နယ်မြေပိုင်နက် အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ပြင်အတွင်း တရုတ်တို့တည်ဆောက်ထားတဲ့ ကျွန်းတုတွေအနားကို အမေရိကန် ရေတပ် စစ်သင်္ဘော သွားရောက်ခဲ့တယ်လို့ အမေရိကန်ကာကွယ်ရေး အရာရှိတွေက ပြောပါတယ်။
အမေရိကန် ဒုံးကျည်ဖျက် စစ်သင်္ဘော USS Lassen ဟာ စပရက်လီ ကျွန်းဆွယ်ရှိ Subi နဲ့ Mischief သန္တာကျောက်တန်းတွေရှိရာ တရုတ်တို့ဘက်က သတ်မှတ်ထားတဲ့ ရေပိုင်နက် ရေမိုင် ၁၂ မိုင်အကွာကို သွားရောက်ခဲ့တာ ဖြစ်ပါတယ်။
အခုလို အမေရိကန်တို့က လွတ်လပ်စွာရေကြောင်း သွားလာမှု လုပ်လိုက်တာဟာ တရုတ်တို့ရဲ့ သူတို့ပိုင်နယ်လို့ ကြေညာမှုအပေါ် ပြင်းထန်တဲ့ စိမ်ခေါ်မှုတရပ် လုပ်ဆောင်လိုက်တာ ဖြစ်ပါတယ်။
အခုလို အမေရိကန်တို့ရဲ့ လှုပ်ရှားမှုကို တရုတ်တို့ဘက်က စစ်ဆေးနေဆဲဖြစ်ပြီး တရုတ်နိုင်ငံခြားရေး ၀န်ကြီး Wang Yi ကတော့ မျက်စိမှိတ်ပြီး ဘာမဟုတ်တာအတွက် ပြသနာမလုပ်ဖို့ အမေရိကန်ဘက်ကို သတိပေးပြောဆိုထားပါတယ်။
တောင်တရုတ် ပင်လယ်ပြင်အတွင်း နေရာအများစုကို တရုတ်တို့က သူတို့ပိုင်တယ်လို့ ကြေညာနေသလို အရှေ့တောင်အာရှရှိ တခြားနိုင်ငံတွေကလည်း Spratly ကျွန်း၊ Paracel ကျွန်းနဲ့ Scarborough ရေတိမ်သောင်တို့ကို သူတို့ပိုင်ဆိုင်တယ်လို့ ပြောဆိုနေကြတာ ဖြစ်ပါတယ်။
ဒီသန္တာကျောက်တန်းတွေပေါ်မှာ တရုတ်တို့က ကျွန်းတုတွေအဖြစ် ၂၀၁၃ ခုနှစ်ကတည်းက စတင် ဆောက်လုပ်နေခဲ့တာ ဖြစ်ပါတယ်။
BBC Burmese
https://www.facebook.com/bbcburmese
0 comments:
Post a Comment