မေလ ၆ ရက် ၂၀၁၅
သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင်လင်းခေးမြို့နယ်တွင် ဒေသခံလူငယ် တဦးအား မြို့နယ်ရဲမှ အကြောင်းမဲ့ ထိုးကြိတ်ရိုက်နှက်သည့်အပြင် လူငယ်၏မိဘများနှင့် ရပ်ကွက်လူကြီးအားလည်း ရဲစခန်းသို့ဆင့်ခေါ် စစ်ဆေးခဲ့ကြောင်း ဒေသတွင်း သတင်းများကပြောပါသည်။
မေလ ၂ ရက်နေ့ညက မြို့ဦးကွက်သစ်ရပ်ကွက်နေ အဘ ဦးလုံးဆိုင် အမိ ဒေါ်ပါနောင့်တို့၏သား အသက် ၂၀ ကျော် အရွယ်ခန့်ရှိ အိုက်စိုင်းအား မြို့နယ်ရဲမှူး ခင်မောင်ကျော်နှင့်အဖွဲ့က ထိုးကြိတ်ရိုက်နှက်ခဲ့ သည်ဟု ကိုယ်တိုင်မြင်တွေ့ရသည့် ရပ်ကွက်သား လုံးစိုင်းကပြောသည်။
"ည ၉ နာရီလောက်ရှိပြီ အိုက်စိုင်းနဲ့သူ့သူငယ်ချင်းတွေ မြို့လယ်လမ်း မကြီးဘေး က ကွမ်းယာဆိုင်မှာ ထိုင် စကားပြော နေတုန်းအဲဒီ ခင်မောင်ကျော် ဦးဆောင်တဲ့အရပ်ဝတ်နဲ့ ရဲတဖွဲ့က ကားတစီးနဲ့ ရောက် လာပြီး အိုက်စိုင်းကို လာမေးတယ်။ မင်း ငါ့ကိုသိလားတဲ့။ အိုက်စိုင်းက သိပါတယ်လို့ဖြေတော့ ရဲက မင်းကိုငါမသိ ဘူးဆိုပြီး အိုက်စိုင်းကို ဆွဲထိုးတော့တာဘဲ။ " ဟု ဦးလုံးစိုင်းက သျှမ်းသံတော်ဆင့်အားပြောပြသည်။
အထိုးခံရသည့် အိုက်စိုင်း၏ သူငယ်ချင်းများက ၀င်ရောက်ဖျန်ဖြေရာမှ အပြန်အလှန်ထိုးကြိတ်မှုဖြစ်ပွါးခဲ့ပြီး ၄င်းရဲ အဖွဲ့မှ တဦးမှာ နဖူးကွဲ ဒဏ်ရာရ ရှိသွားကြောင်း၊ အဆိုပါရဲအဖွဲ့ နှင့် အိုက်စိုင်းတို့အကြား ခိုက်ရန် စကားများခြင်း မရှိဖူး ကြောင်း အိုက်စိုင်း၏ သူငယ်ချင်းဖြစ်သူတဦး ကလည်း ပြောသည်။
"သူတို့လူ ၃ ချက်ချုပ်လိုက်ရလို့ အိုက်စိုင်းတို့မိဘနဲ့ ရပ်မိရပ်ဖတချို့ကို ရဲစခန်းကိုခေါ်စစ်တာ။ ရဲဘက်က မူးပြီး စတဲ့ ပြသနာ ဖြစ်ပြီးတော့ ရွာသားတွေကို အရေးယူမယ် ဖမ်းမယ်ဆီးမယ်လုပ်လိုက်သေးတယ်။ ရပ်မိရပ်ဖတွေက ပြသနာ အရင်း အမြစ်ကို စစ်ဆေးဖော်ထုတ်မယ်ပြောမှ ရဲဘက်က ငြိမ်သွားတာ။ အကြောင်းမဲ့ အထိုးခံရပြီး ဘာလျော်ကြေးမှလဲ မရဘူး။ ရဲဘက်က တောင်းပန်စကားလဲမပြောဘူး။ ခေတ်ကပြောင်းပြီသာ အစိုးရပြောနေတာ။ ခရိုင်မြို့မှာတောင်မှ ရဲက အဲလို ရိုင်းစိုင်းပြနေတာ စဉ်းစားသာကြည့်ပေတော့။" - ဟုလည်း လင်းခေးမြို့ခံ ကျားဖြူပါတီဝင်တဦး က ပြောဆိုသည်။
သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့သည် ခရိုင်အဆင့်သို့ တိုးမြင့်လိုက်သည့်နောက်ပိုင်း ရုံးဝန်ထမ်းများမှာ နယ်နှင့် တခြားဒေသမှ ပြောင်းရွှေ့လာကြသူများ ဖြစ်ကြသည်။
သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese
0 comments:
Post a Comment