ဝန်ကြီးဦးစိုးသိမ်း ရွေးကောက်ပွဲ ၀င်ဖို့ ဘော်လခဲခရိုင်မှာ စာရင်းသွင်း


 သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းကို တွေ့ရစဉ်။ Photo: RFA
 သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းဟာ လာမယ့်ရွေးကောက်ပွဲမှာ ကယားပြည်နယ် အမျိုးသား လွှတ်တော်မဲဆန္ဒနယ် အမှတ် ၉ ကနေ တစ်သီးပုဂ္ဂလအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ဖို့အတွက် ဘော်လခဲ ခရိုင် ရွေးကောက်ပွဲကော်မရှင်မှာ အမည်စာရင်းတင်သွင်းထားပါတယ်။ ၀န်ကြီး ဦးစိုးသိန်းဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၇ရက်နေ့က လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းခဲ့တာဖြစ်တယ်လို့ ဘော်လခဲ ခရိုင် ရွေးကောက်ပွဲကော်မရှင်ရုံးအရာရှိ ဦးကျော်လင်းက ပြောပါတယ်။

"၀န်ကြီး ဦးစိုးသိန်းကတော့ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် ၉ မှာဖြစ်ပါတယ်ခင်ဗျ၊ ၇ ရက်နေ့ ၈ လပိုင်းက တင်ပါတယ်ခင်ဗျ"

ဝန်ကြီး ဦးစိုးသိန်း ရွေးကောက်ပွဲဝင်မယ့် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် ၉ မှာ ဘော်လခဲမြို့နယ်က ရပ်ကွက်နှစ်ခုနဲ့ ကျေးရွာအုပ်စု ၅ခု ပါဝင်ပါတယ်။ အဲဒီနေရာမှာ ကယားလူမျိုးစုဒီမိုကရေစီပါတီနဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီတို့က ကိုယ်စားလှယ်လောင်းတွေလည်း အမည်စာရင်းတင်ထားပါတယ်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖံွ့ဖြိုးရေးပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်တွေဖြစ်တဲ့ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းနဲ့ ဦးအောင်မင်းတို့ဟာ ကယားပြည်နယ်ကနေ ရွေးကောက်ပွဲဝင်ဖို့အတွက် ပါတီမှာတင်ပြထားပေမယ့် ခွင့်မပြုခဲ့တာကြောင့် အရင်က ရွေးကောက်ပွဲဝင်ခဲ့တဲ့ မဲဆန္ဒနယ်တွေကသာ ရွေးချယ်ခံဖို့ အကြောင်းပြန်ထားတယ်လို့ သိရပါတယ်။

ဝန်ကြီး ဦးအောင်မင်းကလည်း ကယားပြည်နယ်ကနေ ရွေးကောက်ပွဲဝင်မယ်ဆိုတဲ့ သတင်းတွေထွက်နေပေမယ့် ဒီနေ့အထိ အမည်စာရင်းတင်ထားခြင်းမရှိသေးဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ၀န်ကြီးဦးစိုးသိန်းက ယှဉ်ပြိုင်မယ့်သူမရှိတဲ့ တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်ကနေ ရွေးကောက်ပွဲဝင်ခဲ့တာဖြစ်ပြီး ဦးအောင်မင်းက ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ကနေ ရွေးကောက်ခံခဲ့တာဖြစ်ပါတယ်။

ကယားပြည်နယ် ၀န်ကြီးချုပ်နဲ့ ပြည်နယ်ဝန်ကြီး ၄ဦးကလည်း ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖံွ့ဖြိုးရေးပါတီ ကနေ နှုတ်ထွက်ပြီး ကယားပြည်နယ်ကနေ တစ်သီးပုဂ္ဂလအဖြစ် ရွေးကောက်ပွဲဝင်မယ်လို့ သတင်းတွေ ထွက်နေပါတယ်။

ကယားပြည်နယ် မြို့နယ် ၇ခုမှာ လူဦးရေ ၂သိန်း ၇သောင်းကျော်ရှိရာ မဲပေးခွင့်ရှိသူ ၁သိန်းခွဲကျော်ရှိတယ်လို့ သိရပါတယ်။ နိုင်ငံတော်သမ္မတ တိုက်ရိုက်ရွေးချယ်ခန့်အပ်ထားတဲ့ နေပြည်တော်ကောင်စီအဖွဲ့ဝင် ၅ဦးဟာလည်း နေပြည်တော် မဲဆန္ဒနယ်မြေတွေကနေ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းတွေအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ဖို့ အမည်စာရင်းတင်ထားပါတယ်။

RFA Burmese
http://www.rfa.org/burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment