သားနဲ့သမီးမှာ လောလောဆယ်တော့ သမီးကြီးကို ကျောင်းပို့ တာဝန်ယူဖြစ်နေတယ်လို့ ဆိုလာတဲ့ ပြေတီဦး


ဒုတိယရင်သွေးလေး ရလာတဲ့အတွက် သမီး အကြီးမလေးကို ကျောင်းပို့တဲ့ အလုပ်ကို တာဝန်ယူဖြစ်တယ်လို့ပြောပြလာတဲ့ ပြေတီဦးက သာယာလှပပြီးပြည့်စုံတဲ့ မိသားစုဘ၀လေးကြောင့် ပျော်ရွှင်နေရပြီး အားတဲ့အချိန်တွေမှာ ကလေးတွေကိုအချိန်ပေးဖြစ်ကာ တစ်ဖက်ကတော့ ပရိသတ်တွေကိုပေးဆပ်တဲ့ အနုပညာအလုပ်ကိုလည်း မပျက်မကွက် လုပ်ဆောင်နေတာပါ။ ဒါ့အပြင် သူဟာ ပရဟိတအလုပ်တွေကိုလဲ လုပ်ကိုင် ဆောင်ရွက်ပေးတဲ့သူ တစ်ဦးဖြစ်တာကြောင့် သူနဲ့တွေ့ဆုံခိုက် နိုင်ငံရေး၊ အနုပညာအကြောင်းအရာတွေနဲ့ မိသားစုအကြောင်းလေး မေးကြည့်လိုက်တော့
-အခုရိုက်နေတဲ့ ကားလေးအကြောင်းကို အရင်ပြောပြပေးပါဦး။
တလွဲစိန်တဲ့။ ဒါရိုက်တာက သားကြီး၊ မင်းသမီးက အိချောပိုပါ။ ဒီကားလေးထဲမှာ အစ်ကိုကတော့ စီးပွားရေးသမား၊ စည်းနဲ့ကမ်းနဲ့နေတတ်ထိုင်တတ်တယ်။ ဒါပေမဲ့ ကိုယ်နဲ့တွေ့တဲ့ကောင်မလေးကျတော့ အရာရာကို တလွဲတွေကြီးပဲ။ အဲ့ဒီလိုပုံစံလေးပေါ့။
-ဒီကားပြီးရင်ဘာကား လက်ခံထားသေးလဲ။
ဒီကားပြီးရင်ကိုကျော်ဇောလင်းနဲ့ဗီဒီယိုကားလေးတွေ လက်ခံထားတယ်။ ၉လပိုင်းနောက်ပိုင်းမှာလဲ ကားကြီးတွေ လက်ခံထားတာရှိသေးတယ်။ ရိုက်ပြီ၊ သေချာပြီဆိုရင်ပြောပါ့မယ်။
-၂၀၁၅ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ အမြင်လေးကိုလဲသိချင်ပါတယ်။
ငြိမ်းငြိမ်းချမ်းချမ်းအေးအေးချမ်းချမ်းလေးနဲ့လေ ဘာပြသနာမှ မတက်ပဲနဲ့ အပြောင်းအလဲလေး တစ်ခုဖြစ်စေချင်ပါတယ်။ ပြည်သူပြည်သားတွေ အားလုံးရဲ့ဆန္ဒနဲ့ ကိုက်ညီတဲ့ ရလဒ်တစ်ခုလဲ ထွက်ပေါ်စေချင်ပါတယ်။ ငြိမ်းငြိမ်းချမ်းချမ်းလေးနဲ့ ဘာပြသနာမှမဖြစ်ပဲ ပြီးသွားဖို့က ကျွန်တော်တို့အားလုံး လိုလားတောင့်တကြတဲ့အရာပါပဲ။ နိုင်ငံတော်မှာရှိတဲ့ တာဝန်ရှိတဲ့သူတွေ အားလုံးကလဲ ရွေးကောက်ပွဲကို အားလုံးမှန်မှန်ကန်ကန်နဲ့ လုပ်ပြီးတော့ ဘယ်လိုရလဒ်ပဲထွက်ထွက် လက်ခံမယ်လို့ပြောထားတာမျိုးလေးတွေလဲ အစ်ကိုတို့ကြားသိရတာမျိုးလေးတွေရှိတယ်ပေါ့။ အဲ့ဒီအတိုင်းဖြစ်ပါစေလို့ပဲ အစ်ကိုတို့လဲဆုတောင်းပါတယ်။
-ဘယ်ပါတီကို မဲပေးဖို့စဉ်းစားထားလဲ။
ဆုံးဖြတ်ထားပြီးသားတော့ ရှိပါတယ်။ ပြည်သူတွေ အားလုံးထည့်မယ့် ပါတီနဲ့ကျွန်တော်တို့ရွေးမယ့် ပါတီတစ်သားတည်းကျမှာပါ။
-ရွေးကောက်ပွဲ နီးတဲ့အချိန်မှာ သဘာဝဘေးအန္တရယ်တွေကလဲ ဖြစ်နေတဲ့အတွက် ၂၀၁၅ ရွေးကောက်ပွဲကိုပြည်သူတွေ စိတ်ဝင်စားမှု အားနည်းနေတယ်လို့လဲပြောနေကြတယ်။ အဲ့ဒီအပေါ် အစ်ကိုအမြင်လေးကိုလဲပြောပြပေးပါဦး။
အားလုံးက မဲပေးကြဖို့ကို ရင်ထဲမှာရှိပါတယ်။ မဲပေးကြဖို့ဆိုတာလဲ ဆန္ဒတွေရှိပါတယ်။ ပေးလဲပေးကြမှာပါ။ ဒါပေမဲ့ လောလောဆယ်မှာ မဲပေးရမဲ့အချိန်မရောက်သေးတဲ့အတွက် အားလုံးက လှုပ်လှုပ်ရှားရှား မဖြစ်ကြသေးတာပါ။ လောလောဆယ်မှာ အရေးကြီးဆုံးက ရေဘေးကိစ္စလိုဖြစ်နေတော့ လတ်တလောမှာဖြေရှင်းရမဲ့ကိစ္စကိုပဲ အာရုံစိုက်နေလို့ပါ။ ကျွန်တော့်အထင်ပေါ့လေ။ မဲပေးရမယ့် အချိန်ရောက်လာရင်တော့ အားလုံးတက်တက်ကြွကြွနဲ့မဲပေးကြလိမ့်မယ်လို့ထင်ပါတယ်။
-တချို့ကလဲ မဲပေးတဲ့ ပါတီမတူရင် ရန်သူဆိုပြီးသတ်မှတ်ကြတာမျိုးလဲရှိတယ်။ အစ်ကို့အမြင်ကရော။
မဆိုင်ပါဘူး ညီမလေးရယ်။ လူဆိုတာကတော့ ကိုယ့်အိမ်ထဲမှာရှိတဲ့ မိသားစုတွေတောင်မှပဲ တစ်သွေးတည်း တစ်သားတည်းဖြစ်ဖို့ဆိုတာ မလွယ်တဲ့ဟာ တစ်နိုင်ငံထဲမှာ ရှိတဲ့ လူသန်းပေါင်းများစွာက တစ်စိတ်တည်းတစ်ဝမ်းတည်း ဘယ်ဖြစ်နိုင်ပါ့မလဲ။ ကိုယ့်အတွေးကိုယ့်အယူအဆနဲ့ ကိုယ်တော့ရှိကြမှာပဲ။ အရေးကြီးတာကတော့ ဘယ်ပါတီကို ဘယ်သူပဲ အားပေးသည်ဖြစ်စေ ဒါတွေအားလုံးက မူအရပဲသွားရမှာပေါ့။ လူအရကတော့ တစ်ယောက်ကို တစ်ယောက်ချစ်ခင်ရမယ်။ စည်းလုံးရမယ်။ ရိုင်းပင်းကူညီရမယ်။ အားလုံးရဲ့ရင်ထဲမှာ ကျွန်တော်တို့နိုင်ငံကို အကောင်းဆုံးဖြစ်အောင် ထူထောင်ချင်တဲ့ဆန္ဒတွေရှိမယ်ဆိုရင် ပေါင်းစည်းရတာ လွယ်လွယ်ကူကူလေးဖြစ်မှာပါ။
-၂၀၁၅မှာမြန်မာနိုင်ငံကို အားလုံးကပြောင်းလဲမှု တစ်ခုဖြစ်စေချင်ကြတယ်။ မျှော်လင့်နေကြတယ်။ အစ်ကို့အမြင်ကရော။
ကျွန်တော်လဲပြောင်းလဲစေချင်တာပေါ့ဗျာ။ ဘယ်ပြောကောင်းမလဲ။ ကျွန်တော်တို့နိုင်ငံက သူများ တိုင်းပြည်တွေနဲ့ယှဉ်ရင်အရမ်းကိုနောက်ကျနေပြီ။ စည်းစနစ်တကျနဲ့ တစ်ယောက်ကို တစ်ယောက် ချစ်ချစ်ခင်ခင်စည်းစည်းလုံးလုံးနဲ့ အကောင်းမြင်တဲ့စိတ်တွေနဲ့ရှေ့ဆက်သွားဖို့လိုပါတယ်။
-ရေဘေးနဲ့ပတ်သက်ပြီးတော့လဲ အနုပညာရှင်တွေပြည်သူတွေကပဲ ကူညီထောက်ပံ့ပေးနေတယ်လို့မြင်ကြတယ်။ အစိုးရရဲ့ထောက်ပံ့ပေးမှုက ထင်သာမြင်သာမရှိတဲ့အပိုင်းနဲ့ပတ်သက်ပြီးတော့လဲ ဒါကိုဝေဖန်ကြတဲ့ လူအချို့ရဲ့အမြင်ကို အစ်ကိုကသုံးသပ်ပေးပါဦး။
အားနည်းတာတွေလဲအားနည်းတာပဲဗျ။ နောက်တစ်ချက်ကလေ ဒီဟာတွေအတွက်ကို ကြိုတင်ပြီးပြင်ဆင်မှုတွေ၊ ကြိုတင်ပြီးစဉ်းစားထားတာတွေမရှိတဲ့အခါ သေသေချာချာစနစ်တကျနဲ့မလုပ်နိုင် မကိုင်နိုင်တဲ့အခါကျတော့ ထိရောက်တဲ့ ကူညီမှုတွေဖြစ်မလာတာလို့ကျွန်တော်ကတော့ထင်မိတယ်။
-သားလေးကိုရော နာမည်ပေးပြီးသွားပြီလား။
သားလေးက ၂လကျော်ပြီ။ နာမည်ကတော့ မပေးရသေးပါဘူး။
-လက်ရှိပြည့်စုံသွားတဲ့ မိသားစုဘ၀လေးနဲ့ပတ်သက်ပြီးစိတ်ခံစားချက်ကိုလဲသိချင်ပါတယ်။
အရမ်းပြည့်စုံသွားတယ်။ အရမ်းကိုပျော်စရာကောင်းပါတယ်။ မိသားစုလေးက သားရော၊ သမီးရောပြည့်စုံသွားပြီဆိုတော့ အိမ်မှာဆိုလဲ တစ်ရက်တစ်ရက်ကို ဒီကလေးတွေနဲ့ပဲ ဖြတ်သန်းဖြစ်တယ်။ အလုပ်တွေလဲ ရှုပ်နေတယ်ဆိုတော့ အစ်ကိုက မနက်မနက်ဆို အိပ်ရာကစောစောထပြီးပြေသုဒြာလေးကို ကျောင်းပို့ပြီးတော့မှ ရှုတင်လာပေါ့။ သူ့ကိုကျောင်းပို့တဲ့ တာဝန်ကိုတော့ အစ်ကိုယူထားဖြစ်တယ်။
-ကလေးတွေကိုရော ဘယ်လိုအချိန်ပေးဖြစ်လဲ။
အငယ်လေးကတော့ ဒီအချိန်မှာ အရမ်းကြီးမသိနားမလည်သေးတဲ့အတွက် အချိန်တော်တော်များများကလဲ အိပ်နေတဲ့အချိန်ပဲ ရှိသေးတဲ့အတွက် အစ်ကိုအိမ်မှာ ရှိတဲ့အချိန်တွေကတော့ ကလေးနားမှာနေတာပေါ့လေ။ ဒါပေမဲ့သားလေးကတော့ အရမ်းကြီး မသိနိုင်သေးဘူးပေါ့။ နာမည်လေးကိုတော့ စဉ်းစားနေတုန်းပဲ။ အခုထိဆုံးဖြတ်ချက်က တိတိကျကျမဖြစ်သေးလို့ပေးပြီဆိုရင်တော့ပြောပါ့မယ်။
-အစ်ကိုရိုက်သမျှဇာတ်တွေ ပရိသတ်ကြိုက်ကြတယ်။ အစ်ကိုရွေးချယ်သမျှဇာတ်တွေ ပရိသတ်အားပေးကြတယ်။ နောက်ပိုင်းမှာရော ရုပ်ရှင်ကားကြီးနဲ့ပတ်သက်ပြီးဘယ်လိုမျိုးလေး အစီအစဉ်ဆွဲထားလဲ။
ရုပ်ရှင်ကားကြီးကတော့ တစ်ကားနဲ့တစ်ကား ကာရိုက်တာတွေ၊ ဇာတ်လမ်းအမျိုးအစားတွေ ပုံစံတွေမတူအောင်ခွဲပြီးတော့ရိုက်ထားတယ်။ အမြဲတမ်းလဲအသစ်အသစ်ဖြစ်အောင်ကြိုးစားနေတယ်။ အဓိကက ပရိသတ်တွေ အစ်ကို့ကို မမြင်ဖူးတဲ့ ကာရိုက်တာ၊ မမြင်ဖူးတဲ့ ဇာတ်အမျိုးအစားတွေနဲ့ထိတွေ့ပေးဖို့ကို ကားကြီးရိုက်ကူးမှုနဲ့ပတ်သက်ပြီး အစွမ်းကုန်စဉ်းစားရိုက်ကူးသွားမှာပါ။
Source:trend.com.mm

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment