မဲလိမ်မည်ကို စိုးရိမ်သဖြင့် စင်ကာပူရောက် မြန်မာနှစ်ရာကျော် ပြည်တွင်းသို့ မဲလာပေးမည် ဟုဆို


 မဲလိမ်မည်ကို စိုးရိမ်သည်က တစ်ကြောင်း ၊ ရွေးကောက်ပွဲကာလတွင် တတ်နိုင်သည့်
ဘက်မှ အကူအညီ ပေးချင်သည့်အတွက် တစ်ကြောင်း စင်ကာပူနိုင်ငံရောက် မြန်မာ
နိုင်ငံသား နှစ်ရာကျော်သည် Fly to Vote အစီအစဉ်ဖြင့် MAI ,MNA လေကြောင်း
လိုင်းများဖြင့် နိုဝင်ဘာ လဆန်းပိုင်းတွင် မဲပေးဖို့ ပြန်လာရန် စီစဉ်ထားကြောင်း Fly
to Vote အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းမြင့်ဝင်း ထံမှ သိရှိရသည်။

“ဒီမိုကရေစီနိုင်ငံ သွားချင်ရင် ရွေးကောက်ပွဲကို ဖြတ်သန်းရမယ်၊ မဲလိမ်ရင် ဘယ်လို
လုပ်မလဲဆိုတာ စိုးရိမ်တာက တစ်ပိုင်း၊ ကျွန်တော်တို့က တတ်နိုင်တဲ့ဘက်က
ပါဝင်ချင်လို့ပါ” ဟု ၎င်းက ပြောသည်။

Fly to Vote အဖွဲ့ကို ယခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး စင်ကာပူ
နိုင်ငံရောက် မြန်မာနိုင်ငံသား ဦးရေ နှစ်ရာကျော် Fly to Vote အစီအစဉ်ဖြင့်
ပြည်တွင်းသို့ ပြန်လာကာ မဲပေးမည့်အစီအစဉ် ဖြစ်သည်။

“ပြည်ပမှာ မဲပေးတဲ့ပုံတွေ လှုပ်ရှားတဲ့ ပုံတွေတွေ့ရပါတယ်၊ ပြည်တွင်းကို
မဲပြန်လာပေးတာ ကြက်သီးတောင် ထပါတယ်၊ ကိုယ့်တိုင်းပြည် ကောင်းဖို့အတွက်
အင်တိုက်အားတိုက် လုပ်တာကတော့ ချီးကျူးတယ်” ဟု NLD ရန်ကုန်တိုင်း
အောင်နိုင်ရေးအဖွဲ့ ဘဏ္ဍာရေးမှူးဦးစိုးညွန့်က ပြောသည်။

နိုဝင်ဘာ ၆ ရက်နေ့တွင် MAI လေယာဉ်ဖြင့် Fly to Vote အဖွဲ့ဝင် ၁၄၀ ဦးခန့်သည်
Fly to Vote တီရှပ်များ ၀တ်ဆင်ကာ စင်ကာပူ စံတော်ချိန် နေ့လယ် ၁း၄၀ နာရီမှ
စတင်ထွက်ခွာကာ မြန်မာစံတော်ချိန် ညနေ ၃း၃၀ ခန့်တွင် ရန်ကုန်လေဆိပ်သို့
ရောက်ရှိကြမည် ဖြစ်ကြောင်း သိရသည်။

ကျန်ရှိသော Fly to Vote အဖွဲ့ဝင်များနှင့် ပူးပေါင်းသူများအတွက် နိုဝင်ဘာလ ၁
ရက်မှ ၅ ရက်အတွင်း မြန်မာ့အမျိုးသား လေကြောင်းလိုင်း(MNA) ဖြင့် လေယာဉ်
တစ်စီးလျှင် လူနှစ်ဆယ်ဦးခန့် လေယာဉ်ငါးစီးဖြင့် သွားရောက်နိုင်ရန် ထပ်မံ
စီစဉ်ထားကြောင်းလည်း သိရသည်။

Fly to Vote အစီအစဉ်ဖြင့် အောက်တိုဘာလ ၆ ရက်နေ့ MAI လေကြောင်းဖြင့်
စင်ကာပူနိုင်ငံ မှ မြန်မာပြည်သို့ အသွားအပြန် ခရီးအတွက် သွားရောက်မည့်
ပထမဆုံး စာရင်းပေးခဲ့ကြသော အဖွဲ့ဝင် တစ်ရာအတွက် စင်ကာပူ ဒေါ်လာ ၂၆၀
ကျသင့်မည်ဖြစ်ပြီး၊ ကျန်အဖွဲ့ဝင်များမှာ မိမိအစီအစဉ်များဖြင့် ၀ယ်ယူထားသူများ
ဖြစ်ကြောင်း သိရပါသည်။

နိုဝင်ဘာလ ၁ ရက်မှ ၅ ရက်အတွင်း MNA လေကြောင်းလိုင်းဖြင့် သွားရောက်
ကြမည့် Fly to Vote အဖွဲ့ဝင် များအတွက် အသွားအပြန် စင်ကာပူဒေါ်လာ ၂၇၈
ကျသင့်မည်ဖြစ်ပြီး၊ မြန်မာပြည်မှ နိုဝင်ဘာလ ၁၁ ရက်မှ ၁၅ ရက်အတွင်း
စင်ကာပူနိုင်ငံသို့ ပြန်ကြမည်ဖြစ်ကြောင်း Fly to Vote စာမျက်နှာ၌ ဖော်ပြထား
သည်။

စင်ကာပူနိုင်ငံတွင် ကြိုတင်မဲလျှောက်လွှာ ပုံစံ(၁၅)တင်သူ စုစုပေါင်း ၂၂,၀၀၀
ခန့်ရှိပြီး ကြိုတင်မဲပေးခွင့် ရသူ ၂၁,၀၀၀ ကျော် ရှိကြောင်း၊ အောက်တိုဘာ ၁၅
ရက်နေ့မှ အောက်တိုဘာ ၂၃ ရက်နေ့အထိ ကြိုတင်မဲ ပေးသူစုစုပေါင်း ၁၆,၀၀၀
ကျော် ရှိကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲ အောင်နိုင်ရေး အထောက်အကူပြုအဖွဲ့
(စင်ကာပူ)မှ မှတ်တမ်းများအရ သိရသည်။

သတင်း- MMK
The Ladies News Journal
https://www.facebook.com/News.TheLadies
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment