![]() |
ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ပူးတွဲဥက္ကဌ ရာထူးမှ ဖယ်ရှားခံလိုက်ရတဲ့ သူရဦးရွှေမန်းကို တွေ့ရစဉ်။ Photo: RFA |
"ကျနော်တို့ ပါတီဥက္ကဌကတော့ ဦးသိန်းစိန်ပဲဖြစ်ပါတယ်၊ ဦးသိန်းစိန်က နိုင်ငံတော်သမ္မတတာဝန် ထမ်းဆောင် ရတဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပါတီဥက္ကဌတာဝန် မထမ်းဆောင်နိုင်လို့သာ ကျနော်တို့က ဒုဥက္ကဌ ကို ခေတ္တဥက္ကဌ ပူးတွဲတာဝန် လွှဲပြောင်းပေးခြင်းပဲဖြစ်ပါတယ်၊ ကျနော်တို့ပါတီဟာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်းကနေ ပါတီအဖြစ် စတင်ပြောင်းလဲစဉ်ကတည်းက ကျနော်တို့ပါတီ ဥက္ကဌဟာ ဦးသိန်းစိန် ပဲဖြစ်ပါတယ်၊ လက်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှာ ကျနော်တို့ပါတီ မှတ်ပုံတင်ထားတဲ့စာရင်း မှာလည်းပဲ ပါတီဥက္ကဌ ဦးသိန်းစိန်ပဲဖြစ်ကြောင်း ကျနော်ဦးစွာရှင်းလင်းတင်ပြလိုပါတယ်"
ဖယ်ရှားခံလိုက်ရတဲ့ သူရဦးရွှေမန်းဟာ အသစ်ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီ ၅၃ ဦးစာရင်းထဲမှာတောင် မပါဝင်တော့ပါဘူး။ အသစ်ဖွဲ့စည်းလိုက်တဲ့ ဗဟိုအလုပ်အမှုဆောင်တွေထဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းက တပ်မတော်ကနေ အငြိမ်းစားယူပြီး ပါတီကနေ ရွေးကောက်ပွဲဝင်မယ့် ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ဗိုလ်ချုပ်ကြီး သူရသက်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး၊ ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင် စတဲ့ပုဂ္ဂိုလ်တွေလည်း ပါဝင်ပါတယ်။
ပြည်ခိုင်ဖြိုးပါတီရဲ့ပူးတွဲဥက္ကဌအဖြစ် တာဝန်ယူခဲ့တဲ့ သူရဦးရွှေမန်းဟာ ပြည်သူ့လွှတ်တော်ဥက္ကဌနဲ့ ပြည်ထောင်စု လွှတ်တော် နာယကတာဝန်တွေကို ထမ်းဆောင်နေရသူဖြစ်ကြောင်း၊ ပါတီလုပ်ငန်းတွေကို ဖိဖိစီးစီးဆောင်ရွက်ဖို့ လိုအပ်လာတဲ့အတွက် ဦးဌေးဦးကို တာဝန်ပေးလိုက်တာဖြစ်ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။ မနေ့ညက ပါတီရုံးချုပ်ကို ရဲတပ်ဖွဲ့နဲ့ တပ်မတော်က ၀ိုင်းတယ်ဆိုတာ မဟုတ်မှန်ကြောင်းနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ လုံခြုံရေးတာဝန်ယူထားသူတွေသာ ရုံးချုပ်ထဲမှာရှိကြောင်းလည်း ပြောပါတယ်။
RFA Burmese
http://www.rfa.org/burmese
0 comments:
Post a Comment