ကိုယ့်ကိုယ်ကိုယ် ယောက်ျား သိပ်မပီသဟု ထင်နေသူများ၊ အခြားသူများကလည်း ထိုသို့ထင်နေမည်လား စိုးရိမ်ကာ စိတ်ဖိစီးနေသူများသည် သူများ အထင်မသေးရအောင် တမင်ကြံဖန်ပြီး ကျားကျားလျားလျား နေပြရခြင်း အကျိုးဆက်အဖြစ် အကြမ်းပတမ်း လုပ်မိနိုင်ခြေလည်း ပိုများလာရကြောင်း လေ့လာမှု စစ်တမ်းတစ်ရပ်က ဆိုလိုက်သည်။
ကိုယ်ယောက်ျားဆိုတာ သူများတွေ သံသယမဖြစ်ဘူးဟု စိတ်ချယုံကြည်ထား သူများကား အေးအေးလူလူသာ ရှိကြချိန်တွင် ယောက်ျားမှန်း သိအောင် တမင် ကိုယ်ရေးပြနေရသူများကား အသေးအဖွဲလေးကိုပင် အကြမ်းပတမ်း တုံ့ပြန်မိနိုင်ခြေ ပိုများတတ်ကြောင်း အမေရိကန် သုသေတီများက ဆိုလိုက်သည်။
အမေရိကန်နိုင်ငံ အတ္တလ္တာမြို့ရှိ အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေး အဖွဲ့ကြီး (CDC)မှ ဒေါက်တာ ဒဲနစ်ရွိုင်ဒီနှင့် အဖွဲ့က သုတေသန ပြုထားခြင်း ဖြစ်သည်။
“အဓိကက စိတ်ဖိစီးမှုပေါ့။ ကိုယ့်ကို ယောက်ျားမပီသဘူးလို့ တခြားလူတွေ ထင်မှာကြောက်တဲ့ စိတ်ဖိစီးမှုကြောင့် မလိုအပ်ပါဘဲ ကြမ်းပြတာမျိုးတွေ လုပ်မိတတ်တယ်”ဟု ဒေါက်တာ ရွိုင်ဒီက ဆိုသည်။
လေ့လာ တွေ့ရှိချက်များကို injury Prevention ဂျာနယ်တွင် ထည့်သွင်း ဖော်ပြထားသည်။ အသက်(၁၈)မှ (၅၀) ကြား အမျိုးသား (၆၀၀)ကို အွန်လိုင်းက တစ်ဆင့် မိမိ၏ ယောက်ျားဘ၀အပေါ် စိတ်ကျေနပ်မှုနှုန်းနှင့် အကြမ်းပတမ်း ပြုမူမိနှုန်းများကို ပေါ်လွင်အောင် မေးခွန်းများ မေးသည်။ ကိုယ့်ကို ယောက်ျားမပီသဟု သူများတွေထင်မှာ တွေးကြောက်ပြီး စိတ်ဖိစီးနှုန်းကိုလည်း အကဲဖြတ် အဆင့်သတ် မှတ်သည်။
ထိုအခါ ကိုယ့်ကိုယောက်ျား မပီသဟု အများက ထင်မှာတွေးကြောက်ကာ စိတ်ဖိစီးနေသူများသည် ပုံမှန်အမျိုးသားများထက် အကြမ်းပတမ်း လုပ်နိုင်ခြေ (၃၄၈)ရာခိုင်နှုန်းထိ ပိုများကြောင်း တွေ့ရှိခဲ့ရသည်။
Source: Reuters
The Messenger
0 comments:
Post a Comment