ပါရဂူဘွဲ့ယူကျမ်း ပြုစုစဉ်တုန်းက အခြားကျမ်းများမှ ခိုးချထားသည်ဟူသော စွဲချက်များ ထွက်နေခြင်းကို ဂျာမနီကာကွယ်ရေးဝန်ကြီး အာဆူလာဗန်ဒါ လီယန်က ငြင်းဆိုလိုက်သည်။
မစ္စဗန်ဒါလီယန်၏ ၁၉၉၀ ပြည့်နှစ်က ပါရဂူဘွဲ့ယူကျမ်းစာ မျက်နှာ(၆၉) မျက်နှာအနက် (၂၇) မျက်နှာတွင် ခိုးချထားသည့် အကြောင်းအရာများ တွေ့ရကြောင်း ဘွဲ့ယူကျမ်းခိုးချမှု စောင့်ကြည့် ဖော်ထုတ်ရေး ၀ဘ်ဆိုက် VroniPlag Wiki တွင် ဖော်ပြထားမှုကြောင့် ၀န်ကြီးက အထက်ပါအတိုင်း ငြင်းလိုက်ခြင်း ဖြစ်သည်။ သူဘွဲ့ယူခဲ့သော ဟာနိုဗာဆေး တက္ကသိုလ်ကိုလည်း ဆက်သွယ်ထားပြီး သူ့ကျမ်းကို ထပ်မံစစ်ဆေး အကဲဖြတ်ကာ ခိုးချထားသည့် လက်ရာမျိုး ပါမပါ အတည်ပြုပေးဖို့လည်း မစ္စဗန်ဒါလီယန်က တောင်းဆိုထားသည်။
မစ္စဗန်ဒါလီယန်သည် ၁၉၈၇ ခုနှစ်တွင် ဆရာဝန်ဘွဲ့ ရရှိခဲ့ပြီး ၁၉၉၁ တွင် ပါရဂူဘွဲ့ ရရှိခဲ့သည်။ သားဖွားမီးယပ် ဆရာဝန်အဖြစ် စတင် လုပ်ကိုင်ခဲ့ပြီးနောက် ပြည်သူ့ ကျန်းမာရေးအရာရှိ အဖြစ်လည်း တာဝန် ထမ်းဆောင်ခဲ့သည်။ ကလေး ခုနစ်ယောက် မိခင်ဖြစ်သည်။ ဂျာမနီ အဓိပတိ အန်ဂျလာမာကယ်၏ အစိုးရအဖွဲ့တွင် ၂၀၀၅ ခုနှစ်က သမ္မတရုံးဝန်ကြီးအဖြစ် ခန့်အပ်ခံရပြီး၊ ၂၀၁၃ ခုနှစ်က စတင်ကာ ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရသည်။
၂၀၁၁ ခုနှစ်ကလည်း ထိုစဉ်က ဂျာမနီ ကာကွယ်ရေး ၀န်ကြီး ကားလ်-သီယိုဒိုဇူဂူ တင်ဘတ်သည် ဘွဲ့ယူကျမ်းတင်ရာတွင် အတော်များများကို ကူးချထားကြောင်း ပေါ်ပေါက်လာသဖြင့် ရာထူး နုတ်ထွက်ခဲ့ရဖူးသည်။ ၂၀၁၃ ခုနှစ်ကလည်း ပညာရေးဝန်ကြီး အနီတာချာဗန်ကို သူဘွဲ့ယူခဲ့ရာ တက္ကသိုလ်က ဘွဲ့ပြန်သိမ်းလိုက်သဖြင့် ရာထူးမှ နုတ်ထွက် ခဲ့ရဖူးသေးသည်။
Source: AFP
The Messenger
0 comments:
Post a Comment