တရုတ်နိုင်ငံ အရှေ့ ပိုင်း ချန်ကျိုးရှောင်လင်ဘုန်းကြီးကျောင်းက ရှောင်လင်ကိုယ်တော် Shi Liliang ဟာ ရေပေါ်မှာ ၁၂၅ မီတာ (၀.၀၇ မိုင်) တိတိပြေးပြပြီး သူတင်ထားခဲ့တဲ့ စံချိန်ဟောင်းကို ပြန်ချိုးပြလိုက်ပါတယ်။
Shi Liliang ကိုယ်တော်ဟာ ရေပေါ် ပေါလောပေါ်နေတဲ့ အထပ်သားပြား ၂၀၀ ကို ကိုယ်ဖော့နင်းပြေးကာ စံချိန်သစ် တင်ခဲ့တာဖြစ်ပါတယ်။ အနက်ရောင်ဘောင်းဘီတို တစ်ထည်သာ ၀တ်ဆင်ထားတဲ့ ကိုယ်တော်ဟာ ဟန်ချက်ထိန်းဖို့ အတွက် လက်နှစ်ဖက်ကိုသာ အသုံးပြုခဲ့ပြီး တခဲနက် အားပေးနေတဲ့ လူအုပ်ရှေ့ မှာ မြစ်ပြင်ကျယ်ကို ဖြတ်ပြေးပြခဲ့တာ ဖြစ်ပါတယ်။
Shi Liliang ကိုယ်တော်ဟာ အရင်ကလည်း မီတာ ၁၂၀ ရေပေါ်ဖြတ်ပြေးပြခဲ့ဖူးပြီး မိမိစံချိန်ကို ထပ်ချိုးဖို့ အတွက် ချန်ကျိုးရှောင်လင်ကျောင်းမှာ သူ့ ရဲ့ အရှိန်နဲ့ ဟန်ချက်ကို ထိန်းနိုင်ဖို့  လပေါင်းများစွာထပ်ကျင့်ခဲ့ရတာဖြစ်ပါတယ်။အခုလို ရေပေါ်ပြေးတဲ့ပညာရပ်အတွက် အရှိန်ထိန်းနိုင်မှုနဲ့ စိတ်ရှည်မှုတို့ လိုအပ်ကြောင်း သတင်းထောက်တွေကို ကိုယ်တော်က ပြန်ဖြေခဲ့ပါတယ်။ “ မြန်မြန်ပြေးဖို့ လိုသလို ခြေလှမ်းစိတ်စိတ် ကလေးပဲ နင်းဖို့ လိုတယ်” လို့ ကိုယ်တော်က မိန့် ပါတယ်။Shi Liliang ကိုယ်တော်ဟာ လွန်ခဲ့တဲ့နှစ်တွေအတွင်း မယုံကြည်နိုင်စရာအစွမ်း တွေနဲ့ ခံနိုင်ရည်အား တွေပြသနိုင်မှုကြောင့် ကမ္ဘာကျော်တဲ့ ချန်ကျိုးဗုဒ္ဓဘာသာ ရှောင်လင်ဘုန်းကြီးကျောင်းက ကိုယ်တော်တစ်ပါးဖြစ်ပါတယ်။ ချန်ကျိုးရှောင်လင်ကျောင်းဟာ တောင်ပိုင်းရှောင်လင်ဘုန်းကြီးကျောင်း အဖြစ်လည်း လူသိများပြီး ကွန်ဖူးပညာရပ် စတင်မွေးဖွားရာ ကျောင်းတော်ဖြစ်ပါတယ်။လူသားရဲ့စွမ်းရည်၊ခွန်အားဟာ စိတ်ရဲ့ဂုဏ်သတ္တိတစ်ခုသာ ဖြစ်တယ်လို့ ရှောင်လင်ဘုန်းကြီး တွေက ယုံကြည်ကြပြီး လေ့ကျင့်နိုင်ရင် လူ့ ခန္ဓာကိုယ်က မလုပ်နိုင်တာဘာမှမရှိဘူးလို့ ယုံကြည်ကြပါတယ်။
Ref: Dailymail
Source:trend.com.mm
0 comments:
Post a Comment