အောက်ခြေမှ နိုင်ငံသားများ၏ လူမူဘ၀သည် နိုင်ငံ၏ အခြေပြ ပြဂုပ်ဖြစ်သည်


ယွမ် ၈၀၀၀ (ဒေါ်လာ ၁၃၀၀ ခန့်) ဆိုသည့် ပမာဏမှာ ၄ နှစ်အရွယ် ချစ်စဖွယ် မိန်းကလေးငယ် ခင်ခင်ဦးအား အခြားသူတစ်ဦးထံ ရောင်းချ ခဲ့သည့် ဈေးနှုန်းဖြစ်သည်။

အိမ်ထောင်ကွဲ ထားသည့် ဖခင်က ခင်ခင်ဦးကိုရောင်းချခဲ့သည်မှာ ၁ နှစ်ခန့်ရှိပြီဖြစ်သည်။ ခင်ခင်ဦး ၏ အဖွားဖြစ်သူ မရှမ်းက ၀ါးအိမ်ထဲတွင် ထိုင်ရင်း မြေးဖြစ်သူ၏ ဇာတ်လမ်း အား ပြန်ပြောပြသည်။ “ကျွန်မက ဆန်နဲ့ ပြောင်းတွေ စိုက်ပေမဲ့ သားက ဘိန်းစွဲနေတော့ ကျွန်မတို့မှာ ငွေမရှိပါဘူး” ဟု သူမကဆိုသည်။ မရှမ်းတို့ မိသားစုမှာ ကစဥ့်ကလျားဘ၀နှင့် ရင်ဆိုင်ခဲ့ရသည်။

အိမ်အတွင်း မီတာအနည်းငယ်ကွာ အမှောင်ထဲတွင် မရှမ်း၏သားဖြစ်သူက ခံစားချက်ကင်းမဲ့သည့်မျက်နှာဖြင့် ရှေ့တည့်တည့်သို့ ငေးကာထိုင်ရင်း မိခင်ဖြစ်သူက သူ့အကြောင်း ပြောနေသည်ကို နားထောင်နေသည်။ မရှမ်း၏ သမီးဖြစ်သူမှာလည်း ကလေးငယ် ၂ ဦးကို မရှမ်းထံတွင် ထားခဲ့ကာ ယောက်ျားတစ်ဦးနှင့် လိုက်ပြေးသွားသည်။ မရှမ်းကတော့ သမီးဖြစ်သူမှာ လိမ္မော်ရည်ထဲတွင် ဆေးခပ်ခံရကာ ခေါ်ဆောင်ခြင်းခံရသည်ဟု ယုံကြည်နေသည်။

မရှမ်းက အဖြစ်အပျက်များကို ပြောပြနေစဉ် ခင်ခင်ဦးနှင့် မောင်နှမတော် သည့် ယောက်ျားလေးငယ်က ၀ါးအိမ်ဘေးဘေး ရွှံ့တောထဲ၌ ကစားလျက်ရှိသည်။ မရှမ်းမက “တစ်ရက်မှာ ခင်ခင်ဦးအဖေ စိုးခိုင်က သူ့ကိုလာခေါ်သွားတယ်။ ဒါပေမဲ့ ၄ ရက်လောက်ကြာတဲ့အထိ ပြန်ရောက်မလာတော့ တစ်ခုခုမှားနေပြီဆိုတာ သိလိုက်တယ်” ဟု ဆိုသည်။ အခြေအနေကို စိုးရိမ်လာသည့် မရှမ်းက ရွာလူကြီးနှင့်အတူ သွား၍ စိုးခိုင်၏ သူငယ်ချင်းအချို့ ထံ သွားရောက်မေးမြန်းစုံစမ်းတော့သည်။ ထိုအခါ စိုးခိုင်မှာ ဖဲကစားခြင်းကြောင့် ငွေကြေး အခက်အခဲတွေ့နေသည်ကို သိခဲ့ရသည်။

ရဲတပ်ဖွဲ့က စစ်ဆေးသည်အခါ စိုးခိုင်က သမီးဖြစ်သူအား ဒေသခံ ကချင်အမျိုးသမီးတစ်ဦးမှတစ်ဆင့် တရုတ်လူကုန်ကူးသူများထံ ရောင်းချခဲ့ကြောင်း ၀န်ခံခဲ့သည်။

ရဲတပ်ဖွဲ့က စိုးခိုင်၏ထွက်ဆိုချက်အရ လိုက်လံစုံစမ်းရာ တရုတ်နယ်စပ်မြို့ ရွှေလီတွင် ခင်ခင်ဦးအား မွေးစားလိုသည့် တရုတ်စုံတွဲထံ ယွမ်း ၁၂၀၀၀ (ဒေါ်လာ ၂၀၀၀ ခန့်) ဖြင့် ရောင်းချခဲ့ကြောင်း သိရသည်။ တရုတ်ရဲတပ်ဖွဲ့နှင့် ပူးပေါင်းစုံစမ်းမှု တစ်ပတ်ကြာပြုလုပ်ပြီးနောက် ခင်ခင်ဦးအား တွေ့ ရှိကယ်တင်ကာ အဘွားဖြစ်သူထံ ပြန်ပို့ပေးနိုင်ခဲ့သည်။

မရှမ်းက “သူပျောက်သွားတုန်းက ကျွန်မ အရမ်းစိုးရိမ်ပြီး အစားမစားနိုင်ပါဘူး” ဟုဆိုသည်။ ခင်ခင်ဦးသည် ကံကောင်းထောက်မ စွာဖြင့် ကောင်းမွန်စွာ ဆက်ဆံခံခဲ့ရပြီး ၀ယ်ယူခဲ့သည့် တရုတ်စုံတွဲက ခင်ခင်ဦး လူကုန်ကူးခံခဲ့ရမှန်း မသိခဲ့ပေ။ အဘွားဖြစ်သူရှိရာ ဟန်ကန်သို့ ပြန်ရောက်လာပြီးနောက် ခင်ခင်ဦး၏ လုံခြုံရေးအတွက် စိုးရိမ်သည့် မရှမ်းက တရုတ်နိုင်ငံရှိ အဒေါ်နှင့်အတူ နေထိုင် ရန် ပြန်လည် ပို့ဆောင်ခဲ့သည်။ ခင်ခင်ဦးကဲ့သို့ မြန်မာကလေးငယ်များအား လူကုန် ကူးခြင်းမှာ ရှားရှားပါးပါးဖြစ်ရပ်ဖြစ်သည်။

သို့သော် တရုတ်နိုင်ငံနှင့် ထိစပ်နေသည့် မြန်မာအရှေ့မြောက်ပိုင်းဒေသတွင် အမျိုးသမီးငယ်များ လူကုန်ကူးခံရခြင်း တဖြည်းဖြည်း များပြားလာလျက် ရှိသည်။ တရုတ်နိုင်ငံတွင် တစ်အိမ်ထောင် ကလေးတစ်ဦး မူဝါဒ ကျင့်သုံးခြင်းနှင့် သားယောက်ျားလေး ဦးစားပေးသည့် အစဉ်အလာ တို့ကြောင့် ကျား၊မ အချိုး မညီမမျှဖြစ်လျက်ရှိသည်။ လူဦးရေ ခန့်မှန်းချက်များ အရ ၂၀၂၀ တွင် တရုတ်နိုင်ငံ၌ အမျိုးသားဦးရေက အမျိုးသမီးဦးရေထက် ၂၄ သန်း ပိုများကာ ဇနီးမယား လိုအပ်မှု များပြားလာမည်ဟု ဆိုသည်။

တရုတ်မြန်မာနယ်စပ်ရှိ လူကုန်ကူးမှုများမှာ ရှုပ်ထွေးပြီး တစ်ခါတစ်ရံ မိသားစုဝင်များ က ငွေကြေးအကျပ်အတည်းအတွက် ရောင်းချခြင်းမျိုးရှိသည်။

နမ်ခန်းမြို့ရှိ ရွှေ့ပြောင်းခံလူများအတွက် ဖွင့်လှစ်ထားသည့်စခန်းမှ လူမှု အဖွဲ့အစည်း ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးမြင့်ကျော်က ဒေသတွင်း ပျောက် ဆုံးသွားသည့် အမျိုးသမီးများ၏ ဓာတ်ပုံများကို ပြသရင်း “ဒီ မိန်းကလေး ၄ ဦး က ကွတ်ခိုင်မြို့နယ်ကဖြစ်ပြီး အသက် ၁၅ နှစ်ကနေ ၁၈ နှစ်ကြားရှိပါတယ်။ တရုတ်နိုင်ငံမှာ အလုပ်လုပ်ဖို့သွားပြီးတဲ့နောက် သူတို့အကြောင်း မကြား ရတာ ၈ လလောက်ရှိပါပြီ။ ဒီအမျိုးသမီးက ၂၆ နှစ်ရှိပြီဖြစ်ပြီး သူလည်းပျောက်နေပါတယ်။ တရုတ်နိုင်ငံမှာရှိတဲ့ ကျွန်တော်တို့ အဖွဲ့အစည်းတွေကနေတစ်ဆင့် သူ့ကိုရှာဖွေနေပါတယ်” ဟု ပြောပြခဲ့သည်။

ဒေသခံ တအာင်းအမျိုးသမီး ၁၀ ရာခိုင်နှုန်းမှာ တစ်နည်းနည်းဖြင့် လူကုန်ကူးခံနေရသည်ဟု ဦးမြင့်ကျော်က ခန့်မှန်းထားသည်။ လာမို မှာ ထိုသို့ လူကုန်ကူးခံရသည့် အမျိုးသမီးများ အနက် တစ်ဦးဖြစ်သည်။ တရုတ်နိုင်ငံနယ်စ့်မြို့ ရွှေလီရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် အလုပ်ဝင် စဉ်က လာမိုသည် သာမန် အလုပ်ခွင် တစ်ခုဟုသာ ထင်မှတ်ခဲ့သည်။ သို့သော် အလုပ်ရှင် အမျိုး သမီးက သူ၏မောင်ဖြစ်သူနှင့် လက်ထပ်ပေးရန် လာမိုကို ယွမ်း ၄၀၀၀ (ဒေါ်လာ ၆၅၀၀ ခန့်) ဖြင့် ၀ယ်ယူ ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

လာမိုက “ပထမတော့ ကျွန်မက လက်ထပ်ဖို့ ငြင်းဆန်ပါတယ်။ ဒါပေမဲ့ သူဌေးက ကျွန်မကို အခြား တစ်ဦးဆီ ပြန်ရောင်းမယ်လို့ ပြောခဲ့ပါတယ်” ဟုဆိုသည်။ လာမိုအား ဆိုင်ပိုင်ရှင် သူဌေး၏မောင်နေထိုင်သည့် ဘေဂျင်းသို့ အတင်းအကျပ် ပို့ဆောင်ခဲ့ ကာ နေအိမ်အတွင်း အကျဉ်းသားတစ်ဦးသဖွယ် ၃ လကြာ ပိတ်လှောင်ခံခဲ့ရသည်။ လာမိုက “ကျွန်မကို အိမ်ထဲမှာပဲနေခိုင်းပြီး ဖုန်းဆက်ခွင့်မပေးပါဘူး။ ကလေးရပြီးမှ မိဘတွေဆီ အလည်သွား ခွင့်ပေးမယ်လို့ ကျွန်မယောက်ျားက ပြောပါတယ်” ဟု ပြန်ပြောခဲ့သည်။

၃ လကြာ ပိတ်လှောင်ခံရပြီးနောက် လာမိုသည် ထွက်ပြေးရန် နည်းလည်းတွေ့ ရှိခဲ့သည်။

“ကျွန်မက ၂ ထပ်အိမ်ရဲ့ အပေါ်ထပ်မှာ နေရပါတယ်။ အိမ်မှာ ဇကာ ကွက်နဲ့ ကာထား တဲ့ ပြတင်းပေါက်လေးတွေ ရှိပါတယ်။ ကျွန်မ ဇကာကွက်တွေကို ကတ်ကြေးနဲ့ဖြတ်ပြီး လမ်းပေါ်ဆင်းပြေးခဲ့ပါတယ်။ ကံကောင်းထောက်မ စွာနဲ့ ကျွန်မကို ဘယ်သူမှ မမြင်ခဲ့ပါဘူး။ ကျွန်မက ဘူတာရုံကို ကားစီးသွားခဲ့ပြီး ရဲကိုအကူအညီတောင်းခဲ့ပါတယ်။ ရဲက ကျွန်မ ကို ဘေ့ဂျင်းက ထွက်ခွာဖို့ လက်မှတ် စီစဉ်ပေးခဲ့ပါတယ်” ဟု လာမိုက ဆိုသည်။

လာမိုသည် ယခုအခါ ညီအစ်မတစ်ဦးနှင့်အတူ နေထိုင်ပြီး ဘ၀ကို ပြန်လည် တည်ဆောက် လျက်ရှိသည်။ လူကုန်ကူးမှု များမှ ပြန်လည်လွတ်မြောက် လာသူအချို့အနက် တစ်ဦးဖြစ်သည့် လာမိုသည် ရိုးရာအ၀တ်အထည်များ ရက်လုပ်ခြင်းဖြင့် ၀င်ငွေအနည်းငယ်ရရှိနေပြီဖြစ်သည်။

KHTUN

The Ladies News Journal
https://www.facebook.com/News.TheLadies
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment