မူဆယ်ပစ်ခတ်မှု ရွာသား ၄ ဦး ဒဏ်ရာရ၊ ကလေးငယ် ဒဏ်ရာပြင်းထန်


ထိခိုက်ဒဏ်ရာရသူ ၄ ဦး (ဓာတ်ပုံ - မိုးထက်အာကာ)

မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်အချို့ (ဓာတ်ပုံ - မိုးထက်အာကာ ဖေ့စ်ဘွတ်ခ်)

ပန်ကိုင်ကျေးရွာ (ဓာတ်ပုံ – မိုးထက်အာကာ)

ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်မှာ တိုက်ပွဲ ဖြစ်လို့ တိုက်ပွဲအနီး ပန်ကိုင်ရွာသား ကလေးငယ် လက်နက်ကြီးစ ၉ စထိမှန်ဒဏ်ရာရခဲ့သလို အမျိုး သမီး ၁ ဦးနဲ့ ရွာသား ၂ ဦးလည်း  ဒဏ်ရာရပါတယ်။

လားရှိုးကနေ မူဆယ်ကိုအသွား အစိုးရတပ်ယာဉ်တန်းကို အမည်မသိလက်နက်ကိုင်အဖွဲ့က ဖေဖော်ဝါရီ ၁၆ ရက် ညနေပိုင်းက ချုံခိုတိုက်ခိုက်ရင်း အပြန်အလှန်ပစ်ခတ်ကြတဲ့တိုက်ပွဲမှာ ရွာတွင်း ကို လက်နက်ကြီးကျည်ဆန် ကျရောက်ပေါက်ကွဲပြီး ရွာသားတွေ ထိမှန်ဒဏ်ရာရခဲ့ကြပါတယ်။

နမ့်ဖတ်ကာ ရဲစခန်းတာဝန်ကျ ဒုတပ်ကြပ် စစ်နိုင်က “ညနေ ၅ နာရီက နမ့်ဖတ်ကာ အ၀င်နားလေးမှာ ဖြစ်သွားတာပါ၊ လားရှိုးဘက်ကနေလာတဲ့ အစိုးရယာဉ်တန်းပါ။  ကာ ၁၀ စီး လောက်ပါပါတယ်။ တပ်မ ၈၈ လက်အောက်ခံတပ်ရင်းကလို့ ပြောတယ်။ နမ့်ဖတ်ကာရွာအ၀င်မှာ ချုံခို တိုက်ခံရလို့ အပြန်အလှန်ပစ်ကြတာ ညနေ ၆ နာရီလောက်အထိ။ အဲဒီနားတ၀ိုက်မှာရှိတဲ့ အရပ်သား ၄ ဦးကို ထိခိုက်မိလို့ ကျနော်တို့အထက်ကို ကြေးနန်း စာပို့ထားပါတယ်” လို့ ပြောပါတယ်။

ချုံခိုတိုက်ခိုက်ခံရတဲ့ ယာဉ်တန်းအခြေအနေနဲ့ တိုက်ပွဲဖြစ်စဉ်ကိုတော့ မသိဘူးလို့ သူက ပြောပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေဟာ အသက် ၁၃ နှစ်အရွယ် မောင်တုံတီး (လီဆူး)၊ ၁၇ နှစ်အရွယ် မောင်အောင်သူမြင့် (မြန်မာ)၊ ၂၃ အရွယ် မောင်ဗိစနူး (ဂေါ်ရခါး) နဲ့ အသက် ၃၂ အရွယ်အမျိုးသမီး မခေါင်န်ဆန့် (ကချင်) တို့ ဖြစ်ပြီး သူတို့ကို နမ့်ဖတ်ကာလူမှုကူညီရေးအသင်းက မူဆယ်ဆေးရုံကို  ပို့ဆောင်ပေးခဲ့ပါတယ်။

အသက်အငယ်ဆုံး မောင်တုံတီးဟာ လက်နက်ကြီးစ ၉ ချက်ထိ ထိမှန်ခံရတာကြောင့် ခန္ဓာကိုယ်အတွင်းက သရက်ရွက်ကြေသွားပြီး အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ နမ့်ဖတ်ကာလူမှုကူညီမှုအသင်းဝင် ဦးမြတ်စိုးက ပြောပါတယ်။

“မောင်တုံတီးက သူ့ဖာသူအိမ်ထဲမှာနေနေတာခင်ဗျ။ သူကထမင်းစားမလို့ မီးဖိုချောင်ထဲမှာ ထမင်း ခူးနေတုန်း အနောက်ဘက်ကို လာထိတာ၊ ၉ ချက်တောင်ထိတယ်။ ဆေးရုံရောက်တော့ ချက်ချင်း ခွဲစိပ်ခန်းထဲခေါ်သွားတယ်။ သရက်ရွက်ကြေတယ်လို့ ပြောတယ်။ စိုးရိမ်ရတယ်ဗျ။  ကျန်တဲ့လူတွေ ကတော့ သူ့လောက်မဆိုးဘူး။  အောင်သူမြင့်ကျတော့ ရပ်ကွက် ၁ မှာရှိတဲ့ သူ့အမေကြောက်မှာစိုးလို့  ဆိုင်ကယ်နဲ့ သွားခေါ်တာ။ စစ်တပ်က တားတယ်တဲ့။ သူက ဆက်မောင်းတော့ တပ်က ခြောက်ပစ်ပစ်တာ။ ဒါပေမယ့် ခြေသလုံးမှာ နှစ်ချက် ထိတယ်။ ကျန်တဲ့ ၂ ယောက်က ကိုယ့်အိမ်ကိုယ်နေရင်းထိတာ။ ဒဏ်ရာမကြီးဘူး၊ နည်းနည်းပါးပါးပေါက်ပြဲတာ။  ကျနော့်ဘေး အိမ်ကိုလည်း ထိတယ်။  ကျနော်တို့ ပန်ကိုင်ရွာ တရွာလုံး လန့်နေကြတယ်ခင်ဗျ။”

လက်နက်ကြီး ကျရောက်ပေါက်ကွဲတဲ့အတွက် ပန်ကိုင်ရွာက နေအိမ် ၄ လုံး ထိခိုက်ပျက်စီးခဲ့ရပြီး ဒီပျက်စီးဆုံးရှုံးမှုတွေနဲ့ ပတ်သက်လို့  ဘယ်အဖွဲ့အစည်းကမှ လာရောက်မေးမြန်းတာဝန်ယူမှု မရှိသေးဘူးလို့  ဦးမြတ်စိုးက ပြောပါတယ်။

မူဆယ်ခရိုင် နမ့်ဖတ်ကာဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ)၊ တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (တီအန်အယ်လ်အေ) နဲ့ လက်နက်ကိုင် တပ်ပေါင်းစုတွေပါ လှုပ်ရှားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

By နန်းမြနဒီ (ဒီဗွီဘီ)
http://burmese.dvb.no/archives/82213
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment