မဲဆန္ဒရှင်စာရင်းကို အွန်လိုင်းတင်မှာဖြစ်တဲ့အတွက် ပိုပြီးတော့ ခေတ်မီလာ ရွေးကောက်ပွဲတစ်ခုမှာ မဲဆန္ဒရှင်စာရင်းက အရေးကြီး
ရန်ကုန်တိုင်း ဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကိုကိုနှင့် တွေ့ဆုံခြင်း
၂ဝ၁၅ ရွေးကောက်ပွဲ ကျင်းပရာ၌ ဆန္ဒမဲပေးကြရမည့် ပြည်သူများ၏ စာရင်းအား တိကျမှန်ကန်စွာရရှိနိုင်ရေးအတွက် ရွေးကောက်ပွဲ ကျင်းပမည့် ရက်၊ လ တို့အား အတိအကျ မကြေညာ ရသေးမီကာလ၌ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ အနေဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာများ၌ ဆန္ဒမဲပေးနိုင်မည့် အသက်(၁၈)နှစ်ပြည့်ပြီးသူများအား အခြေခံ မဲဆန္ဒရှင်စာရင်း ပြုစုခြင်းလုပ်ငန်းကို လုပ်ဆောင်နေကြပြီဖြစ်သည်။ ထို့ကြောင့် ရွေးကောက်ပွဲများအတွက် မဲဆန္ဒရှင်စာရင်းများထုတ်ပြန်ကြေညာရခြင်းနှင့် ယင်းသို့ထုတ်ပြန်ရာတွင် ပြည်သူများ၏ ပူးပေါင်းပါဝင်မှုတို့နှင့် စပ်လျဉ်းပြီး မြန်မာ့သတင်းစဉ်(ပြည်တွင်း)မှ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကိုကိုနှင့် သွားရောက်တွေ့ဆုံမေးမြန်းခဲ့သည်။
မေး။ ။ မဲဆန္ဒရှင်စာရင်းပြုစုရာ မှာ အဆင့်ဘယ်နှဆင့်ခွဲခြား သတ်မှတ်ပြီး ပြုစုရပါသလ
ဖြေ။ ။ အဆင့် နှစ်ခုရှိတယ်လို့ ပြောလို့ရမယ်။ ပထမအဆင့်က အခြေခံမဲဆန္ဒရှင်စာရင်း ကောက် ယူတာ။ ဒုတိယတစ်ခုကတော့ အပြီး သတ် မဲဆန္ဒရှင်စာရင်းကောက်ယူတာ။ အခြေခံမဲဆန္ဒရှင်စာရင်းကောက်ယူ တယ်ဆိုတာက အခုရန်ကုန်တိုင်း ဒေသကြီးအတွင်းမှာ ၁ဝ မြို့နယ်ကို ရွေးချယ်ပြီး ပထမတစ်ဆင့်လုပ်တယ်။ ဒုတိယအဆင့်အနေနဲ့ ၁၄ မြို့နယ် လုပ်တယ်။ တတိယအဆင့်အနေနဲ့ ၂၁ မြို့နယ် လုပ်တယ်။ ဒီလိုရန်ကုန် တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ၄၅ မြို့နယ်ကို အသုတ် သုံးခုခွဲပြီး ကောက်ယူနေတာက အခြေခံမဲဆန္ဒ ရှင်စာရင်း ပြုစုတာပေါ့။ ဒီအခြေခံ မဲဆန္ဒရှင်စာရင်း ကောက်ယူတယ် ဆိုတာက ရွေးကောက်ပွဲကျင်းပမယ်လို့ မကြေညာခင်မှာ အတတ်နိုင်ဆုံး မှန်ကန်တဲ့ မဲစာရင်းရရှိအောင် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ကောက် ယူတာပါ။
အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုပြီး တိုင်းမှာ မဲဆန္ဒရှင်တွေ သိရှိစေဖို့ ၁၄ ရက် ကြေညာပေးပါတယ်။ မဲဆန္ဒရှင်တွေက လာကြည့်ပြီး နာမည် ကျန်ခဲ့ရင် ဖြည့်စွက်မယ်။ အချက် အလက်တွေ ပြင်ဆင်စရာရှိရင်ပြင်ဆင် မယ်။ မဲစာရင်းမှာမပါသင့်တဲ့သူတွေ ပါနေရင် ပယ်ဖျက်ပေးဖို့ လျှောက်လွှာ တင်မယ်။ ဒီလျှောက်လွှာတွေကို ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ကော်မရှင်အဖွဲ့ခွဲ၊ မြို့နယ်ကော်မရှင် အဖွဲ့ခွဲတွေက ပြန်လည်စိစစ်ပြီး လက်ခံတဲ့ဟာတွေဆိုရင် မဲစာရင်းထဲ ဖြည့်ပေးတာတို့၊ ပြင်ဆင်တာတို့ လုပ် ပေးတာပါ။ ဒီအခါမှာ မဲဆန္ဒရှင်တွေ လာမကြည့်ခင်ကထက်စာရင် ပိုမို ပြည့်စုံတဲ့ မဲစာရင်းဖြစ်သွားပါတယ်။ ဒီလိုအခြေခံမဲစာရင်းကောက်ယူနေတဲ့ အချိန်မှာ ရွေးကောက်ပွဲဘယ်အချိန် မှာလုပ်မယ်လို့ မကြေညာရသေးဘူး။
မေး။ ။ဒါဆို အခြေခံမဲဆန္ဒရှင် စာရင်းနဲ့ အပြီးသတ် မဲဆန္ဒရှင် စာရင်းရဲ့ ကွာခြားချက်ကဘာပါလဲ။
ဖြေ။ ။အပြီးသတ် မဲဆန္ဒရှင် စာရင်းဆိုတာက အောက်တိုဘာလ ကုန် နိုဝင်ဘာလဆန်းမှာ ရွေးကောက် ပွဲလုပ်မယ်။ ရွေးကောက်ပွဲမတိုင်ခင်မှာ သုံးလကြိုတင်ပြီး ရွေးကောက်ပွဲ ဘယ်နေ့မှာလုပ်မယ်ဆိုတာကို ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာရပါတယ်။ ဒီတော့ အောက် တိုဘာ၊ နိုဝင်ဘာမှာ လုပ်မယ်ဆိုရင် ဇူလိုင်၊ သြဂုတ်မှာကြေညာရမှာပေါ့။ ဘယ်ခုနှစ်၊ ဘယ်လ၊ ဘယ်ရက်မှာ ရွေးကောက်ပွဲပြုလုပ်မယ်လို့ ကြေညာ တဲ့အခါမှာ ရွေးကောက် ပွဲလုပ်ငန်းက စသွားပြီ။ ဒီအခါမှာ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်က ရွေးကောက်ပွဲအတွက် ကို မဲစာရင်း ပြုစုရဦးမယ်။ ဘယ်မဲ စာရင်းကို အခြေခံမလဲဆိုတော့ အခုပြုလုပ်နေတဲ့ အခြေခံ မဲဆန္ဒရှင် စာရင်းကိုအခြေခံပြီး ပြုလုပ်ရမှာ ဖြစ် ပါတယ်။ အဲဒီအခါမှာ ဥပဒေအရ ခုနစ်ရက်ပဲ မဲဆန္ဒရှင်စာရင်းကို ကပ် မှာဖြစ်ပါတယ်။ ဒီခုနစ်ရက် အတွင်း မှာ မဲဆန္ဒရှင်တွေက နာမည်စာရင်း ကို လာကြည့်ပြီး နာမည်မပါရင် ဖြည့်ပေးဖို့၊ အချက်အလက်တွေ မှား ယွင်းနေရင် ပြင်ဆင်ပေးဖို့၊ မပါသင့် တဲ့သူတွေ ပါနေသေးရင် ပယ်ဖျက်ပေး ဖို့တောင်းဆိုမယ်။ မဲဆန္ဒရှင်တွေက ဒီအခွင့်အရေးကို ဒုတိယအကြိမ်ရ တာဖြစ်ပါတယ်။ သူတို့ရဲ့ တောင်းဆိုမှု တွေကို ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ် ရေးမှူး ကော်မရှင်အဖွဲ့ခွဲ၊ မြို့နယ် ကော်မရှင် အဖွဲ့ခွဲတွေက ပြန်လည် စိစစ်ပြီး မှန်ကန်တယ်ဆိုရင် မဲ စာရင်းမှာ ပြန်ထည့်ပေးပါတယ်။ ငြင်း ပယ်သင့် တဲ့ဟာဆိုရင် ငြင်းပယ်ပါ မယ်။ ဒီလိုလုပ်ပြီးသွားရင် ဒီမဲစာရင်း ဟာ တည်ငြိမ်သွားပြီ။ အပြီးသတ် မဲစာရင်း ဖြစ်သွားပြီ။ ရွေးကောက်ပွဲ ရက်မှာ ဒီမဲစာရင်းကို အသုံးပြုပါ မယ်။
မေး။ ။ပြည်သူတွေအနေနဲ့ မဲဆန္ဒရှင်စာရင်းကို သွားရောက် ကြည့်ရှုဖို့ ဘာဖြစ်လို့ လိုအပ်တာပါလဲ။
ဖြေ။ ။ပိုမိုပြည့်စုံပြီးမှန်ကန်တဲ့ မဲဆန္ဒရှင်စာရင်း ဖြစ်စေချင်တဲ့အတွက် သူတို့ကိုလာပြီးတော့ ကြည့်ခိုင်းတာ ပါ။ မဲစာရင်းပြုစုတဲ့ လုပ်ငန်းစဉ်ကို ပြန်ကြည့်ရင် ရပ်ကွက်နဲ့ ကျေးရွာ အုပ်စု ကော်မရှင်အဖွဲ့ခွဲတွေက အိမ် ထောင်စုစာရင်းကိုမူတည်ပြီး သတ် မှတ်ထားတဲ့ ရက်စွဲမှာ အသက် (၁၈) နှစ်ပြည့်တဲ့သူတွေကို ရွေးထုတ်လိုက် တယ်။ လွှတ်တော်ဥပဒေပုဒ်မ (၆) မှာပါတဲ့ အချက်အလက်တွေနဲ့ ကိုက် ညီတဲ့သူဖြစ်၊ မဖြစ်ကို အရင်ဆုံး စိစစ် တယ်။ ပြီးရင် လွှတ်တော်ဥပဒေပုဒ်မ (၇)မှာကန့်သတ်ထားတဲ့သူတွေ ဟုတ်၊ မဟုတ်ကိုစိစစ်မယ်။ ပုဒ်မ(၇)မှာ ကန့်သတ်ထားတဲ့သူတွေဖြစ်နေရင် အသက်(၁၈)နှစ် ပြည့်သော်လည်း သူ့ကိုမဲစာရင်းကနေ ပယ်ထုတ်မယ်။ ဒီလိုဥပဒေတွေနဲ့ ကိုက်ညီတဲ့(၁၈)နှစ် ပြည့်ပြီးသူတွေကိုပဲ မဲစာရင်းထဲမှာ ထည့်သွင်းပါတယ်။
ဒါပေမယ့် လူတွေ လုပ်ကြကိုင်ကြရာမှာ အမှားအယွင်း တွေတော့ ရှိနိုင်ပါတယ်။ နောက် အိမ်ထောင်စုစာရင်းဖြစ်တဲ့ ပုံစံ ၆၆/၆ တွေရဲ့ မပြည့်စုံမှုတွေလည်းရှိနိုင် ပါတယ်။ ဒီပုံစံတွေက ကြာပြီဆိုတော့ လက်ရေးမထင်ရှားတာတွေ ရှိနိုင် တယ်။ နဂိုပုံစံတွေမှာကတည်းက အမေနာမည်မပါတာတို့၊ မှတ်ပုံတင် မရှိတာတို့ဆိုတာတွေကလည်း ပါ နေတယ်။ ဒီလိုကော်မရှင်အဖွဲ့ခွဲတွေ က ပြုစုလိုက်တဲ့ မဲစာရင်းဟာ လုံးဝ မှန်ကန်တယ်၊ ပြည့်စုံတယ်လို့ ပြောလို့ မရသေးဘူး။ ဒီတော့ ကာယကံရှင် တွေ ကိုယ်တိုင်လာကြည့်ပြီးတော့မှ သူတို့အနေနဲ့ အတည်ပြုပေးဖို့ လို တယ်။ သူတို့ရဲ့နာမည် ပါ၊ မပါ၊ မှတ်ပုံ တင်နံပါတ်နဲ့ အိမ်လိပ်စာတွေ မှန်၊ မမှန်ကို အတည်ပြုပေးဖို့လိုတယ်။ နောက် သေဆုံးပြီးသူတွေကို အိမ် ထောင်စုစာရင်းက မထုတ်ထားလို့ ပါနေတာတွေကို မပါသင့်ဘူးဆိုပြီး အကြောင်းကြားပေးဖို့ လိုတယ်။ ဒါတွေကိုက သိတဲ့လူတွေကပြောမှ ကျွန်တော်တို့က သိမှာပေါ့။
မဲဆန္ဒရှင်စာရင်းတွေမှာ ပါဝင်တဲ့ အမှားအယွင်းတွေကို ပြင်ဆင်နိုင်ဖို့ မဲဆန္ဒရှင်စာရင်းကိုလာကြည့်ကြဖို့ ပြည်သူတွေကို ကျွန်တော်တို့ ဆော်သြ ပါတယ်။ ဒါကိုတော့ အရပ်ဘက်လူမှု အဖွဲ့အစည်းတွေကကူညီပြီး ဆော်သြ ပေးပါတယ်။ ရွေးကောက်ပွဲကော်မရှင် ကလည်း မီဒီယာအမျိုးမျိုးကနေပြီး တော့ တိုက်တွန်းပါတယ်။ မဲစာရင်း ကပ်ထားချိန်မှာ သွားကြည့်ကြပြီး ကိုယ့်နာမည်မပါရင် ပုံစံ(၃)နဲ့ တောင်း ဆိုပါ။ ကိုယ့်ရဲ့အချက်အလက်တွေ မှားယွင်းနေလို့ရှိရင် ပုံစံ (၄- ဂ) နဲ့ ပြင်ဆင်ပေးဖို့ တောင်းဆိုပါ။ မဲစာရင်း မှာ မပါသင့်တဲ့သူတွေပါနေရင် ပုံစံ (၄)နဲ့ ကန့်ကွက်ပါဆိုတဲ့ အလုပ်တွေကို လုပ်စေချင်လို့ မဲဆန္ဒရှင်ကိုကပ်ထား၊ ကြေညာထားတဲ့ မဲစာရင်းတွေကို သွားရောက်ကြည့်စေချင်တာပါ။ ဒီလိုကြည့်မှလည်း ပိုမိုမှန်ကန်ပြည့်စုံ တဲ့ မဲစာရင်းကိုရမှာ ဖြစ်ပါတယ်။ မဲဆန္ဒရှင်တွေရဲ့ ပူးပေါင်းပါဝင်မှုကို လိုချင်လို့ ကျွန်တော်တို့အနေနဲ့ ဒီလို စီစဉ်ပေးရခြင်းဖြစ်ပါတယ်။
မေး။ ။ မဲစာရင်းတွေကို ကွန်ပျူ တာနဲ့ပြုစုတာက ဘယ်လိုအားသာ ချက်တွေရှိသလဲ၊ ဘယ်လိုအကျိုး ရလဒ်တွေ ရလာနိုင်သလဲ။
ဖြေ။ ။ကွန်ပျူတာထဲမှာ စာရင်း တွေရှိခြင်းအားဖြင့် နောင် ကွန်ပျူ တာထဲမှာ ကြားဖြတ်ရွေးကောက်ပွဲတွေ ရှိချင်ရှိဦးမှာပေါ့။ ဒီအခါမှာ ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲရဲ့ မဲစာရင်း အပေါ်မှာ အခြေခံရမှာကိုး။ ဒီတော့ ကြားဖြတ်ရွေးကောက်ပွဲလုပ်တဲ့ အချိန်အထိဆိုရင် ကြားထဲမှာ မဲစာရင်းတွေက ပြောင်းလဲနေဦးမှာပဲ။ သေတဲ့လူတွေ၊ (၁၈)နှစ်ပြည့်တဲ့ လူတွေကရှိနေမှာလေ။ ဒီအခါမှာ up to date ဖြစ်အောင် အချိန်နဲ့ တစ်ပြေးညီ ကွန်ပျူတာထဲမှာရှိတော့ ပြင်ဆင်ရတာ လွယ်ပါတယ်။
နောက် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ရဲ့ တကယ့်ရည်မှန်းချက် က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှာMain Server တစ်ခု လုပ်ထားပါတယ်။ တစ်နိုင်ငံလုံးမှာ ရှိတဲ့ မြို့နယ်ပေါင်း ၃၃ဝ ရဲ့ မဲဆန္ဒရှင်စာရင်းအားလုံးကို ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ Main Server ထဲမှာ သိမ်းဆည်း ထားမယ်။ ပြီးရင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ဝက်ဘ်ဆိုက် မှာ တင်ထားမှာပါ။ ဒါဆိုရင် နိုင်ငံရေး ပါတီတွေကော၊ မဲဆန္ဒရှင်တစ်ဦးချင်းစီ ကကော အင်တာနက်သုံးတဲ့ လူတိုင်း အချိန်မရွေးအခမဲ့ဝင်ကြည့်နိုင်ပါ တယ်။ ဒီလိုဝင်ကြည့်လို့ အမှားအယွင်း တွေ့လို့ complain ပေးရင် တစ်ခါ တည်းပြင်နိုင်မှာ ဖြစ်ပါတယ်။ ဒါက တော့ IT ခေတ်နဲ့ ဆီလျော်စွာ ဖြစ် မယ့် အကျိုးကျေးဇူးကိုရတာပေါ့။
မေး။ ။ဒီလို ခေတ်မီဆောင်ရွက် နိုင်အောင် နိုင်ငံတကာအကူအညီ တွေကော ရရှိခဲ့ပါလား။
ဖြေ။ ။နိုင်ငံတကာအကူအညီ ရပါတယ်။ ရွေးကောက်ပွဲမတိုင်ခင် အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုတဲ့အခါ မှာ ပြုစုပြီးသွားတဲ့ အချက်အလက်တွေ ကွန်ပျူတာထဲထည့်နိုင်ဖို့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကွန်ပျူတာတွေ အများကြီးရရှိအောင်IFASဆိုတဲ့ အဖွဲ့က ကူညီပေးပါတယ်။ ပြီးရင် အိုင်တီပညာရှင်တွေကိုလည်း သူတို့ က ငှားရမ်းပေးပါတယ်။ အချက် အလက်တွေ၊ ကွန်ပျူတာထဲကိုထည့် သွင်းမယ့် ကွန်ပျူတာအော်ပရေတာ တွေကိုလည်း သူတို့က သင်တန်းတွေ ပေးပါတယ်။ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်မှာ Main Server ပြုလုပ်ဖို့ကိစ္စကိုလည်း ဒီအဖွဲ့ကပဲ အကူအညီပေးပါတယ်။
မေး။ ။ ၂ဝ၁ဝ၊ ၂ဝ၁၂ တုန်းက မဲဆန္ဒရှင်စာရင်းပြုစုတာနဲ့ အခု ၂ဝ၁၅ ရွေးကောက်ပွဲအတွက် မဲဆန္ဒ ရှင်စာရင်းပြုစုတာ ကွာခြားမှုရှိပါ သလား။
ဖြေ။ ။ကွာခြားပါတယ်။ ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲတုန်းက ဥပဒေအရ မူလမဲစာရင်းဆိုတော့ ၂ဝ၁ဝ မဲစာရင်းကိုပဲလုပ်လိုက်တာ။ ၂ဝ၁ဝ မဲဆန္ဒရှင်စာရင်းပြုစုစဉ်က အခုအချိန်နဲ့စာရင် နည်းနည်းလေး တော့ စနစ်တကျမရှိခဲ့ဘူးလို့ ပြော လို့ရတယ်။ အဲဒီတုန်းက အိမ်ထောင်စု စာရင်းကိုအခြေခံတယ်လို့ တိတိ ကျကျပြောလို့မရဘူးပေါ့။ ပုံစံ (၁ဝ) အိမ်ထောင်စုစာရင်းကိုတော့ အခြေခံ တယ်။ ဒါပေမယ့် အဲဒီအချိန်မှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အတည်ပြုထားတဲ့လူအင်အားစာရင်း တွေကိုလည်း ကျွန်တော်တို့က ပြန် ကြည့်တယ်။ မဲဆန္ဒရှင်စာရင်းက နည်းနည်းလေး စနစ်တကျဖြစ်မှု အားနည်းတယ်လို့ ပြောရမယ်။
အခု ၂ဝ၁၅ မှာတော့ မဲဆန္ဒရှင် စာရင်းပြုစုတာက ၂ဝ၁ဝ ထက်စာရင် ပိုပြီးတော့ စနစ်ကျတယ်လို့ ပြောရ မယ်။ နောက် ၂ဝ၁ဝ မှာတုန်းက မဲဆန္ဒရှင်စာရင်းကို လက်ရေးနဲ့ပဲ ပြုစုခဲ့တာ။ အဲဒီအချိန်က ကွန်ပျူတာနဲ့ ပြုစုတာ တော်တော်လေးနည်းပါ တယ်။ အခု ၂ဝ၁၅ မှာတော့ အားလုံး က ကွန်ပျုတာတွေနဲ့ပဲ ဖြစ်သွားပြီ။ ဒါ့အပြင် မဲဆန္ဒရှင်စာရင်းကို အွန်လိုင်းကိုလည်း တင်မှာဖြစ်တဲ့ အတွက် ပိုပြီးတော့ ခေတ်မီလာပြီလို့ ပြောလို့ရတယ်။
မေး။ ။ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်း ထုတ်ပြန်ရာမှာ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုဟာ ဘာကြောင့် အရေးကြီးပါသလဲ။
ဖြေ။ ။ရွေးကောက်ပွဲတစ်ခုမှာမဲဆန္ဒရှင်စာရင်းက အရေးကြီးပါ တယ်။ ပြည့်စုံဖို့၊ မှန်ကန်ဖို့ လိုအပ် ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဆင့်ဆင့်အနေနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ ညွှန်ကြား ချက်အတိုင်း ဥပဒေ၊ နည်းဥပဒေတွေနဲ့ အညီ အတတ်နိုင်ဆုံးပြည့်စုံမှန်ကန် တဲ့ မဲစာရင်းဖြစ်အောင်ကြိုးစားနေ ပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ လိုအပ်ချက်တွေလည်း ရှိမှာပါ။ ဒီလိုအပ်ချက်တွေကို ပြင်ဆင်နိုင်ဖို့ အတွက် မဲဆန္ဒရှင်တွေကို ဒီအခွင့် အရေး ကျွန်တော်တို့ ပေးထားပါတယ်။ မဲစာရင်းတွေကို တစ်ပတ်တန်သည်၊ နှစ်ပတ်တန်သည် ကပ်ထားပေးတဲ့ အခွင့်အရေးကို ကျွန်တော်တို့ ပေးထားပါတယ်။ ဒီအခွင့်အရေးကို မဲဆန္ဒရှင်တွေအနေနဲ့ အမိအရဆုပ် ကိုင်ဖို့ ကျွန်တော်တို့ ပြောချင်ပါတယ်။ သူတို့ပူးပေါင်းပါဝင်မှလည်း ကော် မရှင်အဖွဲ့ခွဲအသီးသီးက ပြုစုတဲ့ မဲစာရင်းတွေဟာ ပြည့်စုံမှန်ကန်မှာ ဖြစ်ပါတယ်။ ဒါကြောင့် မဲစာရင်းကပ် ထားချိန်မှာ လာကြည့်ဖြစ်အောင် ကြည့်ကြပါ။ လိုအပ်တာတွေကို သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲတွေဆီမှာ သတ်မှတ်ထားတဲ့ ပုံစံတွေနဲ့ လျှောက်လွှာတင်ကြပါ။
(ကျေးဇူးတင်ပါတယ်)
တွေ့ဆုံမေးမြန်း - မြတ်သန္တာမောင်
ဓာတ်ပုံ - အငယ်လေး
The Mirror Daily
https://www.facebook.com/TheMirrorDaily
0 comments:
Post a Comment