တက်ကြွလှုပ်ရှားသူတွေကို ထောင် ဒဏ်တွေ ဆက်လက်ချမှတ်


တရုတ်သံရုံးရှေ့အထိ လမ်းလျှောက်ဆန္ဒပြခဲ့ကြတဲ့ ကိုနေမျိုးဇင်အပါအဝင် ဆန္ဒပြခေါင်းဆောင်တွေကို ဇူလိုင်လ ၁ဝ ရက်နေ့က လသာမြို့နယ်တရားရုံးမှာ အမိန့်ချမှတ်စဉ် Photo: Aung Thain Kha/RFA
 လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ပဋိပက္ခကြောင့် တောင်သူဒေါ်ခင်ဝင်းသေဆုံးမှု အမှုမှန်ပေါ်ပေါက်ဖို့ အတွက် တရုတ်သံရုံးရှေ့အထိ လမ်းလျှောက်ဆန္ဒပြခဲ့ကြတဲ့ ကိုနေမျိုးဇင်၊ ဒေါ်နော်အုံးလှ၊ ကိုသန်းဆွေ၊ ကိုတင်ထွဋ်ပိုင်နဲ့ ဦးဘမြင့်တို့ကို လသာမြို့နယ်တရားရုံးက တရားမဝင်စီတန်းလှည့်လည်မှု ပုဒ်မ ၁၈ နဲ့ ထောင်ဒဏ် ၄ လစီ ချမှတ်လိုက်ပါတယ်။

ရန်ကုန်မြို့တော်ခန်းမရှေ့ကနေ တရုတ်သံရုံးရှေ့အထိ ချီတက်ရာမှာ ဖြတ်သန်းခဲ့တဲ့ မြို့နယ် ၆ ခုက တရားစွဲ ထားတာတွေကို အမိန့်ချတာဖြစ်တယ်လို့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်က ပြောပါတယ်။

"သူတို့ကလည်း ကြမ်းခင်းဈေးလိုဖြစ်နေတယ်၊ တခြားတရားရုံးတွေ မြို့နယ်တရားရုံးတွေ ၄ လချရင် သူလည်း ၄ လချရမှာပေါ့၊ တရားသူကြီးဆိုတာ အရိပ်အကဲနဲ့အထက်လူကြီး မျက်နှာရိပ်ကိုကြည့်ပြီးချနေရတဲ့အခြေအနေ၊ အုပ်ချုပ်ရေးမဏ္ဍိုင်အောက်ကနေ မလူးသာမလွန့်သာနဲ့ သူတို့အသက်မွေဝမ်းကြောင်းနဲ့ တရားရေး ဝန်းထမ်းတွေဆိုတာ အမည်ခံထားရတဲ့ကာလဆိုတော့ အခုလိုအမိန့်ချလိုက်တာကို ကျနော်တို့က ဘာမှမပြော လိုပါဘူး၊ အခုလောလောဆယ်တော့ ရှေ့တစ်ပတ်မှာဆိုရင်တော့ နှစ်ရုံးကျန်သေးတာပေါ့၊ ကျန်တာတွေ ကတော့ အမှုဖွင့်မယ်လို့ပဲ ပြောထားတာတွေရှိတယ်၊ ရှေ့တစ်ပတ် ၁၆ ရက်နေ့ကို ကျနော်တို့က အလုံ၊ ၂ဝ ရက်နေ့ကို ကျောက်တံတား"

သူတို့ ဆန္ဒပြတဲ့အချိန်မှာ ဖြတ်သန်းခဲ့တဲ့ လသာ၊ ဒဂုံ၊ ကျောက်တံတား၊ လမ်းမတော်၊ အလုံနဲ့ ပန်းပဲတန်းမြို့နယ် ရဲစခန်းတွေက တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ အဲ့ဒီမြို့နယ် ၆ မြို့နယ်ထဲက ဒီနေ့အထိ ၄ မြို့နယ်က အမိန့်ချပြီးဖြစ်ရာ တစ်ယောက်ကို တစ်နှစ်နဲ့ ၄ လစီ ကျခံရမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီအတောအတွင်း လက်ပံတန်းမြို့ ကျောင်းသားသပိတ်စစ်ကြောင်းကို အကြမ်းမဖက်ဖို့အတွက် ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့က မိတ္ထီလာမြို့မှာ ဝတ်ပြုဆုတောင်းခဲ့တဲ့ ဒေါ်မြင့်မြင့်အေး အပါအဝင် ၃ ယောက်ကို မိတ္ထီလာမြို့နယ် တရားရုံးက တရားမဝင်စီတန်းလှည့်လည်မှုဆိုင်ရာ ပုဒ်မ ၁၈ နဲ့ ထောင်ဒဏ် ၄ လစီ ဒီနေ့ ချမှတ်လိုက်ပါတယ်။

အမိန့်ချခံရသူတွေရဲ့ မိသားစုဝင်တွေကို မြို့နယ်တရားရုံးထဲ ဝင်ခွင့်မပေးပဲ အမိန့်ချလိုက်တာဖြစ်တယ်လို့ တရားရုံးချိန်းကို သွားရောက်ခဲ့တဲ့ လယ်သမားအရေးကူညီသူ ဘိုကလေးမြို့က ဦးအောင်မြင့်က ပြောပါတယ်။

"ဒီနေ့အခြေအနေဆိုလို့ရှိရင် တရားရုံးကို ရဲစခန်းကိုဝင်ကြောင်း အသိပေးပို့ထားပြီးတော့ နောက်အမှုတွေကို ကြားနာခွင့်မပေးဘူးပေါ့နော်၊ နံနက် ၁ဝ နာရီခွဲလောက်မှာ အရှေ့ပေါက်ကနေမဝင်ပဲ ဘေးပေါက်ကနေ တိတ်တဆိတ်သွင်းပြီးတော့ နာရီဝက်လောက် သူတို့အကျဉ်းချုံ့စစ်ပြီးတော့ ၁၁ နာရီလောက်မှာ သူတို့အမိန့် ချလိုက်တယ်"

မိတ္ထီလာမြို့နယ် ပြည်သူ့အကျိုးဆောင်ကွန်ရက်က ဒေါ်မြင့်မြင့်အေး၊ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းက ဒေါ်မေသက်ဦးနဲ့ မိတ္ထီလာခရိုင် အန်အယ်လ်ဒီ ပြန်ကြားရေးတာဝန်ခံ ဒေါ်ခင်မေစီတို့ကို ထောင်ဒဏ် ၄ လစီ ချမှတ်လိုက်တာဖြစ်ပါတယ်။

သူတို့ ၃ ဦး ခေါင်းဆောင်ပြီး မြို့ခံ ၃ဝ လောက်ဟာ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ပေးဖို့ ဆန္ဒပြခဲ့ကြတဲ့ လက်ပံတန်းမြို့က ကျောင်းသား သပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွင်းမခံရဖို့အတွက် မိတ္တီလာမြို့က ရေလယ် ဘုရားမှာ ဆုတောင်းခဲ့ကြတာဖြစ်ပါတယ်။ ဒေါ်မြင့်မြင့်အေးဟာ ဝမ်းတွင်းမြို့နယ်က လယ်ယာမြေသိမ်းဆည်း ခံရမှုအတွက် ကူညီဆောင်ရွက်ပေးခဲ့တာကြောင့် ထောင်ဒဏ် ၂ လ ချမှတ်ခံထားရသူလည်း ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment