မျက်ရည်မဆည်နိုင်ပါ မမေ့နိုင်စရာမရှိသော ၇ ရက် ဇူလိုင်


 မြကျွန်းညိုညို တက္ကသိုလ်မြေဟာ ပင်ကိုကပင် လွမ်းစရာပါ။ ကြည့်ပါဦး။ ဘွဲ့နှင်းသဘင်၊ သစ်ပုပ်ပင်၊ တကသအဆောက်အဦ၊ အဓိပတိလမ်းမ၊ စိန်ပန်းနီ၊ စိန်ပန်းပြာ၊ ငုရွှေဝါ၊ သစ်တိုသစ်ချိုပင်များနဲ့ မြက်ခင်း စိမ်းစိမ်းလေးများဟာ ရန်ကုန်တက္ကသိုလ်ရဲ့ ချစ်စရာကောင်းတဲ့ ဥပဓိရုပ်များ ဖြစ်တယ်။ သူတို့ဟာ တက္ကသိုလ်ရဲ့ အမှတ်အသားများဖြစ်သလို တက္ကသိုလ်ရဲ့ အဆင်တန်ဆာ၊ ရတနာနဲ့ မင်္ဂလာများလည်း ဖြစ်ပေတယ်ဗျား။

တက္ကသိုလ်ရောက်ဖူးသူတိုင်း မေ့နိုင်စရာမရှိပါ။ လွမ်းစရာ ဖြစ်ပါတယ်။
မေ့နိုင်စရာမရှိသော ၇ ရက်ဇူလိုင်နေ့ကပေါ့။ တက္ကသိုလ် ပရ၀ုဏ်ထဲလှည့်ပြီး ကျောင်းသားတွေ ဆန္ဒပြကြတယ်။ စစ်အုပ်ချုပ်ရေးကို မလိုချင်ဘူး။ ဒီမိုကရေစီသာ လိုချင်တယ်။ ကျောင်းသားထုက ဟစ်ကြွေးတောင်းဆိုကြ တယ်။ စစ်အုပ်ချုပ်ရေး ကြမ်းတမ်းပြင်းထန်လာတာကြောင့် ကျောင်းသားတွေ၊ တက္ကသိုလ်ပရ၀ုဏ်ရဲ့ အပြင်မထွက်ရဲကြ။ မထွက်ဝံ့ကြ။ ဒါကြောင့် အထိအခိုက်မရှိအောင် ကျောင်းဝင်းထဲလှည့်လည် ဆန္ဒပြပြီး ကျောင်းသားတွေရဲ့ ဆန္ဒကို ဖော်ထုတ်ဟစ်ကြွေး ပြသကြခြင်းဖြစ်ပေတယ်ဗျား။

အဲဒီတုန်းက ကျွန်တော်ဟာ ဒဂုံဆောင် သဟာယနှင့် စာဖတ်သင်းရဲ့ ဥက္ကဋ္ဌလည်း ဖြစ်တယ်။ ဗိုလ်တထောင်သတင်းစာရဲ့ ရန်ကုန်တက္ကသိုလ်နယ်မြေ သတင်းထောက်လည်း ဖြစ်တယ်ဗျား။ ကျောင်းသားများက ဆန္ဒပြပြီးကြသော်လည်း အရှိန်မပြေသေး။ ကျွန်တော့် အခန်းမှာ စုဝေးနေဆဲ။ ပြောဆိုနေဆဲ။ ဆဲဆိုနေဆဲ။ စစ်အစိုးရကို သူတို့မုန်းကြတယ်။ ဘယ်နည်းနဲ့မျှ လက်မခံနိုင်ဘူး။ အထူးသဖြင့် တက္ကသိုလ်နယ်မြေလာပြီး ဖိနှိပ်ချုပ်ချယ်သည်ကို သည်းမခံနိုင်ကြဘူး။ မကျေနပ်နိုင်ကြဘူး။ အဓိကကတော့ လွတ်လပ်ပြီး ငြိမ်းချမ်းစွာ ပညာသင်ကြားမှုကို အထိပါးမခံနိုင်ကြခြင်းဖြစ် ပေတယ်ဗျား။

သည်အချိန်တွင် ကျွန်တော့်အခန်းသို့ သတင်းထောက်တယောက် ရောက်လာတယ်။ သူက ဆရာဦးကိုလေး ပါတယ်။ ဦးချစ် လက်ဖက်ရည်ဆိုင်မှာ စောင့်နေတယ်။ သူက အခေါ်ခိုင်း လိုက်တယ်လို့ ဆိုပါတယ်။ ဦးကိုလေး (မောင်ဒေါန)ဆိုတာ ကျွန်တော်တို့ ဗိုလ်တထောင်သတင်း စာတာဝန်ခံအယ်ဒီတာပါ။ ဆရာဦးသိန်းဖေမြင့် ပြီးလျှင် ၀ါအရင့်ဆုံးပါ။ သည်တော့ ကျွန်တော်ချက်ချင်းလိုက်လာခဲ့ပါကော၊ ကျွန်တော့် သူငယ်ချင်း ရဲဘော်များလည်း သူတို့အခန်း သူတို့ပြန်ကြပြီး လူစုခွဲရပြီပေါ့။
ကျွန်တော် ဦးချစ်ဆိုင် ရောက်ရောက်ချင်းပဲ ဆရာဦးကိုလေးက အရေးတကြီး ပြောတယ်။ စစ်တပ်က ပစ်တော့မယ်။ ခြံဝတံခါးမှာ ကျောင်းသားတွေရှိသေးလား။ အမြန်သွားခေါ်ချေ၊ ရှင်းချေ။ ကိုယ့်အဆောင် ကိုယ်ပြန်ခိုင်း။ ဗိုလ်အောင်ကြီးတို့က ပစ်မိန့်ပေးလိုက်ပြီ။ ဗိုလ်စိန်လွင်တို့က ပစ်တော့မယ်။ ကျုပ် အခုပဲ မြန်မာ့အသံမှာ သူတို့ဆီက ပြန်လာတာ။ သွား သွား၊ မြန်မြန်သွား။

တကသနှင့် ခြံတံခါးဝသို့ ကျွန်တော် အလျင်အမြန် ပြေးခဲ့တယ်။ ဒေါသမထိန်းနိုင်သော ကျောင်းသားတို့ရဲ့အသံက ဆူညံနေတယ်။ တချို့က အဆောင်တွေပေါ်က အော်နေတယ်။ တချို့က အဆောင်ဝင်းထဲက နေအော်တယ်။ တချို့ကတော့ တက္ကသိုလ်ဝင်းတံခါးဝ ခြံစည်းရိုးခွထိုင်ပြီး အော်နေကြတယ်ဗျား။
''တက္ကသိုလ်နယ်မြေဟာ မင်းတို့စစ်သားနဲ့ဘာဆိုင်လဲကွ၊ မင်းတို့ သုံးယောက်ပေါင်းလို့ ခုနစ်တန်းအောင်ရဲ့လား။ တက္ကသိုလ်ကို ဘာလာရှုပ်တာလဲ။ သတ္တိရှိရင် ရှေ့တန်းသွားပေါ့''
ကျောင်းသားတွေက အမျိုးမျိုး အော်ဟစ်ဆဲဆိုနေကြတယ်ဗျား။

ကျွန်တော်တို့လည်း''ဟေ့- ရဲဘော်တို့ စစ်တပ်က ပစ်တော့မယ်တဲ့။ ကိုယ့်အခန်းကိုယ် အမြန်ဆုံးပြန်ကြဖို့ ပြောရင်း လူလိုက်ရှင်းရတယ်။ နောက်ဆုံး ခြံစည်းရိုးမှာ ခွထိုင်ပြီး အခြေအနေ အရပ်ရပ်ကို အကဲခတ်လေ့ လာနေသော ကျွန်တော့်အခန်းဖော် ကိုဖေ၀င်းအား ဆွဲခေါ်ရတယ်။ ပြီးတော့ နှစ်ယောက်သား တကသထဲဝင်ပြီး ကျောင်းသားကျန်၊ မကျန် စစ်တယ်။ ကျောင်းသားတဦးမျှမတွေ့။ ကျောင်းသားခေါင်းဆောင်ဆိုတာ ဝေးလို့။ သူတို့က ကျောင်းသားတွေကို စစ်တပ်ရဲ့ပစ်ကွင်းမှာ လွှတ်ထားခဲ့သလို ဖြစ်နေတယ်ဗျား။ တကယ်ဆို အစအဆုံး ခေါင်းဆောင်သင့်တယ် မဟုတ်လား။

လူသူကင်းမဲ့နေတဲ့ တကသအဆောက်အဦထဲကထွက်ပြီး မန္တလေးဆောင်ဘက်ဖြတ်ကူးမယ်အလုပ် သေနတ်သံတွေ ထွက်လာပါတယ်။ ကျောင်းသားတွေကို သတ်တဲ့ နေ၀င်းစတင်းသံပေါ့။
မန္တလေးဆောင်ရှေ့မှာ အင်္ကျီချွတ်နဲ့ ကျောင်းသားတယောက် သေနတ်ထိပြီး လဲကျသွားပြီ။ သွေးမြေကျပြီ။ ကျွန်တော်တို့နှစ်ယောက် အဓိပတိလမ်းမကို မဖြတ်ကူးရဲတော့။
နောက်ပြန်ဆုတ်ပြီး နောက်ဖေးက ပြေးရတယ်။ သထုံ၊ ပဲခူး၊ ပင်းယ၊ အင်းဝစတဲ့ ဗဟို ဆောင်တွေ ဖြတ်တယ်။ သေနတ်သံနဲ့ဝေးရာ သိပ္ပံစာသင်ခန်းတွေဘက်ပြေးတယ်။ သစ်ပုပ်ပင်ကြီးနား လမ်းဆုံရောက်တယ်။ သို့သော် လမ်းဖြတ်မကူးရဲသေး။
အဓိပတိခန်းမကြီးနား ရောက်မှပဲ လမ်းကူးရဲတယ်။ ပြီးတော့ ၀ိဇ္ဇာစာသင်ခန်းများ ဖြတ်တယ်။ ဂျပ်ဆင်ဘုရားရှိခိုးကျောင်းကို ရောက်တယ်။ ပြူတစ်ပြူတစ် လုပ်နေတဲ့ သီရိဆောင်မှ ညီမများကိုလည်း အထဲဝင်နေဖို့ သတိပေးခဲ့ရသေးတယ်။ နောက်ဆုံးတော့ ရွှေဘို ဆောင်ဖြတ်ပြီး မိမိရဲ့ဒဂုံဆောင် ပြန်ရောက် ပါတယ်။ ဒါပေမဲ့ မောလို့။ စိတ်မော လူမောပေါ့။

ညရောက်ပြီး ညဥ့်နက်သော်လည်း ကျောင်းသားတွေ မအိပ်နိုင်ကြ။ ခါးသီးနာကြည်း နေကြတယ်။ ခံပြင်းပြီး ဒေါသထွက်နေကြတယ်။ သန်းခေါင်ကျော်သည်အထိ။ ဟိုအခန်းစု၊ သည်အခန်းစု၊ မအိပ်ကြသေး။ နောက်ဆုံး မိုးလင်းခါနီးမှ အိပ်မောကျသွားသလို ရှိတယ်။
''အုံး . . . ဒိုင်း'' ဒဂုံဆောင်ကြီး တုန်ခါသွားတယ်။ မျက်နှာကြက်တွေ ပြုတ်ကျကုန်တယ်။ ခြင်ထောင်တိုင်တွေ၊ ခုတင်တိုင်တွေ လွင့်စဉ်ကုန်တယ်။ မိုးပြိုသလို အသံကြီးလား၊ တဆောင်လုံး တုန်ခါသွားတယ်။ တဆောင်လုံး လန့်ကုန်တယ်။ ဘာတွေဖြစ်ကုန်ပြီလဲ။ ဘာတွေ ပျက်ကုန်ပြီလဲ။ အားလုံးလိုလို ထွက်ကြည့်ကြတယ်။ ကော်ရီဒါမှာ လူအပြည့်။

''တကသ အဆောက်အဦကြီး မရှိတော့ဘူးဗျို့။ စစ်တပ်က ဗုံးခွဲပြီး ဖြိုချလိုက်ပြီ။ ဖျက်ဆီးပစ်ပြီ''

မန္တလေးဆောင်ဘက်မှ ကျောင်းသားတို့က ပြေးလာပြီး လိုက်အော်တယ်။ ငိုသံပါကြီးတွေနဲ့။ ဆက်အော်နေကြတယ်ဗျား။ ကျွန်တော်တို့ ဒဂုံဆောင်သားများလည်း ပြေးဆင်းကြတယ်။ ပြေးထွက်ကြတယ်။ တောင်ငူနဲ့ မန္တလေးဆောင်ဆီသို့ပြေးခဲ့တယ်။

တကသ အဆောက်အဦကြီး မရှိပြီ။ ပြိုလဲသွားပြီ။ မြေခသွားပြီ။ တကသ အဆောက်အဦကြီး မြေပုံဖြစ်သွားပြီ။ ကျောင်းသားတွေ ရင်ထု မနာဖြစ်ကုန်ပြီ။ အချို့က အော်ဟစ်ငိုတယ်။ အချို့က ရင်ထုငိုတယ်။ အချို့က အစိုးရကို ဆဲတယ်။ အချို့က ဗိုလ်ချုပ်နေ၀င်းကို ဆဲတယ်။ အချို့က ဗိုလ်အောင်ကြီးကို ဆဲတယ်။
တကသအဆောက်အဦကို ဖြိုတာ သမိုင်းတရားခံပဲ၊ တကသ အဆောက်အဦကိုဖျက်တာ သမိုင်းကိုဖျက်တာပဲ၊ သမိုင်း လူဆိုးပဲ တရားခံ ဘယ်သူလဲ။

တရားခံ ဗိုလ်နေ၀င်းလား။ တရားခံ ဗိုလ်အောင်ကြီးလား။

----- ----- ----- -----

စိန်လှဦး (7 July ကျောင်းသား)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment