ပြီးခဲ့တဲ့ သီတင်းပတ်က ဂျာမန်ဝင်းစ် လေယာဉ်ကို ပြင်သစ်နိုင်ငံ အဲလ်ပ်တောင်တန်းပေါ် ပျက်ကျအောင် တမင် လုပ်ဆောင်ခဲ့တယ်လို့ သံသယရှိတဲ့ တွဲဖက် လေယာဉ်မှူးဟာ အခင်း မဖြစ်ပွားမီ တစ်ပတ်အတွင်း သေကြောင်းကြံပုံ နည်းနာတွေနဲ့ လေယာဉ်မောင်းခန်း လုံခြုံရေး စနစ်တွေကို အွန်လိုင်းကနေ ရှာဖွေ လေ့လာခဲ့တယ်လို့ သိရပါတယ်။
တွဲဖက်လေယာဉ်မှူး Andreas Lubitz အွန်လိုင်းပေါ်မှာ နောက်ဆုံး ရှာဖွေသွားတာတွေကို သူ့ရဲ့ တိုက်ခန်းမှာ တွေ့ရတဲ့ တက်ဘလက် ကွန်ပျူတာက တစ်ဆင့် စုံစမ်း ဖော်ထုတ်ခဲ့တာ ဖြစ်တယ်လို့ ဂျာမန် အစိုးရ ရှေ့နေတွေက ပြောပါတယ်။
တစ်ချိန်တည်းမှာပဲ အဲဒီ လေယာဉ်ရဲ့ ဒုတိယ ဘလက်ဘောက်စ် ဖြစ်တဲ့ ပျံသန်းမှု မှတ်တမ်းကို ရှာတွေ့ခဲ့ပြီလို့ ပြင်သစ် ရှေ့နေတွေက ပြောပါတယ်။
ပထမ ဘလက်ဘောက်စ် ဖြစ်တဲ့ အသံမှတ်တမ်း ကိုတော့ မတ်လ ၂၄ ရက်နေ့က လေယာဉ် ပျက်ကျပြီး မကြာမီမှာပဲ ရှာတွေ့ခဲ့ပါတယ်။
လူ ၁၅၀ လိုက်ပါပြီး ဘာစီလိုနာ ကနေ ဒူဆဲလ်ဒေါ့ဖ်ကို ပျံသန်းစဉ် ပျက်ကျခဲ့ရာမှာ အသက်ရှင်သူ မရှိခဲ့ပါဘူး။
BBC Burmese
https://www.facebook.com/bbcburmese

0 comments:
Post a Comment