ရွေးကောက်ပွဲ၏ ရလဒ်အတိုင်း လူထုဆန္ဒကို လိုက်နာရန် အစိုးရက တာဝန်ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ပြောကြား


 လာမည့်ရက်ပိုင်းအတွင်း ပြုလုပ်တော့မည့် မြန်မာ့ အထွေထွေ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် ချို့ယွင်းအားနည်းချက်များကို အမေရိကန်က မျက်ကွယ်ပြုထားခြင်း မရှိဘဲ ရွေးကောက်ပွဲလွန် အစိးရသစ်နှင့် ဆက်ဆံရေး၊ စီးပွားရေး ပိတ်ဆို့မှုများ ဖြေလျော့ရေးတို့မှာ ရွေးကောက်ပွဲလုပ်ငန်းစဉ် တစ်ခုလုံးပေါ်တွင် မူတည်နေသည်ဟု အာရှဒေသဆိုင်ရာ အမေရိကန်ထိပ်တန်း သံတမန်တစ်ဦးဖြစ်သူ ဒန်နီရယ် ရပ်ဆဲလ်က ၀ါရှင်တန်ပို့စ်သတင်းစာသို့ ပြောကြားခဲ့သည်။

ရပ်ဆဲလ်က “ကျွန်တော်တို့ မြင်ရကြားရတဲ့ အချက်တွေပေါ် မူတည်ပြီး ဆုံးဖြတ်မှာပါ” ဟု ပြောကြားခဲ့ပြီး နိုင်ငံရေး အတိုက်အခံများ၊ ရွေးကောက်ပွဲ စောင့်ကြည့်သူများနှင့် မီဒီယာများ၏ အမြင်များကို ထည့်သွင်း စဉ်းစားသွားမည်ဟု ဆိုသည်။ “ကျွန်တော်တို့ ရှေ့ကို ကြိုပြီး ကြည့်ထားပါတယ်။ ရွေးကောက်ပွဲရလဒ်ကို အားလုံးက လက်ခံဖို့ အလွန်အရေးကြီးပါတယ်။ မြန်မာအစိုးရသစ်ကို ထောက်ပံ့မှုပြုဖို့ ပိတ်ဆို့မှုတွေ ဖြေလျှော့ဖို့က ရွေးကောက်ပွဲ လုပ်ငန်းစဉ် တစ်ခုလုံးရဲ့ ယုံကြည်ရမှုအပေါ် မူတည်ပါတယ်။ မြန်မာအစိုးရသစ်နဲ့ ၂၀၁၆ နောက်ပိုင်း ဆက်ဆံရေးကို ရွေးကောက်ပွဲရလဒ်က အခြေခံကျကျ ပုံဖော်သွားမှာပါ” ဟု ရပ်ဆဲလ်က ဆိုသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော်ရှိပြီး အမှုရင်ဆိုင်နေရသူ ၄၀၀ ခန့်ရှိကာ ကျောင်းသားများနှင့် ဂျာနယ်လစ်များ ပါဝင်သည်ဟု ရပ်ဆဲလ်က ဆိုသည်။ မြန်မာ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များကြား ချုပ်ဆိုခဲ့သည့် အပစ်ရပ်စာချုပ်မှာ အမျိုးသား ပြန်လည် စည်းလုံးညီညွတ်ရေး လုပ်ငန်းစဉ်တွင် အရေးပါသည့် ပထမခြေလှမ်းဖြစ်သည်ဟု ရပ်ဆဲလ်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုနှင့် အရေးပါသည့် နိုဝင်ဘာ ၈ ရွေးကောက်ပွဲ၏ ယုံကြည်မှုနှင့် ပတ်သက်၍ သံသယရှိကြောင်း အမေရိကန် လွှတ်တော်အမတ်များက ထုတ်ဖော်ပြောကြားထားသည်။ အင်အားကြီးမားသည့် မြန်မာ့စစ်တပ်က လွှတ်တော် အမတ်နေရာ ၂၅% ရယူထား သဖြင့် ရွေးကောက်ပွဲမှာ ပြည်သူ့ဆန္ဒကို ဖော်ပြနိုင်မည်မဟုတ်ဟု ဒီမိုကရက် လွှတ်တော် အမတ် ဂျိုးခရိုလေက ဆိုသည်။ ရီပက်ဘလီကန်အမတ် မတ်ဆယ်လ်မွန်ကလည်း မြန်မာနိုင်ငံသည် အာဏာရှင်စနစ်မှ စနစ်တကျ ကြိုးပမ်း ချယ်လှယ်ထားသော ဒီမိုကရေစီစနစ်ထံ ကူးပြောင်းခြင်းသာ ဖြစ်သည် ဟု ပြောကြားခဲ့ပြီး အမေရိကန်- မြန်မာ ဆက်ဆံရေး တိုးမြှင့်ခြင်းမပြုရန် ပြောကြားခဲ့သည်။

အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ ရပ်ဆဲလ်က “မဲဆွယ်မှုကို အင်တိုက်အားတိုက် ဆောင်ရွက်နေပေမယ့် ရွေးကောက်ပွဲပြီးတဲ့ အခါ စစ်တပ်အပါအ၀င် မတူညီတဲ့ အဖွဲ့အစည်းတွေနဲ့ လက်တွဲ ဆောင်ရွက်လိုကြောင်း လူသိရှင်ကြား ပြောကြားထားပါတယ်။ ဒါက အပေါင်းလက္ခဏာဆောင်တဲ့ သတင်းစကားလို့ ကျွန်တော်ထင်ပါတယ်” ဟု ပြောကြားခဲ့သည်။

မြန်မာ ရွေးကောက်ပွဲကို ယုံကြည် လက်ခံနိုင်ဖွယ်ရှိမရှိ မည်သို့ ဆုံးဖြတ်မည်နည်းဟု မေးမြန်းသည့်အခါ ရပ်ဆဲလ်က “ကျွန်တော်တို့ မြင်တဲ့အတိုင်း ဆုံးဖြတ်မှာပါ” ဟု ဖြေကြားခဲ့သည်။

မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို ၀ါရှင်တန်က ဂရုတစိုက် စောင့်ကြည့်နေသည်ဟု အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချဲလ်က ပြောကြားသည်။ “ယုံကြည်ရလောက်တဲ့ ၊ ပွင့်လင်းမြင်သာမှုရှိတဲ့၊ ရွေးကောက်ပွဲဖြစ်ပြီး ရလဒ်အတိုင်း ၂၀၁၆ မှာ အစိုးရသစ်ဖွဲ့နိုင်ဖို့က အမေရိကန် မြန်မာဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်း ဖို့ အရေးပါပါတယ်” ဟု အမေရိကန်သံအမတ်ကြီးက ဆိုသည်။

လူထုဆန္ဒကို လိုက်နာရန် အစိုးရက တာဝန်ရှိသည်ဆိုသော အချက်မှာ အရေးကြီးဆုံးဖြစ်သည်ဟု ဆိုသည်။ သံအမတ်ကြီးက “အရေးကြီးဆုံး ကတော့ ရွေးကောက်ပွဲ ရလဒ်က မဲဆန္ဒနယ်အလိုက်နဲ့ နိုင်ငံအနေနဲ့ပါ ပြည်သူ့ဆန္ဒကို ထင်ဟပ်နိုင်မလား၊ ရွေးကောက်ပွဲရလဒ်ဟု ယုံကြည်ရပြီး လက်ခံနိုင်ဖွယ် ရှိတယ်လို့ ပြည်သူ ရှုမြင်မလား၊ ရွေးကောက်ပွဲရလဒ်အရ ပေါ်လာမယ့်အစိုးရကို ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းပေးနိုင်မလားဆိုတာ တွေပါပဲ” ဟု ပြောကြား ခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး အန်ဒရူးပတ်ထရစ်ကလည်း အထက်ပါပြောကြားချက်ကို ထောက်ခံခဲ့ပြီး ရွေးကောက်ပွဲ မတိုင်မီနှင့် ရွေးကောက်ပွဲပြီး ကာလတွင် လမ်းကြောင်းမှားသွားပါက ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှု ဆုံးရှုံးသွားနိုင်သည်ဟု သတိပေးလိုက်သည်။ သံအမတ်ကြီး ပတ်ထရစ်က “ ရွေးကောက်ပွဲက ယုံကြည်စိတ်ချရပြီး ပြုပြင်ပြောင်းလဲမှုတွေ ရှေ့ဆက်မယ်ဆိုရင် မြန်မာနိုင်ငံဟာ ကောင်းမွန်တဲ့ အနာဂတ် ရှိပါတယ်။ တကယ်လို့ ရွေးကောက်ပွဲဟာ အသိအမှတ်ပြု မခံရဘူးဆိုရင် ရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှုပျောက်ဆုံးပြီး စီးပွားရေး ပြိုလဲသွားနိုင်ပါတယ်” ဟု ပြောကြားခဲ့သည်။

မြန်မာအစိုးရနှင့် တပ်မတော်အနေဖြင့် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုကာ ရွေးကောက်ခံအစိုးရသစ်ထံ ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းပေးရန် မျှော်လင့် သည်ဟု သံအမတ်ကြီး ၂ ဦးလုံးက ပြောကြားသည်။ သံအမတ်ကြီး ပတ်ထရစ်က ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ပြီးခဲ့သည့်လ က တွေ့ဆုံ ခဲ့ရာတွင် ကာကွယ်ရေးဦးစီးချုပ်က မည်သည့်ရလဒ် ထွက်ရှိသည်ဖြစ်စေ ပြည်သူ့ဆန္ဒအတိုင်း ဆောင်ရွက်မည်ဟု ပြောကြားခဲ့သည်မှာ အားရဖွယ်ဟု ဆိုသည်။

“ဒီမိုကရေစီစနစ်မှာ အရပ်ဘက်အစိုးရရဲ့ ခေါင်းဆောင်မှုအောက်က အင်အားတောင့်တင်းပြီး လေးစားဖွယ်ကောင်းတဲ့ စစ်တပ်ရဲ့ အခန်းကဏ္ဍ အရေးကြီးပုံကို မြန်မာ့တပ်မတော်က နားလည်ဖို့ မျှော်လင့်ပါတယ်။ ရွေးကောက်ပွဲ ရလဒ်ကို လေးစားဖို့နဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် ရှေ့ဆက်ဖို့က တပ်မတော်အတွက်ပါ အကျိုးစီးပွားလည်းဖြစ်စေမယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ဗြိတိန်သံအမတ်ကြီးပက်ထရစ်က ပြောကြားခဲ့သည်။

KHTun
Ref - Washington Post ၊ Politico
The Ladies News Journal
https://www.facebook.com/News.TheLadies
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment