မန္တလေး မေ ၁
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် တောင်သမန်အင်း၌ ဧပြီ ၃ဝ ရက်က ငါးများ ထောင်နှင့်ချီသေဆုံးကာ ရေပေါ်ပေါ်လျက်ရှိပြီး အနံ့ဆိုးများ ထွက်ပေါ်လျက်ရှိသည်။ ယခုအကြိမ် သေဆုံးခြင်းသည် တတိယအကြိမ်ဖြစ်ပြီး ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာလအတွင်းက တစ်ကြိမ်၊ ၂ဝ၁၅ ခုနှစ် ဧပြီ ၁၂ ရက်က တစ်ကြိမ် ငါးများသေဆုံးခဲ့ပြီး ယခုအချိန် သေဆုံးမှုသည် အများဆုံးဖြစ်ကြောင်း သိရသည်။
ယင်းသို့ ငါးများသေဆုံးရခြင်းသည် မန္တလေးစက်မှုဇုန်ရှိ သကြားစက်ရုံ၊ အရက်ချက်စက်ရုံ၊ စက္ကူစက်ရုံ၊ ဆပ်ပြာစက်ရုံနှင့် သားရေစက်ရုံတို့မှ စွန့်ပစ်ရေများဝင်ရောက်ခြင်း၊ လူနေရပ်ကွက်များမှ ရေဆိုးများ ပန်းရံတော်ချောင်းမှတစ်ဆင့် စီးဝင်ခြင်း၊ တောင်သမန်အင်း ပတ်ဝန်းကျင် တွင် ဈေးဆိုင်များ များပြားလာပြီး စွန့်ပစ်ပစ္စည်းများ များပြားလာခြင်း တို့ကြောင့် ရေသြဇာဓာတ်များ ပျက်စီးလာပြီး အနည်အနှစ်များ စုပုံလာမှု ကြောင့် ရေဆိုးအိုင်ကြီးသဖွယ်ဖြစ်လာကြောင်း၊ ထိုမှ ပင်ပျော့များ ပေါက် ရောက်မှုများပြားလာကာ ပျော်ဝင်အောက်ဆီဂျင် ပါဝင်မှုနည်းပါးပြီး (Biological Oxygen Demand)
မြင့်မားလာသဖြင့် ယခုကဲ့သို့ ငါးများသေဆုံးရခြင်း ဖြစ်ကြောင်း၊ သေဆုံးငါးများတွင် ရောဂါမတွေ့ရကြောင်း မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ သိရ သည်။
တောင်သမန်အင်းအတွင်း အမြောက်အမြား ရှင်သန်လျက်ရှိသော ပင်ပျော့များမှာ နေ့အချိန်တွင် ကာဗွန်ဒိုင်အောက်ဆိုက်ကိုအသုံးပြုပြီး အောက်ဆီဂျင် ထုတ်ပေးကြောင်း၊ ညအချိန်တွင် အောက်ဆီဂျင်ကို အသုံးပြုပြီး ကာဗွန်ဒိုင်အောက်ဆိုက်ကို ထုတ်ပေးကြောင်း၊ ထို့ကြောင့် ညပိုင်းတွင် ငါးများနှင့် ပင်ပျော့တို့ အောက်ဆီဂျင်ကို အပြိုင်သုံးစွဲကြ၍ အောက်ဆီဂျင် ပြတ်လပ်ခြင်းတို့ဖြစ်လာကာ ရေပေါ်ခုန်နေနိုင်သော ငါးများနှင့် ခံနိုင်ရည်ရှိသောငါးများသာ အသက်ရှင် ကျန်နေပြီး ခံနိုင်ရည်နည်းသောငါးများ သေဆုံးရခြင်းဖြစ် ကြောင်း၊ ငါးများသေဆုံးချိန်မှာ အောက်စီဂျင်နည်းပါး သည့် ညပိုင်းအချိန်တွင်ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီး ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မန္တလေးစက်မှုဇုန်မှ စွန့်ထုတ်သောရေဆိုးများကို တိုင်းတာစစ်ဆေးရာတွင် စုစုပေါင်းထုံးဓာတ်(Total Alkalinity) ပါဝင်မှုသည် (10-60)mg/l ဖြစ်သဖြင့် သတ်မှတ်စံနှုန်း (100-250)mg/l ထက် နိမ့်ကျနေခြင်း၊ ရေဆေးရေသွက် (Total Hardness) ပါဝင်မှုသည် (220-620)mg/l ဖြစ်သဖြင့် သတ်မှတ်စံနှုန်း (40-150) ထက် မြင့်မားနေခြင်း၊ ပျော်ဝင်အောက်ဆီဂျင် (Dissolved Oxygen) ပါဝင်မှုသည် (0-3.5)mg/l ဖြစ်သဖြင့် သတ်မှတ်စံနှုန်း (5)mg/l ထက် နိမ့်ကျနေ ခြင်း၊ အမိုနီးယားနိုက်ထရိုဂျင် (Ammonia Nitrogen) ပါဝင်မှုသည် (0.15-0.3)mg/l ဖြစ်သဖြင့် သတ်မှတ် စံနှုန်း (0.1) mg/l ထက် မြင့်မားနေခြင်း၊ ကာဗွန်ဒိုင် အောက်ဆိုက်ပါဝင်မှု(Free Carbondioxide) သည် (100-480)mg/l ဖြစ်သဖြင့် သတ်မှတ်စံနှုန်း (15)mg/l ထက် မြင့်မားနေကြောင်း ငါးလုပ်ငန်းဦးစီး ဌာနမှ သိရှိရသည်။
စစ်ဆေးလေ့လာချက်များအရ စက်မှုဇုန်မှ စွန့်ပစ် ရေများသည် ငါးများအတွက် အသက်ရှင်နေထိုင်ရန် သင့်လျော်မှုမရှိကြောင်း၊ အဆိုပါ ရေဆိုးများစွန့်ထုတ်မည် ဆိုပါက ပြန်လည်သန့်စင်အောင် Treatment ဆောင် ရွက်ပြီးမှသာ စွန့်ထုတ်သင့်ကြောင်း၊ ဧရာဝတီမြစ်ရေ အဝင်/အထွက် ဆောင်ရွက်သည့် တံတားဖြူနေရာ၌ ရေထိန်းတံခါး တည်ဆောက်ပြီး ရေဝင်/ရေထွက် ထိန်းချုပ်ထားခြင်းကို ပြန်လည်ဖွင့်လှစ်ရန် ငါးလုပ်ငန်း ဦးစီးဌာနမှ အကြံပြု တင်ပြထားသည်။
၂ဝ၁၄ ခုနှစ်အတွင်းက မန္တလေးစက်မှုဇုန်မှ ရေဆိုး စွန့်ထုတ်သည့် အရက်ချက်စက်ရုံတစ်ရုံနှင့် သားရေ စက်ရုံနှစ်ရုံတို့ကို မန္တလေးတိုင်းဒေသကြီး ရေချိုငါး လုပ်ငန်း ဥပဒေအရတရားစွဲဆိုခဲ့ပြီး ယခုနှစ်တွင်လည်း စစ်ဆေးမှုများဆောင်ရွက်ကာ တရားစွဲဆိုမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။
အေးမြ(မန္တလေး)
(မြန်မာ့အလင်း)
https://www.facebook.com/MYANMAALINNNEWS
0 comments:
Post a Comment