အင်ဒိုနီးရှား၊ ဘန်ဒါအာချေးမှ ရှာရီယာပုလိပ်တို့၏ ကြိမ်ဒဏ်ပေးပွဲ


“ဒူးထောက်လျက် ကြောက်ရွံ့ပြီး ကူရာကယ်ရာမဲ့ဖြစ်နေသော ကျောင်းသားများသည် ကြိမ်ချက်ကျလာစဉ် မျက်စိမှိတ်ပြီး မျက်နှာကို ရှုံ့မဲ့ထားရုံမှလွဲ၍ ဘာမျှ မတတ်နိုင်ရှာချေ။ လူအုပ်ကြီးက ကြိမ်ဒဏ်ပြင်းပြင်းရိုက်ပေးရန် အယ်ဂိုလ်ဂျိုထံ အော်ဟစ်တောင်းဆိုကြပြီး . . .”


အမျိုးသမီးငယ်တဦး လဲကျသွားသည်မှာ ကြိမ်ဒဏ်ကြောင့်လော သို့တည်းမဟုတ် လူအုပ်စုကြီးရှေ့မှောက်၌ အပြစ်ပေးခံရခြင်း၏ စိတ်ဒဏ်ရာကြောင့်ပေလောဆိုသည်ကို သေသေချာချာ မပြောနိုင်ပါ။ ဘန်ဒါအာချေးမှ ဗလီတခုအရှေ့တွင် တည်ဆောက်ထားသော စင်မြင့်ထက်၌ တက္ကသိုလ်ကျောင်းသူတဦးကို သောကြာနေ့ဝတ်ပြုချိန်အပြီး ကြိမ်ဒဏ် ၄ ချက်ရိုက်၍ အပြစ်ပေးခဲ့သည်။ ရှာရီယာပုလိပ်တို့က သူမကို စင်ထက်မှတွဲခေါ်လာစဉ် မူး၍လဲကျသွားခဲ့သည်။

ထိုစင်မြင့်ထက်တွင် အပြစ်ပေးခံရသူမှာ သူမတဦးတည်း မဟုတ်ချေ။ အသက် ၁၈ နှစ် မှ ၂၃ နှစ်အကြား အိမ်ထောင်မရှိသူ အခြား တက္ကသိုလ်ကျောင်းသား/သူ ၅ ဦးနှင့် အသက် ၄၀ ကျော် အမျိုးသမီး ၁ ဦးတို့ကိုလည်း ရှာရီယာပုလိပ်တို့က အများပြည်သူရှေ့မှောက်၌ စီတန်းလှည့်လည်ပြသခဲ့သည်။ ထိုသို့ လှည့်လည်ပြသခြင်းခံရစဉ် အမျိုးသမီးများ အားလုံး ခေါင်းကို ငုံ့ ထားကြသည်။ အမျိုးသားတဦးသည် လူအုပ်စုကြီး၏ စိုက်ကြည့်ခြင်း၊ သရော်လှောင်ပြောင်ခြင်းကို ရှောင်ရှားရန် မျက်နှာကိုလက်ဝါးဖြင့် အုပ်ထားသည်။


အသက် ၄၀ အရွယ် အမျိုးသမီးကို အိမ်ထောင်ရေးဖောက်ပြန်မှုဖြင့် အပြစ်ပေးခံရခြင်း ဖြစ်သည်။ စုံတွဲ ၃ တွဲမှာ ၂ ကိုယ်တည်းအတူရှိနေကြစဉ် ရှာရီယာပလိပ်တို့က ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ အိမ်ထောင်မရှိသူများ ထိုသို့ နေထိုင်ခြင်းကို အာချေးတွင် တားမြစ်ထားသည်။ ထိုသို့သော အပြုအမူမျိုးကို အင်ဒိုနီးရှား၏ အခြားနေရာများတွင်လည်း လက်မခံကြသော်လည်း ကမ္ဘာ့မွတ်စလင်ဦးရေးအများဆုံးနိုင်ငံတွင် အစ္စလာမ်မစ်ဥပဒေကို ဘန်ဒါအာချေးပြည်နယ်တခုတည်းတွင်သာ ကျင့်သုံးရန် ခွင့်ပြုထားသည်။

အင်ဒိုနီးရှားနိုင်ငံ၏ အနောက်ဘက်စွန်းကျသော အာချေးပြည်နယ်တွင် ဆယ်စုနှစ်များစွာကြာမြင့်ခဲ့သော ခွဲထွက်ရေးလှုပ်ရှားမှုကို အဆုံးသတ်ရန် အင်ဒိုနီးရှားအစိုးရက ၂၀၀၁ ခုနှစ်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးခဲ့ရာ ရှာရီယာဥပဒေပြဌာန်းကျင့်သုံးခွင့်ပါ ပေးခဲ့သည်။ ၂၀၀၄ ဆူနာမီငလျင်ဒဏ်ကြောင့် အာချေးပြည်နယ်တွင် လူ ၁ သိန်း ၇ သောင်းခန့် သေဆုံးခဲ့သည့်အပြင် နိုင်ငံ၏အခြားနေရာများတွင်းလည်း လူထောင်ပေါင်းများစွာ သေဆုံးခဲ့ရသည်။ ထို ဆူနာမီဒဏ်သည် ဗဟိုအစိုးရနှင့် သူပုန်များအကြား ငြိမ်းချမ်းရေးယူရန် တွန်းအားဖြစ်ခဲ့သည်။ အာချေးပြည်နယ်သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဆက်လက်ရရှိခဲ့ပြီး ထိုအချိန်မှစ၍ ရှာရီယာဥပဒေသတ်မှတ်ချက်များ တိုးမြှင့်ချမှတ်လာခဲ့သည်။

ဘာသာရေးကိုင်းရှိုင်းသော အာချေးမှ အချို့သော ဥပဒေသတ်မှတ်ချက် (bylaws) များသည် အနောက်နိုင်ငံများ၏စံနူန်းနှင့်တိုင်းထွာလျှင် အစွန်းရောက်သည်။ အမျိုးသမီးများ မော်တော်ဆိုင်ကယ်ပေါ်လိုက်ပါရာတွင် ဘေးတိုက်သာ ထိုင်ခွင့်ပြုပြီး အိမ်ထောင်အပြုရသေးသူ အမျိုးသားနှင့်အမျိုးသမီး အတူတကွ ဆိုင်ကယ်စီးခွင့် မရှိချေ။

ပန့်ခ့်ဖက်ရှင် ၀တ်ဆင်လိမ်းခြယ်သူများကို ခေါင်းတုံးရိတ်၍ နားဆွဲ နားကွင်းများ ချွတ်ကာ လူအများရှေ့တွင် ရေချိုးစေသည်။ စာရိတ္တပြုပြင်ရေးသင်တန်းများ တတ်ရောက်စေသည်။ ရှာရီယာပုလိပ်များသည် ရဲတပ်ဖွဲ့နှင့် သီးခြားရပ်တည်ကာ စာရိတ္တပျက်ပြားသည့်လုပ်ရပ် ကျုးလွန်သူများကို ရှာဖွေရန် ညပိုင်းတွင် လမ်းမများပေါ်၌ သွားလာလှည့်ပတ်လေ့ရှိသည်။


ကြိမ်ရိုက်ခြင်းကို ၂၀၀၅ မှစတင်ကျင့်သုံးခဲ့ပြီး တစတစ ကြိမ်ရိုက်မှုတိုးမြင့်လာရာ ယခုနှစ်အတွင်းမှာပင် အာချေးပြည်သူ ၁၀၀ ခန့် ကြိမ်ဒဏ်သင့်ခဲ့ပြီဖြစ်သည်။ အာချေး၏အခြားနေရာများတွင် မကြာခဏ ကြိမ်ဒဏ်ပေးခြင်းမှုများရှိသော်လည်း လူသူစည်ကားရာ ပြည်နယ်မြို့တော်တွင် ဤအကြိမ်သည် ယခုနှစ်အတွက် ပထမဆုံး ဖြစ်သည်။ ထို အန္နိဌာရုံမြင်ကွင်းကြီးကို လူပေါင်း ၁၀၀ ခန့်လာရောက် ကြည့်ရှုကြသည်။

အဖြူရောင်ဝတ်ရုံဝတ်ဆင်ပေးထားသည့် ကျောင်းသားများကို ရဲကားပေါ်မှ ကြိမ်ဒဏ်ရိုက်မည့်စင်ပေါ်သို့ ခေါ်ဆောင်လာစဉ် လူထုကြီးမှာ ပွက်လောရိုက်နေသည်။ အပြစ်ပေးခံရမည့်သူများကို လှောင်ပြောင်စော်ကားကြသည်။ တားမြစ်ထားသည်ဟုဆိုသော်လည်း တိုးဝှေ့ကြည့်ရှုသူများထဲတွင် ကလေးငယ်များလည်း ပါဝင်သည်။ ကင်မရာရိုက်ရန် ဖုန်းများကို ကိုင်မြှောက်ထားကြသည်။ အမျိုးသမီးရှာရီယာပုလိပ် ၂ ဦးက အမျိုးသမီးများကို ဘယ်ညာတဘက်တချက်စီမှ ကိုင်၍ ခေါ်ဆောင်လာသည်။ ပြစ်မှုများကို ဖတ်ကြားစဉ်တွင် ၎င်းတို့ ဒူးထောက်ထိုင်လျက် ရှိကြသည်။

မျက်လုံးမှလွဲ၍ ခေါင်းမှခြေအဆုံးဝတ်ရုံခြုံထားသော အယ်ဂိုဂျို ခေါ် ရှာရီယာပုလိပ်အထူးတပ်ဖွဲ့ဝင်သည် ၁ မီတာခန့်ရှည်လျားသော ကြိမ်တုတ်ကို ကိုင်ဆောင်လျက် ရှေ့ထွက်လာသည်။ နှစ်ပေါင်းများစွာ အယ်ဂိုဂျိုများကို ပုခုံးအမြင့်ထက်ကျော်၍ လက်လွှဲခွင့်မပြုခဲ့သော်လည်း ကြိမ်ဒဏ်ပြင်းပြင်း ပေးနိုင်ရန် ၎င်းသတ်မှတ်ချက်ကို ၂၀၁၃ ခုနှစ်က ပြင်ဆင်ခဲ့သည်။

ဒူးထောက်လျက် ကြောက်ရွံ့ပြီး ကူရာကယ်ရာမဲ့ဖြစ်နေသော ကျောင်းသားများသည် ကြိမ်ချက်ကျလာစဉ် မျက်စိမှိတ်ပြီး မျက်နှာကို ရှုံ့မဲ့ထားရုံမှလွဲ၍ ဘာမျှ မတတ်နိုင်ရှာချေ။ လူအုပ်ကြီးက ကြိမ်ဒဏ်ပြင်းပြင်းရိုက်ပေးရန် အယ်ဂိုလ်ဂျိုထံ အော်ဟစ်တောင်းဆိုကြပြီး ပြစ်ဒဏ်လျော့ပေါ့ပေးသည့်အခါ စိတ်ပျက်ညည်းတွားကြလေသည်။

အိမထောင်မရှိသူများ ဆန့်ကျင်ဘက်လိင်နှင့် စပ်ယှက်ခြင်းကို ကြိမ်ဒဏ် ၃ ချက်မှ ၉ ချက် အပြစ်ပေးနိုင်သည်။ လောင်းကစားသူများကို ၆ ချက် မှ ၁၂ ချက်၊ အရက်သေစာသောက်စားသူများကို အချက် ၄၀ အထိ အပြစ်ပေးနိုင်သည်။ အောက်တိုဘာလတွင် လွှတ်တော်က အဆိုပြုချက်သစ်ကို လက်ခံလိုက်မည်ဆိုပါက ကြိမ်ရိုက်အပြစ်ပေးနိုင်သည့် အမှု ထပ်တိုးလာမည်ဖြစ်သည်။

အများပြည်သူရှေ့ နမ်းရှုံ့သူများကို ကြိမ်ဒဏ် ၄၅ ချက်၊ လိင်တူဆက်ဆံမှု ကျုးလွန်သူများ ကြိမ်ဒဏ် ၁၀၀ ခန့် ပေးခံရနိုင်သည်။


အာချေးပြည်နယ်သည် လှပသော ရှုခင်းများနှင့် ရေလွှာလျောစီးရန်နှင့် ဒိုက်ဗင်းဝါသနာရှင်များအတွက် အကြိုက်တွေ့မည့် နေရာ အချို့ကြောင့် ပြည်ပခရီးသွားအနည်းငယ် လာရောက်ကြသည်။ ပြည်ပခရီးသွားများလည်း ရှာရီယာဥပဒေမှ ကင်းလွတ်ခွင့် မရှိဘဲ ယမန်နှစ်ကချမှတ်လိုက်သော ဥပဒေကြောင့် မွတ်စလင်မဟုတ်သူများလည်း အစ္စလာမ်မစ်စည်းကမ်းဘောင်အတွင်း လိုက်နာနေထိုင်စေသည်။ သို့ရာတွင် နိုင်ငံခြားသားများကို ရှာရီယာဥပဒေဖြင့်အပြစ်ပေးသည်ဆိုသည့် သတင်းမျိုး ယခုထက်ထိ မကြားသိရသေးဘဲ သရုပ်ပျက်ဝတ်ဆင်မှုမရှိပါက အာချေးပြည်သူများသည် နိုင်ငံခြားသားများကို ကြိုဆိုသော်လည်း ချစ်ခင်မှုကို အများရှေ့ ပြသလေ့မရှိချေ။

လက်ရှိ ဥပဒေသည် ပေါ့လျော့သေးသည်ဟု ယူဆသူ အာချေးတွင် အများအပြားရှိသည်။ အကျင့်ပျက်ခြစားသည့် အစိုးရအရာရှိများကိုလည်း ကြိမ်ဒဏ်ပေသင့်ကြောင်း တောင်းဆိုမှုများရှိသော် ဖြစ်လာနိုင်ခြေ နည်းပါးသည်။ အဆင့်မြင့်အရာရှိများ သရုပ်ပျက်ညစ်ညမ်းသည့်အခါ ကြိမ်ဒဏ်မှလွတ်ကင်းနေခြင်းကို ပြည်သူများက ညည်းညူကြသည်။ လွန်ခဲ့သော ၂ နှစ်ခန့်က လူအများ လေးစားရသော လူကြီးတဦး အလှပြင်ဆိုင်ခန်းတွင် ၎င်းနှင့်ပတ်သက်မှုမရှိသူ အမျိုးသမီးတဦးနှင့် အဖမ်းခံခဲ့ရသော်လည်း မည်သည့်ပြစ်ဒဏ်မှ မခံခဲ့ရချေ။ ကျောင်းသားများအတွက်မူ ထိုသို့သော သက်ညှာမှု ပေးမထားပေ။ အရှက်ရဖွယ် ထိုပြစ်ဒဏ်ပေးပွဲသည် ၁ နာရီကျော်ကြာ ကြာမြင့်ခဲ့သည်။

_ Banda Aceh, July 13
နူဝါဒင် ဟာဆန် (အေအက်ဖ်ပီ)
(Nurdin Hasan သည် ၂၀၀၀ ကတည်းက AFP အတွက် အာချေးသတင်းထောက်အဖြစ် လုက်ကိုင်လျက်ရှိသူ ဖြစ်သည်။)
ပုံ - ဇူလိုင် ၁၂ ရက်က ပြုလုပ်ခဲ့သော ကြိမ်ဒဏ်ပေးပွဲ (AFP Photo / Chaideer Mayhuddin)

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment