင် တချို့ကျေးရွာများတွင် လူငယ်များကို မြန်မာ့တပ်မတော်မှ ၀င်ရောက်ဖမ်းဆီးပြီး ရခိုင်တပ်မတော်နှင့် ပတ်သက်မှုရှိ/မရှိ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေသည်ဟု သတင်းများထွက်ပေါ်နေပြီး ကျေးရွာသားများအနေဖြင့် ကြောက်ရွံ့စိုးရိမ်နေကြရသည်ဟု သိရသည်။

ဧပြီလ ၁၇ ရက်နေ့ မြန်မာ့တပ်မတော်နှင့် ရခိုင်တပ်မတော်တို့အကြား တိုက်ပွဲဖြစ်ပွားပြီး စပါးဆိပ်ကျေးရွာသို့ ထွက်ပြေးလာကြသော စစ်ဘေးဒုက္ခသည်များထံသို့ အပြင်ပမှ အကူအညီပေးမှုကို တပ်မတော်က အစပိုင်းတွင် ပိတ်ပင်ထားခဲ့သော်လည်း ဧပြီလ ၂၅ ရက်နေ့က ကျောက်တော်မှ အဖွဲ့တစ်ဖွဲ့ကို ခွင့်ပြုခဲ့ပြီး ယခုအကြိမ်နှင့်ဆိုလျှင် ဒုတိယအကြိမ် ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

စံမောင်သန်း / နိရဉ္စရာ
http://www.narinjara.com/burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment