အမေရိကန်ပြည်ထောင်စုမှာ လက်နက်မဲ့ လူမည်းဆယ်ကျော်သက်ကို ရဲအရာရှိက အသေပစ်သတ်လိုက်တာ ရိုက်ကူးထားတဲ့ ဗွီဒီယိုရုပ်သံ အကြမ်းရိုက်ချက်ကို စက်တင်ဘာ ၂၅ ရက်နေ့က ဘော်လ်တီမိုး ရဲတပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
သေနတ်ပစ်ခတ်မှုဟာ စက်တင်ဘာ ၂၃ ရက်နေ့က ဘော်လ်တီမိုး ရဲစခန်းအပိုင်နယ်မြေ မေရီလန်းက ရေးစတားစ်တောင်းမြို့မှာ ညနေ ၅ နာရီလောက်က ဖြစ်ပွားခဲ့တာလို့ ရဲတပ်ဖွဲ့ထုတ်ပြန်ချက်က ဆိုပါတယ်။
အသက် ၁၉ နှစ်အရွယ် ကေ့သ် မက်လာ့ဒ် အမည်ရ လူမည်းလူငယ်ဟာ ဆရာဝန်ဆေးစာနဲ့မှ ၀ယ်ခွင့်ရှိတဲ့ မူးယစ်ဆေးရည်အတွက် ဆေးညွှန်းစာအတု ပြုလုပ်ပြီး တရားမ၀င် ၀ယ်ယူဖို့ ကြိုးစားတာကို ရဲတပ်ဖွဲ့က ဖမ်းမိလိုက်ပြီးနောက်မှာ လက်နက်ဆွဲထုတ် ဟန်ဆောင်ပြီး ထွက်ပြေးဖို့ ကြိုးစားခဲ့တာကြောင့် ရဲအရာရှိ အာရိုမီယာစကီက အသေလှမ်းပစ်လိုက်တာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
အနီးအနားမှာရှိတဲ့ လုံခြုံရေးကင်မရာကနေ ဖမ်းယူရရှိထားတဲ့ စက္ကန့် ၅၀ စာ ဗွီဒီယိုကလစ်ထဲမှာ ရဲအရာရှိ အာရိုမီယာစကီးက လူမည်းလူငယ် မက်လာ့ဒ်ဆီ ဘာအကာအကွယ်မှ မရှိသေးခင်မှာ ပြေးရင်းလွှားရင်း သေနတ်နဲ့ချိန်ထားပါတယ်။
လူမည်း မက်လာ့ဒ်ကလည်း ရဲအရာရှိဆီကို ပြန်ချဉ်းကပ်လာရင်း သူ့နောက်ကျောကို လက်တဖက်ပစ်လိုက်ပြီး တခုခု ဆွဲထုတ်လိုက်တဲ့ဟန်ကြောင့် ရဲအရာရှိက သေနတ်နဲ့ ပစ်လိုက်တာကို ရဲတပ်ဖွဲ့က ထုတ်ပြန်လိုက်တဲ့ ဗွီဒီယိုပြကွက်ထဲမှာ မြင်နေရပါတယ်။
မြေကြီးပေါ်မှာ ရုန်းနေသေးတဲ့ မက်လာ့ဒ်ကို ရဲအရာရှိက အခြေအနေ တည်ငြိမ်သွားတဲ့အထိ စက္ကန့်အနည်းငယ်အကြာ ထုရိုက်ထိန်းချုပ်ခဲ့ပါတယ်။
ရဲအရာရှိက သူ့လက်ကိုင်သေနတ်ကို ပြန်ထည့်လိုက်ပြီးနောက် ဗွီဒီယိုကလစ်လည်း ပြီးဆုံးသွားပါတယ်။
မျက်မြင်သက်သေတွေရဲ့ ပြောကြားချက်မှာ ရဲအရာရှိက လူငယ်ကို ရပ်လိုက်ဖို့ အကြိမ်ကြိမ် အမိန့်ပေးနေပြီးတော့ လူငယ်က ရဲအရာရှိဆီ ရိုင်းရိုင်းစိုင်းစိုင်းတွေ ပြောဆိုနေတာတွေကိုလည်း ကြားရတဲ့အကြောင်း စုံထောက်တွေဆီ ပြောကြားချက်ကို ရဲတွေက ပြန်ပြောပြပါတယ်။
လူမည်းလူငယ်ဟာ သေနတ် ၃ ချက် အပစ်ခံထားရတယ်လို့ အစိုးရ ဆေးဖက်ဆိုင်ရာ စစ်ဆေးသူက ပြောပါတယ်။ ရဲတပ်ဖွဲ့ကလည်း ၃ ချက် ပစ်ထားတယ်လို့ ပြောပါတယ်။ မက်လာ့ဒ်ဆီမှာတော့ ဘာလက်နက်မှ မတွေ့ရဘူး လို့ ဆိုပါတယ်။
ဒီဗွီဒီယိုကို ဘော်လ်တီမိုး နယ်မြေ ရှေ့နေချုပ် ကြည့်ရှုသုံးသပ်အပြီးမှာ နယ်မြေရဲချုပ် ဂျင်မ် ဂျွန်ဆင်က ထုတ်ပြန်ခဲ့တာပါ။ ရဲအရာရှိ အာရိုမီယာစကီးကိုတော့ လတ်တလော ခွင့်ပေးထားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
DVB Burmese
0 comments:
Post a Comment