တပ်မတော်မူ ၂ ချက်ကြောင့် အခက်တွေ့နိုင်ကြောင်း NCCT ခေါင်းဆောင်ပြော


အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး မူကြမ်းကို မတ်လ ၃၁ ရက်နေ့က လက်မှတ်ရေးထိုးခဲ့စဉ်။ Photo: Thiha Tun, Aung Ko Ko/RFA

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် အညီ လိုက်ပါ လုပ်ဆောင်ရေး အပါအ၀င် တပ်မတော် ဘက်က စွဲကိုင်ထားတဲ့ မူဝါဒကြောင့် တိုင်းရင်းသားအဖွဲ့တွေနဲ့ အပစ် အခတ်ရပ်စဲပြီး နောက်ကျင်းပမယ့် နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ အခက်အခဲ ပြဿနာတွေ ရှိလာနိုင်တယ်လို့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT ခေါင်းဆောင် ဦးနိုင်ဟံသာက ဒီကနေ့ ပြောကြားလိုက်ပါတယ်။

ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ငြိမ်းချမ်းရေးမူ (၆) ချက်ထဲက နိုင်ငံတော်ကချမှတ်ထားသည့် တည်ဆဲဥပဒေတွေကို လိုက်နာရန်ဆိုတဲ့အချက်နဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ နှင့်အညီ လိုက်ပါလုပ်ဆောင်ရန်ဆိုတဲ့ အချက် ၂ ချက်ကို တိုင်းရင်းသားလက်နက်ကိုင် တွေဘက်က လက်မခံတာလို့ ဦးနိုင်ဟံသာ က ပြောပါတယ်။

"တပ်မတော်ကသူတို့အခြေခံမူ ၆ ချက်ကိုအသေကိုင်မယ်ဆိုတော့လည်း အများကြီး ကိုအခက်အခဲရှိနိုင်တယ်လေ၊ တကယ်လို့ တည်ဆဲဥပဒေကို လက်ခံရင်တော့ ကျနော် တို့နိုင်ငံရေးက ဘာမှပြောဖို့မလိုတော့ဘူးလေ၊ ၂၀၀၈ ဖွဲ့စည်းပုံက ဒီမိုကရေစီလဲမရှိဘူး၊ နောက်တစ်ဘက်ကပြောမယ် ဆိုရင်တော့ တိုင်းရင်းသားတွေ အခွင့်အရေးမရှိဘူး၊ စစ်မှန်တဲ့ပြည်ထောင်စုလဲမဟုတ်ဘူးဆိုတဲ့အပေါ်မှာ ကျနော်တို့လိုလားတောင်းဆိုနေတဲ့ အခွင့်အရေးတွေဘာမှမရှိဘဲ ကျနော်တို့ဘက်ကလက်ခံလို့မရဘူး"

လာမယ့် ဧပြီလအတွင်း တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်ကို အပြီးသတ် လက်မှတ်ရေးထိုးဖို့ မျှော်လင့်ကြောင်း သမ္မတ ဦးသိန်းစိန်က မနေ့က စာချုပ် မူကြမ်းလက်မှတ်ရေးထိုးပွဲမှာ ပြောခဲ့ပေမယ့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဘက်က တော့ အခုရရှိထားတဲ့ စာချုပ်မူကြမ်းပါ သဘောတူညီချက်တွေကို သက်ဆိုင်ရာ ခေါင်းဆောင်အသီးသီးထံ တင်ပြညှိနှိုင်းရဦးမှာဖြစ်တဲ့အတွက် ဧပြီလထဲမှာ လက်မှတ်ထိုးဖို့ သေချာတပ်အပ် မပြောနိုင်ဘူးလို့လည်း နိုင်ဟံသာ က ပြောပါတယ်။

မြန်မာငြိမ်းချမ်းရေးစင်တာမှာ မနေ့ကကျင်းပတဲ့ စာချုပ်မူကြမ်း သဘောတူ လက်မှတ်ရေးထိုးပွဲမှာ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် အပြီးသတ် လက်မှတ်ရေးထိုးပြီးနောက် ၃ လအတွင်း နိုင်ငံရေးဆွေးနွေးပွဲတွေကို ပြုလုပ် သွားဖို့လည်း သဘောတူညီခဲ့ကြပါတယ်။

RFA Burmese
http://www.rfa.org/burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment