ဖမ်းဆီးခံသပိတ်မှောက်ကျောင်းသားများကို တရားရုံးပြောင်းစစ်မည်


သာယာဝတီထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်းက ကျောင်းသားနဲ့ ၀န်းရံပြည်သူတွေကို တရားရုံးပြောင်းစစ်မယ်လို့ ရှေနေနဲ့ ကျောင်းသားမိဘတွေက ပြောပါတယ်။

နေရာအခက်အခဲနဲ့ လုံခြုံရေးအခြေအနေအရ လက်ပံတန်းတရားရုံးကနေ သာယာဝတီ တရားရုံးကို ပြောင်းရွှေစစ်ဆေးဖို့ စီစဉ်တာဖြစ်တဲ့အကြောင်း မြို့ခံရှေ့နေ တဦးက “ဟိုဘက်မှာ စစ်ဆေးရတာ နေရာအခက်အခဲရှိလို့ နောက် လုံခြုံရေး အခက်အခဲ ရှိတာတွေကြောင့် သာယာဝတီတရားရုံးကို ပြန်ပြောင်းပြီး စစ်မှာ။ မနက်ဖြန်ကျရင် သူတို့က ရုံးပြောင်းလျှောက်လဲချက်ပေးမယ်။ အခု လောလောဆယ်တော့ လက်ပံတန်းက သံဆူးကြိုးတွေ သာယာဝတီပြန်သယ်သွားတာ တွေ့တယ်။”လို့ ပြောပါတယ်။

ဧပြီလ ၁ ရက်က သာယာဝတီထောင်မှာ ထောင်ဝင်စာသွားတွေ့ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တယောက်ဖြစ်တဲ့ မဖြိုးဖြိုးအောင်ရဲ့မိခင်ဖြစ်သူ ဒေါ်သန္တာကလည်း တရားရုံးပြောင်းမယ့်ကိစ္စ မဖြိုးဖြိုးအောင်တို့ကို လက်မှတ်ထိုးခိုင်းတဲ့အကြောင်း ပြောပြတယ်လို့ သိရပါတယ်။

မဖြိုးဖြိုးအောင်က သူတို့ကို တရားရုံးထုတ်တဲ့အခါ လွတ်လပ်ပွင့်လင်းတဲ့ တရားခွင်ဖြစ်ဖို့ တောင်းဆိုမယ်လို့ ပြောတဲ့အကြောင်း ဒေါ်သန္တာက ပြန်ပြောပြပါတယ်။

“သမီးက ကျမကို ဘာပြောလဲဆိုရင် သူတို့ကို တရားရုံးမှာ စစ်တဲ့အခါ မိဘတွေ နားထောင်တဲ့ ပြည်သူလူထုတွေ ရှိရမယ်။ လွတ်လပ်တဲ့ သတင်းမီဒီယာသမားတွေ ရှိရမယ်။ နောက် ရှေ့နေတွေလည်း ရှိရမယ်။ အဲ့ဒီလို မြင်သာထင်သာ ပွင့်ပွင့်လင်းလင်းရှိမယ့် တရားရုံးမျိုး ဖြစ်ရမယ်လို့ သူက ပြောပါတယ်။”

ထောင်ဝင်စာတွေ့တဲ့အခါ ထောင်အာဏာပိုင်တွေက အနီးကပ် နေရာယူထားပြီး ပြောသမျှ အားလုံး လိုက်ရေးမှတ်တယ်ကာ  သံဇကာနှစ်ထပ်၊ မှန်တထပ် ကာရံထားတဲ့အတွက် စကားအော်ပြောပြီး တွေ့ဆုံခဲ့ရတယ်လို့လည်း ဆိုပါတယ်။

လက်ပံတန်းကျောင်းသားသပိတ်ဖြိုခွဲမှုအတွင်း ဖမ်းဆီးချုပ်နှောင်ထားတဲ့ ကျောင်းသားနဲ့ ၀န်းရံပြည်သူ ၇၀ နီးပါးကို  ပုဒ်မ ၅ ခုနဲ့ တရားစွဲဆိုထားပြီး  ရုံးချိန်ကို နှစ်ပတ်တခါ ချိန်းဆိုနေရာမှာ  လာမယ့် ဧပြီ ၇ရက်မှာ တခေါက်  ရုံးထုတ် အမှုစစ်ဆေးဖို့ရှိပါတယ်။

By ရွှေအောင် (ဒီဗွီဘီ)
http://burmese.dvb.no
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment