ငါးမျှားချိတ်တပ်ထားသည့် ဖုန်းဘီလ်ပရိုမိုးရှင်းများ



‘‘သီတင်းကျွတ်မှာ ချစ်ခင်ရသူတွေနဲ့ ဆက်သွယ်နိုင်ဖို့ အခုပဲ ကြိုက်သလောက်ဖုန်းငွေဖြည့်ပြီး ၅၀ ရာခိုင်နှုန်း ငွေဖြည့်အပိုလက်ဆောင်ကို ရယူလိုက်ပါ။ အောက်တိုဘာ ၁ ရက်က ၃၁ ရက်အထိပဲရမှာမို့မြန်မြန်လေး ငွေဖြည့်လိုက်ကြရအောင်’’


ဆက်သွယ်ရေးအော်ပရေတာ တစ်ခုမှ ၎င်းတို့၏ မိုဘိုင်းဘီလ်ပရိုမိုးရှင်းရရှိမည့် အစီအစဉ်တစ်ခုကို ကြေညာထားခြင်းဖြစ်ပြီး ၎င်းတို့၏ ပရိုမိုးရှင်းအစီအစဉ် အသုံးပြုလိုပါက သတ်မှတ်ကာလ အတွင်း အမြန်ဆုံးငွေဖြည့်ရန်လိုအပ်ကြောင်း တိုက်တွန်းထား သည်။

သို့သော် အဆိုပါပရိုမိုးရှင်း အစီအစဉ်တွင် ကန့်သတ်ချက်များ ပါဝင်ပြီး သတ်မှတ်ကာလအတွင်း ဖုန်းဘီလ်ဖြည့်သွင်းသူများကို အပိုထပ်ဆောင်းအနေဖြင့် ၅၀ ရာခိုင်နှုန်းပေးမည်ဖြစ်သော်လည်း ၂၄ နာရီအတွင်း ကုန်အောင်သုံးရန် လိုအပ်ပြီး ၂၄ နာရီ ကျော်ပါက အပိုထပ်ဆောင်းငွေ အသုံးပြုခွင့်ရ တော့မည်မဟုတ်ကြောင်း စည်းမျဉ်းသတ်မှတ်ထားသည်။

ထို့အပြင် အပိုထပ်ဆောင်းရရှိသည့်ငွေကို အခြားတစ်ယောက်ထံသို့ ဖုန်းဘီလ်အနေဖြင့် လွှဲပြောင်းခွင့်မရှိခြင်း၊ အင်တာနက် Package နှင့်အခြားသော Value Added Service ၀န်ဆောင်မှုများ ဖြစ်သည့် Ringtone နှင့် ဗေဒင်ကဲ့သို့ ၀န်ဆောင်မှုများကို ၀ယ်ယူအသုံးပြုနိုင်မည်မဟုတ်ပေ။

‘‘နားလှည့်ပါးရိုက်လုပ်တယ်လို့ပဲ ပြောရမလားမသိဘူး။ ဘောနပ်စ်ကတော့ ၅၀ ရာခိုင်နှုန်းအထိ ပေးထားပေမယ့် များများသုံးချင်လို့ ဘီလ်တစ်သောင်းလောက် ထည့်ထားတဲ့သူတွေအတွက်ကျတော့ ဘောနပ်စ်ငါးထောင်ကို ၂၄ နာရီအတွင်း ကုန်အောင်သုံးဖို့ဆိုတာ မလွယ်ဘူးလေ။ သူပေးတဲ့ငွေ ကို ကုန်အောင်သုံးဖို့ပေးထားတဲ့အ ချိန်က နည်းနေတယ်’’ဟု ဘလော့ဂါကိုအောင်ကျော်ခိုင်က ပြောသည်။ ဆက်သွယ်ရေးဈေးကွက် အတွင်း မိုဘိုင်းအော်ပရေတာများ အပြိုင်ဝန်ဆောင်မှု ပြုလုပ်လာ သည့်နောက်ပိုင်း အသုံးပြုသူ များအား ဆွဲဆောင်သည့်အနေဖြင့် ပရိုမိုးရှင်း အစီအစဉ်များ မကြာ ခဏ ပြုလုပ်လာကြသည်။

ပရိုမိုးရှင်းအစီအစဉ်များသည် မိုဘိုင်းဖုန်း အသုံးပြုသူများအား ဖုန်းပြောဆိုခြင်း၊ အင်တာနက်အသုံးပြုခြင်း စသည့်ဆက်သွယ်ရေး ၀န်ဆောင်မှုများကို ဈေးနှုန်းသက်သာစွာဖြင့် အသုံးပြုနိုင် ရန် ကာလတစ်ခုသတ်မှတ်ကာ အပိုထပ်ဆောင်းပေးခြင်းဖြစ်သည်။

ပရိုမိုးရှင်း အစီအစဉ်များသည် မိုဘိုင်းဖုန်းအသုံးပြုသူများ အား ဈေးနှုန်းသက်သာသော ၀န် ဆောင်မှုများ အသုံးပြုနိုင်မည်ဖြစ်ပြီး တစ်ဖက်တွင် အော်ပရေတာ များအနေဖြင့် ၎င်းတို့၏ ၀န်ဆောင်မှုများကို အသုံးပြုသူများပြားလာ မည်ဖြစ်ကာအခြားအော်ပရတော များနှင့်အပြိုင် ဈေးကွက်ဝေစု ပို၍ ရရှိလာရန် အသုံးပြုလာသည့် ကိရိယာတစ်ခုဖြစ်လာသည်။

မိုဘိုင်းဖုန်းသုံးစွဲသူများသို့ MPT မှ ပေးပို့သည့် ဆွေသဟာပရိုမိုးရှင်းမက်ဆေ့ခ်ျ/ဓာတ်ပုံ − နစ်ကီ

ထို့ကြောင့် ဆက်သွယ်ရေး အော်ပရေတာများအနေဖြင့် ၎င်း တို့၏ အဓိကရောင်းကုန်များဖြစ်သည့် ငွေဖြည့်ကတ်များကို အသုံး ပြုသူများထံပို၍ ရောက်ရှိရန်နှင့် မိုဘိုင်းဖုန်းသုံးစွဲသူအများအပြားကို ၀န်ဆောင်မှုများဖြင့် စိတ်ဝင်စားစွာ အသုံးပြုလာစေရန် ပရိုမိုးရှင်းအစီအစဉ်များ အပြိုင်ပြုလုပ်လာကြသည်။

အထူးသဖြင့် ယခုလပိုင်းအတွင်း အော်ပရေတာများက ပေးလာသည့် ပရိုမိုးရှင်းအစီအစဉ်များ တွင် အသုံးပြုသူများအတွက် အကျိုးရှိစေသည်များရှိခဲ့သော်လည်း ၎င်းတို့လိုချင်သည့် သုံးစွဲသူအရေအတွက်မြင့်တက်လာစေရန် ဖုန်းအသုံးပြုမှုနှုန်းနှင့် ငွေဖြည့်ကတ် ရောင်းအားမြင့်တက်လာစေရန် ပို၍ ဦးစားပေးလုပ်ဆောင်လာ သည်ကို တွေ့ရကြောင်း အိုင်တီပညာရှင်များနှင့်လုပ်ငန်းရှင်အချို့ က သုံးသပ်သည်။

‘‘ပရုမိုးရှင်းအများစုမှာ အော် ပရေတာတွေက သူတို့လိုချင်တဲ့ ပုံစံထဲကို သုံးစွဲသူတွေရောက်လာ အောင် လမ်းကြောင်းပေးတဲ့အနေ နဲ့ လုပ်ကြတာပိုများတယ်။ သူတို့ လိုချင်တဲ့ သုံးစွဲသူအရေအတွက်၊ အမြတ်ငွေပမာဏကို ပြည့်မီစေဖို့ အတွက် အသုံးပြုသူတွေကို မောင်းသွင်းသလိုဖြစ်နေတယ်’’ဟု လူကြီးမင်းဖုန်းဆိုင်နှင့်စီးပွားရေး လုပ်ငန်းစု မန်နေဂျင်းဒါရိုက်တာ ဦးပြည်စိုးထွန်းက သုံးသပ်သည်။

ဥပမာအနေဖြင့် အောက်တိုဘာ ၁ ရက်မှ စတင်၍ ပြုလုပ် လိုက်သည့် ပရိုမိုးရှင်းအစီအစဉ် တွင် အူရီးဒူး၏ ဖုန်းဘီလ်ဖြည့်သွင်းပါက ၅၀ ရာခိုင်နှုန်းအပိုထပ် ဆောင်း ရရှိမည်ဖြစ်၍ သတ်မှတ် ကာလအတွင်း ဖုန်းဘီလ်များများ မြန်မြန်ဖြည့်သွင်းကြရန် တိုက်တွန်းထားသော်လည်း အသုံးပြုခွင့် ကာလကို ၂၄ နာရီသာ ပေးထား သည်။

ထို့အပြင် MPT အနေဖြင့် ၎င်းတို့၏ မိုဘိုင်းဖုန်းသုံးစွဲသူများ ကို ဆွေသဟာသို့ ပြောင်းလဲအသုံး ပြုလာစေရန် ပရိုမိုးရှင်းအစီအစဉ်သစ်များပေးသည့်အခါတွင် ဆွေသဟာအသုံးမပြုသူများ ခံစားခွင့် ရှိမည်မဟုတ်ဘဲ ပရိုမိုးရှင်းနှင့် ဈေးနှုန်းသက်သာသော ၀န် ဆောင်မှုသစ်များကို အသုံးပြုလို ပါက ဆွေသဟာကို ပြောင်းလဲ အသုံးပြုကြရန် လိုအပ်ကြောင်း ထုတ်ပြန်ထားသည်။

‘‘စီးပွားရေးတိုးတက်ဖို့အတွက် လိုချင်တဲ့ပုံစံကိုအတင်းတွန်း ပို့တဲ့ ပရိုမိုးရှင်းတွေ ပြုလုပ်တာ ထက်၊ သုံးစွဲသူတွေကို ထိုက်သင့် တဲ့အကျိုးခံစားခွင့်ရစေပြီး အကျိုး အမြတ်ပြန်ရတဲ့ ပရိုမိုးရှင်းတွေကို ပိုပြီး လုပ်သင့်ပါတယ်။ အခုလုပ် နေတဲ့ ပရိုမိုးရှင်းတွေက ကန့်သတ် ချက်တွေများပြီး အော်ပရေတာတွေအတွက် ပိုအကျိုးရှိစေသလား လို့ ထင်ရပါတယ်’’ဟု ဦးပြည်စိုး ထွန်းက သုံးသပ်သည်။

လက်ရှိတွင် ဆက်သွယ်ရေး အော်ပရေတာများက ပေးနေသည့် ပရိုမိုးရှင်းအစီအစဉ်များ၌ ကန့်သတ်ချက်အများအပြားပါဝင်နေပြီး ပရိုမိုးရှင်းကာလ တိုတောင်း ခြင်း၊ ပရိုမိုးရှင်းအစီအစဉ်ကို လူ သုံးများသည့်အချိန်များတွင် အ သုံးပြုခွင့်မရှိခြင်း၊ ဖုန်းခေါ်ဆိုခြင်း နှင့် အင်တာနက်အသုံးပြုသည့် ၀န်ဆောင်မှုတို့ အတွက်သာ အဓိက အသုံးပြုခွင့်ရှိခြင်း စသည်တို့အပြင် ပရိုမိုးရှင်းအပေါ် မူတည်၍ ကန့်သတ်ချက်များ ထည့်သွင်း ထားသည်။

ပရိုမိုးရှင်းအစီအစဉ်များ ပြု လုပ်သည့်အခါတွင် ပါဝင်သည့် ကန့်သတ်ချက် စည်းမျဉ်းများထုတ်ပြန်သည့်အခါ၌ သုံးစွဲသူများနား လည်လွယ်စေမည့် ပုံစံဖြင့် အသုံး ပြုသူများထံသို့ပေးပို့သင့်ပြီး လက်တလောတွင် ပရိုမိုးရှင်းပေးနေသည့် အစီအစဉ်အချို့မှာ ရှုပ်ထွေးမှုရှိနေ၍ အကျိုးရှိစွာ မသုံးနိုင်သည့်အခြေအနေများ ရှိနေသည်။

‘‘ဖုန်းသုံးတဲ့သူအများစုက ၅၀ ရာခိုင်နှုန်းပရိုမိုးရှင်းပေးတယ်ဆိုရင် အလွယ်တကူပဲ ဘီလ်ဝယ် ပြီး ဖြည့်လိုက်တာပဲ။ အထဲက စည်းကမ်းတွေကိုတော့ သိပ်မသိ ကြဘူး။ အသုံးပြုသူတွေအတွက် တကယ်အကျိုးရှိအောင်၊ နားလည်အောင် သေချာရှင်းပြပေးသင့်ပါတယ်’’ဟု ဘလော့ဂါ ကိုအောင်ကျော်ခိုင်က ပြောသည်။

မြန်မာနိုင်ငံ၌ လက်ရှိပြုလုပ် နေသော ပရိုမိုးရှင်းအစီအစဉ်များ သည် နိုင်ငံတကာတွင် အလားတူ ပြုလုပ်နေသည့် ပုံစံများဖြစ်ပြီး ကွာခြားမှုမှာ ပရိုမိုးရှင်းအစီအစဉ်များကို အသုံးပြုသူများအကျိုးရှိ စွာ အသုံးပြုနိုင်စေရန် ကန့်သတ်ချက်ကို အနည်းငယ်သာထားရှိ ပေးပြီး အော်ပရေတာနှင့်အသုံးပြုသူနှစ်ဖက်စလုံး၌ အကျိုးရှိစေမည့် ပုံစံမျိုးဖြင့် ဆောင်ရွက်လေ့ရှိ ကြောင်း ဦးပြည်စိုးထွန်းက ဆို သည်။

‘‘အခုတစ်လောပေးနေတဲ့ ပရိုမိုးရှင်းအစီအစဉ်တွေက ဘောနပ်စ်သာပေးတာ သိပ်မထိရောက်ဘူး။ အူရီးဒူးဆိုရင် ၅၀ ရာခိုင်နှုန်း ဘောနပ်စ်ပေးထားပေမယ့် ၂၄ နာရီပဲဆိုတော့ အဆင်မပြေဘူး။ ပြီးတော့ MPTဆိုရင်လည်း လူသုံး များတဲ့အချိန်တွေမှာ ပရိုမိုးရှင်းကို သုံးစွဲခွင့်ပေးမထားဘူး။ ပြီးတော့ အဲဒါကို ဆွေသဟာသုံးမှပဲ သုံးလို့ ရတယ်’’ဟု မိုဘိုင်းဖုန်းအသုံးပြုသူကိုအောင်ပိုင်က ပြောသည်။

‘‘ပရိုမိုးရှင်းအစီအစဉ်တိုင်းမှာ ကန့်သတ်ချက်စည်းမျဉ်းတွေ ရှိတဲ့အတွက် အဲဒါတွေကို သုံးမယ်ဆိုရင် သေချာလေ့လာပြီးမှ သုံးစေချင်ပါတယ်။ ဘာအတွက်ပေးတယ်ဆိုတာကို နားလည်အောင် အရင်လုပ်ပြီးမှ ကိုယ့်အတွက် အကျိုးရှိစေမယ့် ပရိုမိုးရှင်းတွေကို ရွေးချယ်အသုံးပြုမယ်ဆိုရင် ပိုပြီး အဆင်ပြေနိုင်ပါတယ်’’ဟု ရန်ကုန်တိုင်း ကွန်ပျူတာပညာရှင်အသင်း အသင်းချုပ်မှ ဦးမင်းဦးက ပြောသည်။

7day daily
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment