Syriza ပါတီခေါင်းဆောင် Alexis Tsipras အောင်ပွဲခံနေစဉ် (Credit: Reuters) |
ဂရိနိုင်ငံမှာ အသုံးစရိတ် လျှော့ချမှာ မဟုတ်ဘူးလို့ ပြောဆိုလို့ ပထမအကြိမ် ရွေးကောက်ခံခဲ့ရတဲ့ Alexis Tsipras ဟာ အရင်လတုန်းကပဲ ကြွေးမြီရှင်တွေက အသုံးစရိတ် လျှော့ချခိုင်းတာကို သဘောတူခဲ့ပါတယ်။
အဲဒါကြောင့် ကတိပျက်ခဲ့တဲ့ ခေါင်းဆောင်ကို နောက်တစ်ကြိမ် ရွေးချယ်မှာ မဟုတ်ဘူးလို့ ထင်ကြေးပေးခဲ့ကြပေမယ့် Alexis Tsipras ဦးဆောင်တဲ့ ပါတီက ပြန်လည် အရွေးခံရတာ ဖြစ်ပါတယ်။
ဒါဟာ ၆ နှစ်အတွင်း ဂရိနိုင်ငံမှာ ပဉ္စမမြောက် ရွေးကောက်ပွဲ ကျင်းပခြင်းဖြစ်ပြီး Alexis Tispras ကတော့ သက်တမ်းစေ့ တာဝန်ထမ်းဆောင်ခွင့် ရလိမ့်မယ်လို့ ထင်ကြေးပေးနေကြပါတယ်။
Alexis Tsipras ကတော့ ဂရိနိုင်ငံမှာ တည်ငြိမ်မှု ရှိအောင် လုပ်ပေးမယ်လို့ ကတိပေးလိုက်ပါတယ်။ ဥရောပတိုက်မှာ ဆိုရင်လည်း ဂရိနိုင်ငံနဲ့ ဂရိပြည်သူတွေဟာ ခံနိုင်ရည် ရှိတဲ့လူတွေ၊ ဂုဏ်သိက္ခာနဲ့ နေတဲ့လူတွေလို့ မြင်ကြပြီး အခက်အခဲတွေကြားမှာ လေးနှစ်လောက် အတူတကွ ဆက်လျှောက်ကြမယ့် လူတွေ ဖြစ်တယ်လို့ ပြောပါတယ်။
ဂရိနိုင်ငံရဲ့ အခက်အခဲတွေကို မှော်ပညာနဲ့ ကောင်းမွန်လာအောင် မလုပ်နိုင်ပေမယ့် ကြိုးစား ရုန်းကန်မှုတွေနဲ့ ကောင်းမွန်လာအောင် လုပ်နိုင်မယ်လို့လည်း ပြောလိုက်ပါတယ်။
ဂရိနိုင်ငံရဲ့ ကြွေးမြီတွေကို ကူညီဖို့ လာမယ့် လမှာ ဆွေးနွေးဖို့ ရှိပြီး ဂရိအစိုးရကတော့ သူတို့ တတ်နိုင်သလောက် လိုက်လျောမှုတွေ လုပ်ခဲ့ပြီဆိုတာကို ပြောဆိုမယ့် အနေအထား ရှိနေပါတယ်။
အကြွေးကိစ္စကို ဆက်လက်ဖြေရှင်းရမှာ ဖြစ်သလို ဂရိအစိုးရအနေနဲ့ ဥရောပတိုက်ထဲ ဝင်လာနေတဲ့ ခိုလှုံခွင့် တောင်းလိုသူတွေရဲ့ အရေးကိုလည်း ဖြေရှင်းရမှာ ဖြစ်ပါတယ်။
ခိုလှုံခွင့် တောင်းလိုသူတွေက ချမ်းသာတဲ့ ဂျာမနီနိုင်ငံလို နိုင်ငံမျိုးကို ပိုသွားချင်ပေမယ့် ဂရိနိုင်ငံကိုတော့ တထောက်နားတဲ့နေရာအဖြစ် အရင်ဦးဆုံး ရောက်လာနေကြတာ ဖြစ်ပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
0 comments:
Post a Comment