လီဗာပူး အသင်းခေါင်းဆောင်ဟောင်း စတီဗင် ဂျရတ်နဲ့ အင်တာဗျူး:





လက်ရှိ အချိန်မှာ မေဂျာလိဂ်ကလပ် အယ်လ်အေ ဂလက်ဇီမှာ ကစားနေတဲ့ လီဗာပူး အသင်းခေါင်းဆောင်ဟောင်း စတီဗင် ဂျရတ်နဲ့ ဗြိတိန် သတင်းစာ dailymailတို့ တွေ့ဆုံ မေးမြန်းခဲ့ကြပါတယ်။

သူမျှော်မှန်းထားတဲ့ ညစာစားပွဲ၊ သူအကြိုက်ဆုံး အားကစားသမား၊ မန်ယူနည်းပြဟောင်း ဆာအဲလက်စ် ဖာဂူဆန်ကို မေးချင်တဲ့ မေးခွန်းတစ်ခု စတာတွေကို ဖြေဆိုခဲ့ပါတယ်။
သူတို့ရဲ့ အင်တာဗျူးထဲက အမေး၊ အဖြေ တစ်ချို့ကို ပြန်လည်တင်ပြလိုက်ပါတယ်။

မေး။ ။ ခင်ဗျား အနေနဲ့ လူပုဂ္ဂိုလ် ၅ယောက်ကို စိတ်ကြိုက် ဖိတ်ကြားပြီး ညစာစားခွင့် ရမယ်ဆိုရင် ဘယ်သူတွေကို ဖိတ်ကြားဖြစ်မလဲ။

ဖြေ။ ။ ဟိုဆေး မော်ရင်ဟို၊ ဆာအဲလက်စ် ဖာဂူဆန်၊ အာစင် ဝင်းဂါး၊ ရာဖာ ဘင်နီတက်ဇ်နဲ့ ဂျေမီ ကာရေဂါတို့ ဖြစ်မှာပါ။ သူတို့တွေနဲ့အတူ ညစာ စားရမယ်ဆိုရင်တော့ စိတ်လှုပ်ရှားစရာပါ။


မေး။ ။ ခင်ဗျားကို လူတွေက ဘယ်လို အမှတ်ရစေချင်လဲ။

ဖြေ။ ။ ရိုးသားပြီး သစ္စာရှိကာ ပေးဆပ်တတ်သူ တစ်ယောက် အနေနဲ့ပါ။


မေး။ ။ ခင်ဗျားရဲ့ မိသားစု ပြီးရင် ခင်ဗျားရဲ့ အရေးကြီးဆုံး ပိုင်ဆိုင်မှုက ဘာတွေဖြစ်မလဲ။

ဖြေ။ ။ ကစားသမား ဘဝတစ်လျှောက် ရရှိခဲ့တဲ့ ဆုတံဆိပ်တွေပါ။


မေး။ ။ ခင်ဗျားရဲ့ ဘဝမှာ ပထမဆုံး ဝယ်ယူခဲ့တဲ့ ကားနဲ့ အဲဒီကား ဝယ်ယူစဉ်က ဘယ်လောက်ပေးခဲ့ရလဲ။

ဖြေ။ ။ ကျွန်တော့် အမေရဲ့ အာမခံ ငွေကြေးကနေ Nissan Bluebird တစ်စီး ဝယ်ခဲ့ပြီး ပေါင် ၆၀၀ တန်ပါတယ်။



မေး။ ။ လူမှုကွန်ယက် ဝက်ဆိုက်တွေကို ဘယ်လိုမြင်လဲ။

ဖြေ။ ။ နည်းလမ်းမှန်မှန်နဲ့ အသုံးပြုရင်တော့ အရမ်း ကောင်းပါတယ်။


မေး။ ။ ခင်ဗျား အကြိုက်ဆုံး အားကစား သမားက ဘယ်သူလဲ။

ဖြေ။ ။ တိုက်ဂါးဝုဒ်ပါ။


မေး။ ။ LA (လော့စ် အိန်ဂျယ်လိစ်)ကို စကားလုံး သုံးလုံးနဲ့ ဖော်ပြပါ။

ဖြေ။ ။ အရမ်း၊ အရမ်း အေးတာပါ။


မေး။ ။ အားကစား နယ်ပယ်က လူတစ်ယောက်ကို မေးခွန်းတစ်ခု မေးခွင့်ရမယ်ဆိုရင် ဘယ်သူ့ကို ဘာမေးခွန်း မေးဖြစ်မလဲ။

ဖြေ။ ။ အဲလက်စ် ဖာဂူဆန်ကို မေးချင်ပါတယ်။ “ခင်ဗျားက ကျွန်တော့်ကို တကယ်ပဲ သာမန် ကစားသမား တစ်ယောက်လို့ ထင်သလား”လို့ မေးချင်တာပါ။

(ဖာဂူဆန်က သူ့ရဲ့ ကိုယ်ရေး အတ္ထုပ္ပတ္တိ စာအုပ်ထဲမှာ ဂျရတ်က ထိပ်တန်း ကစားသမား တစ်ယောက် မဟုတ်ဘဲ သာမန် ကစားသမား တစ်ယောက်ဖြစ်ကြောင်း ဖော်ပြခဲ့တာပါ။)


မေး။ ။ အကြိုက်ဆုံး လူစွမ်းကောင်းကရော။


ဖြေ။ ။ စူပါမင်းပါ။


မေး။ ။ ကျွန်တော် ပြောတဲ့ ကစားသမားတွေကို အစီအစဉ်အလိုက် စီပေးပါ။ ဂျရတ်၊ ရွိုင်ကိန်း၊ လမ်းပတ်၊ ပေါစခိုး၊ ဗီဲအဲရာ။

ဖြေ။ ။ ရွိုင်ကိန်းကိုတော့ နံပါတ်၁ နေရာမှာ ထားရမှာပါ။ ကျန်တဲ့သူတွေကတော့ မတူညီတဲ့ ကစားသမားတွေပါ။

လမ်းပတ်က ဂိုးသွင်း အကောင်းဆုံး ကွင်းလယ် ကစားသမားပါ။ ပေါစခိုးက အကောင်းဆုံး ကစားသမားပါ။

ဗီအဲရာက ရင်ဆိုင်ရ အခက်ခဲဆုံး ပြိုင်ဘက်ပါ။ ကျွန်တော်က သူတို့အားလုံးနဲ့ ရင်ဆိုင် ကစားရတာကို ကြိုက်ပါတယ်။


မေး။ ။ ခင်ဗျားရဲ့ ဘဝကို ၁၀မှတ် ပေးမယ်ဆိုရင် ဘယ်နှစ်မှတ် ရတယ်လို့ သတ်မှတ်ချင်လဲ။

ဖြေ။ ။ လောလောဆယ်မှာတော့ ကျွန်တော့်ဘဝက ၁၀မှတ်ပြည့်ပါပဲ။ ကျွန်တော် လီဗာပူးက ထွက်ခွာခဲ့တုန်းက အသင်းခေါင်းဆောင် မဟုတ်ပေမယ့် စိတ်လှုပ်ရှား စရာပါ။

အခု ကျွန်တော့်အသက် ၃၅နှစ်မှာ ဘဝကို ပြန်ကြည့်မယ်ဆိုရင် ကျွန်တော့်ရဲ့ ကစားသမားဘဝအတွက် ဂုဏ်ယူပါတယ်။ ကျွန်တော့်ရဲ့ မိသားစုကလည်း ပျော်ရွှင်နေကြတယ်။

ကျွန်တော်က အေးမြတဲ့ မြို့ကြီးတစ်မြို့ (လော့စ် အိန်ဂျယ်လိစ်)မှာ နေထိုင်နေတယ်။ သီတင်းပတ်အကုန် (စနေ၊ တနင်္ဂနွေ)မှာလည်း ကစားရမယ့် ပွဲစဉ်တွေ ရှိပါတယ်။

Source: PlanetMyanmar
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment