ကျောက်ဖြူတွင် နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်လာသူ တစ်ဦးက အရာရှိ အမျိုးသမီးတစ်ဦး၏ နောက်ကြောကို ကတ်ကြေးဖြင့်ထိုး


ကျောက်ဖြူ၊ စက်တင်ဘာ ၈

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် စက်မှုကြီးကြပ်ရေး ဦးစီးဌာနမှ ဒုတိယကြီးကြပ်ရေးမှူး အဆင့်ရှိသူ အမျိုးသမီး တစ်ဦး၏ နောက်ကြောအား နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် များမကြာမီက လွတ်လာသူ တစ်ဦးက ကတ်ကြေးဖြင့် ထိုးသဖြင့် ယင်းအမျိုးသမီးတွင် ဒဏ်ရာ နှစ်ချက်ရကာ ဆေးရုံတင်လိုက်ရသည်ဟု သတင်း ရရှိသည်။

ကတ်ကြေးဖြင့် ထိုးသူမှာ ကျောက်ဖြူမြို့၊ စေတီတောင် ရပ်ကွက်တွင် နေထိုင်သူ မျိုးကျော်(ခ) နေမင်းရာဇာ(ခ) ရာဇာ(ခ) ဂျွန်နေလင်း အသက်(၃၄)နှစ် ဖြစ်ပြီး များမကြာမီက နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသူဟု သိရသည်။

“နောက်ကြောကို ကတ်ကြေးနှင့် နှစ်ချက်ထိုးပြီး ထွက်ပြေးသွားတယ်။ သူ့ကို ဖမ်းဆီးလိုက်ပါပြီ။ အချိန်နှင့် တစ်ပြေးညီ တရားခံကိုပြည်သူတွေနဲ့ ပူးပေါင်းပြီး ဖမ်းဆီးနိုင်ခဲ့တယ်။ သူက စိတ်မမှန်ဘူးလို့ သိရပါတယ်” ဟု နယ်ထိန်း အဖွဲ့ခေါင်းဆောင် ဒုရဲအုပ် ရဲထွန်း ကပြောသည်။

ကတ်ကြေးဖြင့် အထိုးခံရသူအမျိုးသမီးမှာ သန်ပန်ချောင်း ရပ်ကွက်၊ ငါးလုပ်ငန်းဦးစီးဌာန ခြံဝင်းတွင်နေသူ စက်မှုကြီးကြပ်ရေး ဦးစီးဌာနမှ ဒုတိယကြီးကြပ်ရေးမှူး ဒေါ်နီလာစိုး အသက်(၃၃)နှစ် ဖြစ်သည်။

သူမသည် စက်တင်ဘာလ ၈ ရက်နေ့ နံနက် ၁၀ နာရီခန့်က သူငယ်ချင်းအမျိုးသမီးနှင့်အတူ နေအိမ်မှ စီးပွားရေးဘဏ်သို့ အသွား ပြည်သာယာ ဈေးအ၀င်လမ်းတွင် စားသောက်ဖွယ်ရာများ ၀ယ်ယူပြီးအပြန်တွင် မျိုးကျော်က ကတ်ကြေးဖြင့် နောက်ကျောကို နှစ်ချက်တိတိ ထိုးသွားခဲ့သည်ဟု ဆိုသည်။

ဒေါ်နီလာစိုးအား ကျောက်ဖြူ ဆေးရုံတွင် တင်ထားရပြီး စကားပြောနိုင်ပြီဖြစ်သော်လည်း ဘယ်ဘက်ပေါင်တစ်ခြမ်းမှာ မလှုပ်နိုင်သေးကြောင်း ဒုရဲအုပ် ရဲထွန်းက ဆက်လက်ပြောကြားသည်။

ကတ်ကြေးဖြင့်ထိုးခဲ့သူတရာခံ မျိုးကျော်က ထောင်ကလွတ်လာရင်လည်း နောက်ထပ်အမျိုးသမီးတွေကို ဓားနဲ့ လူအများအပြားကို ဆက်ပြီးထိုးသွားမည်ဟု ကြုံးဝါးသွားကြောင်း မျက်မြင်တစ်ဦးဖြစ်သူ သွေးလှူရှင်အသင်း အတွင်းရေးမှူး ဦးညွန့်သိန်း ကပြောသည်။

ယခု အခင်း မဖြစ်ပွားမှီကလည်း တစ်ခြား အမျိုးသမီး ၃ ဦးကို နာရီစင်ကွင်းအနီးတွင် ဓာဖြင့်ထိုးရန်လိုက်ခဲ့ပြီး အမျိုးသမီးများမှာ ထွက်ပြေး လွတ်မြောက်ခဲ့ကြောင်းသိရသည်။

တရားခံကို ပုဒ်မ၃၂၆နှင့် အမှုဖွင့်ထားကြောင်း ကျောက်ဖြူ စခန်းမှူး ရဲအုပ်စိုးကျော် က နိရဉ္စရာသို့ အတည်ပြုပြောကြားသည်။

ကတ်ကြေးဖြင့်ထိုးခဲ့သူ တရားခံ မျိုးကျော် (ခ) ရာဇာသည် စိတ်နှောက်နေသူ တစ်ဦးဖြစ်ပြီး ထောင်လေးကြိမ် ကျဖူးကြောင်း သိရသည်။ ၂၀၀၀ခုနှစ်တွင် ကိုယ့်လက်ကို ဓားဖြင့် ထိုး၍ ထောင်၆လကျခဲ့ရပြီး ၂၀၀၅ခုနှစ်တွင် ဓားထိုးမှုဖြင့် ထောင်ဒဏ်၃နှစ်ချခံရကာ ထောင်ထဲတွင် ၁နှစ်နှင့် ၁၁လနေခဲ့ရပြီး လွတ်လာခဲ့သည်။ ၂၀၀၈ခုနှစ်မှာ ဓားထိုးမှု ဖြစ်ပြီး ထောင်ဒဏ်၂နှစ်ချခံရကာ နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ၃လဖြင့် လွတ်လာသည်။ မျိုးကျော်သည် ၂၀၁၂ခုနှစ်မှာ သာသနာ့ ဗိမာန်ကို ဖြိုသတ်မှုဖြင့် ထောင်ဒဏ် ၃နှစ်ချခံခဲ့ရပြီး ထောင်ထဲတွင် တနှစ်ကျော် နေထိုင်ကာ နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် များမကြာမီက လွတ်မြောက်လာသူ ဖြစ်ကြောင်း သိရသည်။

ကျော်ဝင်း
Arakan State
https://www.facebook.com/NarinjaraNews
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment