ပြင်သစ်တိုက်ခိုက်မှု IS အဖွဲ့ လက်ချက်ဖြစ်ကြောင်း ကြေညာ


 ပြင်သစ်နိုင်ငံ ပဲရစ်မြို့တော်မှာ လူအမြောက်အများ ထိခိုက်သေဆုံးခဲ့တဲ့ တိုက်ခိုက်မှုတွေဟာ သူတို့လက်ချက်ဖြစ်တဲ့အကြောင်း IS စစ်သွေးကြွအဖွဲ့က ကြေညာလိုက်တဲ့ တချိန်တည်းမှာပဲ ပြင်သစ် လုံခြုံရေး တပ်ဖွဲ့တွေကလည်း နောက်ထပ် တိုက်ခိုက်မှုတွေ မဖြစ်အောင် စောင့်ကြပ်နေကြပါတယ်။

အီရတ်နဲ့ ဆီးရီးယား နိုင်ငံတွေမှာ လေကြောင်းစစ်ဆင်ရေးတွေကို တုံ့ပြန်တဲ့အနေနဲ့ ပဲရစ်မြို့တော်က နေရာ ၆ နေရာမှာ ဆက်တိုက်ဆိုသလို တိုက်ခိုက်မှုတွေကြောင့် လူ ၁၂၇ ယောက်ထက်မနည်း သေဆုံးခဲ့တဲ့ လုပ်ရပ်ဟာ သူတို့လက်ချက် ဖြစ်တဲ့အကြောင်း စနေနေ့မှာပဲ IS အဖွဲ့က ကြေညာခဲ့တာပါ။ ပြင်သစ်နိုင်ငံနဲ့ ပြင်သစ်ကို ထောက်ခံသူတွေဟာ သူတို့အဖွဲ့က ပစ်မှတ်ထားတဲ့စာရင်းရဲ့ ထိပ်ဆုံးနေရာမှာ ရှိနေတုန်းပဲလို့လည်း ဖော်ပြထားပါတယ်။ အာရပ်နဲ့ ပြင်သစ် ဘာသာ ၂ ဘာသာနဲ့ ရေးသားထားပြီး IS အဖွဲ့ကို ထောက်ခံတဲ့ အင်တာနက် အွန်လိုင်းတွေက ဖြန့်ဝေခဲ့တဲ့ ကြေညာချက် အစစ်အမှန် ဟုတ် မဟုတ် ဆိုတာကတော့ ချက်ခြင်းအတည်ပြုလို့ မရသေးပါဘူး။

သောကြာနေ့ညက ပဲရစ်မြို့ နေရာ ၆ နေရာမှာ လူ ၁၂၀ ကျော် သေဆုံးစေတဲ့  အကြမ်းဖက်သမားတွေရဲ့ ပစ်ခတ်ဗုံးခွဲတိုက်ခိုက်မှုနောက်ပိုင်း ပြင်သစ်နိုင်ငံနဲ့အတူ တသားတည်း ရပ်တည်နေကြောင်း ကမ္ဘာ့ခေါင်းဆောင်တွေက ထုတ်ဖော်ပြသလိုက်ကြပါတယ်။

ပြင်သစ်ပြည်သူတွေအတွက် အင်မတန် စိတ်ထိခိုက်ရကြောင်း သြစတြေးလျနိုင်ငံသားတွေကိုယ်စား ၀န်ကြီးချုပ် Malcolm Turnbull က ၀မ်းနည်း စကားပြောဆိုသလို၊  ပြင်သစ်ပြည်သူတွေနဲ့အတူ တသားတည်း ရပ်တည်နေကြောင်း ပြောပါတယ်။ ပဲရစ်မြို့ အကြမ်းဖက်တိုက်ခိုက်မှုဟာ ပြင်သစ်တခုထဲကို ပစ်မှတ်ထားတာ မဟုတ်ဘဲ ကျမတို့အားလုံးကို ပစ်မှတ်ထားတာ ဖြစ်တယ်လို့ ဂျာမနီဝန်ကြီးချုပ် Angela Merkel ကလည်း ပြောပါတယ်။ ပြင်သစ်နိုင်ငံမှာ အရေးပေါ်အခြေနေ ကြေညာထားပြီး  ပဲရစ်မြို့သူမြို့သားတွေ စနေနေ့တနေ့လုံး အပြင်မထွက်ဘဲ အိမ်ထဲနေကြဖို့ နှိုးဆော်ထားတာပါ။ ရဲလုံခြုံရေးတွေကိုလည်း ပဲရစ်မြို့မှာ တိုးမြှင့်ချထားပါတယ်။ တနင်္ဂနွေနေ့ တူရကီမှာ စတင်မယ့် G-20 ညီလာခံကို သူတက်ရောက်နိုင်မှာ မဟုတ်ဘူးလို့ ပြင်သစ်သမ္မတ François Hollande က ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment