စောင့်ကြည့်ရေး အဖွဲ့များက မဲရုံမဖွင့်နိုင် ခဲ့သည့်နေရာ နှင့်တပ်တွင်း အလေးထား စောင့်ကြည့်မည်


 ကယားပြည်နယ်တွင် ရွေးကောက်ပွဲလေ့လာစောင့်ကြည့်မည့် လူထုအခြေပြု အဖွဲ့များက ယခင် ၂၀၁၀ ရွေးကောက်ပွဲတွင် အမည်းနယ်မြေဟုသတ်မှတ်ထားခဲ့ကြပြီး မဲရုံမဖွင့်နိုင်ခဲ့သည့်နယ်မြေနှင့် စစ်တပ်တွင်းရှိမဲရုံများတွင် လေ့လာစောင့် ကြည့်သွားမည်ဟု သိရသည်။

ယခင်ရွေးကောက်ပွဲကဲ့သို့ မဲမသမာမှု မျိုးမဖြစ်ရလေအောင် အမည်းရောင်နယ်မြေ ဟု သတ်မှတ်ခံထားရသည့် နေရာ၊ အထူးသဖြင့် စစ်တပ်မှ မဲထည့်နိုင်မည့် မဲရုံများကို စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ကရင်နီအမျိုးသမီး အဖွဲ့ KnWO မှ မမီးမီးက ပြောသည်။

“ဘောလခဲက ရေနီပေါက်အုပ်စု လို့ပြောရမှာလား ။အဲဖက်မှာက ဦးစိုးသိန်းတို့ ၀င်ပြိုင်တယ်လေ။ အဲ ဖက်က မဲရုံတွေကိုတော့ သေချာစောင့်ကြည့်သွားမယ်။ ပြီးတော့ ဘယ်လိုမျိုးနေရာမှာ အဓိက စောင့်ကြည့်သွားမလဲဆိုတော့ စစ်တပ်က ပေးနိုင်မယ့် မဲရုံတွေပေါ့နော်။ အဲလိုနေရာတွေမှာပေါ့။ တခြားရပ်ကွက်ထဲမှာ ပေးမယ့် မဲရုံတွေထက် စစ်တပ်ထဲမှာ လုပ်မယ့် မဲရုံတွေကို ပိုပြီး ဦးစားပေး စောင့်ကြည့်ဖို့ပေါ့။” ဟု မမီးမီးက ပြောသည်။


လာမည့်နိုဝင်ဘာလ ရွေးကောက်ပွဲအတွက် ကယားပြည်နယ်တွင် ရာဇာဝင်၊သမိုင်းဆိုးရှိခဲ့သော မြို့နယ်အသီးသီးရှိ မဲရုံများကို အဓိက စောင့်ကြည့်သွားရန် အစီအစဉ်ထားရှိကြောင်း ဒါနရှေ့ဆောင်မြန်မာမှ မစန္ဒာဝင်းက ပြောသည်။

“ ရာဇ၀င်နည်းနည်းရှိနေတဲ့ သမိုင်းရှိနေတဲ့ မဲရုံလေးတွေကို ရွေးချယ်မှာပါ။ အဲလို မဲရုံမျိုးကို အဓိကစောင့်ကြည့်သွားမှာပေါ့။ လေ့လာသူအချင်းချင်းမတိုက်ဆိုင်တဲ့ မဲရုံမျိုးကို ကျမတို့က ရွေးချယ်သွားမှာပါ။” ဟု မစန္ဒာဝင်းက ပြောသည်။

မဲရုံစောင့်ကြည့်လေ့လာရာတွင် လွိုင်ကော်၊ ဘောလခဲ၊ဖားဆောင်း၊ ဒီမောဆို၊ဖရူဆို မြို့နယ်တို့တွင် လေ့လာစောင့်ကြည့်ရာအဆင်ပြေနိုင်သော်လည်း ဆက်သွယ်ရေး အခက်အခဲရှိနေသေးသော ရှားတောနှင့် မယ်စဲ့မြို့နယ်တွင် အရေးပေါ်ဆက်သွယ်ရေးအတွက် အခက်အခဲရှိနေသည်ဟု ဆိုပါသည်။

ရွေးကောက်ပွဲလေ့လာစောင့်ကြည့်အဖွဲ့များသည် လက်ရှိတွင် နေရာအတိအကျ ရွေးချယ်ထားခြင်းမရှိသေးသော်လည်း အောက်တိုဘာလကုန် နိုဝင်ဘာလတွင် လေ့လာစောင့်ကြည့်သူများ အားလုံး မျက်နှာစုံညီအစည်းအဝေးလုပ်ကာ နေရာ ဒေသ ရွေးချယ်သွားမည်ကြောင်းသိရပါသည်။
ကယားပြည်နယ်တွင် မဲ ရုံ စုစုပေါင်း (၂၂၉) ရုံ ရှိသည့်အနက် မဲရုံ (၂၅)ရုံမှာ စစ်တပ်တွင်းတွင်ထားရှိမည်ဖြစ်ပြီး (၃၂) ရုံမှာ လည်း တပ်မတော် အကူအညီဖြင့် ဆောင်ရွက်သွားရန်ရှိကြောင်းသိရသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် ကယားပြည်နယ်အတွင်း မြို့နယ်တိုင်းတွင် အမဲနယ်မြေများအဖြစ်သတ် မှတ်ထားသော မဲဆန္ဒနယ်မြေများရှိခဲ့ကြပြီး လုံခြုံရေးကန့်သတ်ချက်ကြောင့် ကျေးရွာအုပ်စု ၂၇ အုပ်စု မဲရုံမဖွင့်နိုင်ခဲ့ပေ။

ရွေးကောက်ပွဲနေ့တွင် မဲရုံနှင့် ဝေးသောနယ်စပ်ဒေသ ၊ ယခင် အမဲနယ်မြေဟုသတ်မှတ်ထားသည့် နယ်မြေများတွင် လုံခြုံရေးရဲတပ်ဖွဲ့များက တပ်မတော်အင်အားနှင့် ပူးပေါင်းပြီး တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်သည်ဟု သိရသည်။

ကယားပြည်နယ်တွင်မဲဆန္ဒရှင်စာရင်း (၂)သိန်းခွဲကျော်ရှိပြီး ဒါနရှေ့ဆောင် မြန်မာ၊ Kayah State Youth Network , KnWO , Level up , People Alliance for Cradible Election ၊ ကယန်းအမျိုးသမီးအစည်းအရုံး (၁၀)ဦးနှင့် အခြားလူငယ်အသင်းအဖွဲ့များလည်း လေ့လာစောင့်ကြည့်သွားမည်ဖြစ်ကြောင်းသိရသည်။

ဖြိုးဝေအောင်
Kantarawaddy Times
https://www.facebook.com/kantarawaddytimes
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment