ပြည်ခိုင်ဖြိုးမှ မင်းပြားမြို့နယ်တွင် မဲထည့်ရန် သင်ကြားပြသပြီး ထောက်ခံကြောင်း လက်မှတ်ထိုးခိုင်းဟုဆို

(ရခိုင်ပြည်နယ်မှ ကြံ့ခိုင်ရေး မဲဆွယ်ပွဲ တစ်ခု)
 စစ်တွေ၊ နိုဝင်ဘာ ၃

 ရခိုင်ပြည်နယ် မင်းပြားမြို့နယ်တွင် ပြည်ခိုင်ဖြိုး ပါတီဝင် အချို့သည် မဲထည့်ခြင်းနှင့် ပတ်သက်ပြီး ပညာပေး ဟောပြောမှု ပြုလုပ်စဉ် သူတို့ ပါတီအား ထောက်ခံသူများဖြစ်ကြောင်း လက်မှတ်များ စုဆောင်း ကောက်ခံနေကြောင်း ရခိုင်အမျိုးသားပါတီ မင်းပြား မြို့နယ် ပြန်ကြားရေးတာဝန်ခံ ဦးသိန်းဇံက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

“ဇီးပင်ကြီးလို့ခေါ်တဲ့ ကျေးရွာက ရွာသားတွေ ကျွန်တော်တို့ရုံးမှာ လာတိုင်တာကတော့ ပြည်ထောင်စု ကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေးပါတီကလူတွေဟာ မဲထည့်ပုံထည့်နည်း စနစ်တွေကို ပြတဲ့ပုံစံမျိုးနဲ့ ရွာထဲကို ၀င်ရောက်လာပြီး ကြံ့ခိုင်ရေး ထောက်ခံသူတွေ ဖြစ်ကြောင်း အတင်းလက်မှတ် ထိုးခိုင်းတယ်လို့ ပြောပါတယ်” ဟု သူက ပြောသည်။

ယင်းကဲ့သို့ လုပ်ဆောင်သည့်အတွက် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် ရွာသားများ အကြား အချေအတင် စကားများမှုများလည်း ပေါ်ပေါက်နေသည်ဟု သိရသည်။

“ကျွန်တော်တို့ရွာမှာ တည်ငြိမ်နေတာကို အတင်းလက်မှတ် လာထိုးခိုင်းတယ်။ ပြီးတော့ ဒီမှာထည့်ရမယ် ဆိုပြီးတော့ လာပြောကြပါတယ်။ အဲ့ဒီလိုမျိုး တစ်အိမ်တက် တစ်အိမ်ဆင်း လုပ်နေပါတယ်။ တစ်ချို့ အိမ်တွေမှာဆိုရင် သူ့ယောက်ျားက အလုပ်သွားနေတုန်း အိမ်ကမိန်းမက လက်မှတ် ထိုးလိုက်ပြီ၊ သူ့ယောက်ျားပြန်လာတော့ ဘာကြောင့် ထိုးရမလဲဆိုပြီးတော့ လင်မယား စကားများကြတာတွေလည်း ရှိပါတယ်” ဟု ရွာသားတစ်ဦးကပြောသည်။

ပြည်ခိုင်ဖြိုးပါတီမှ မဲနှင့် ပတ်သက်ပြီး ပညာပေးမှု ပြုလုပ်မည်ဟု အကြောင်းပြပြီး လက်မှတ်ထိုးခိုင်းနေသည့် ကျေးရွာများမှာ ဇီးပင်ကြီး၊ ကေသလာ၊ ပြင်ဝနှင့် ချောင်းဝ ကျေးရွာများ ဖြစ်ကြသည်။

“ဦးဇင်းသိသလောက်ကို ပြောရမယ်ဆိုရင် သူတို့တွေက အိမ်တိုင်လာရောက်ပြီး မဲကို လက်မှတ် ရိုက်ခိုင်း ပါတယ်။ နာမည်တွေယူတယ်။ ရွာသားတွေက တိတိကျကျမသိကြတော့ အဖြစ်အပျက်တွေကို ဦးဇင်းကို လာပြောကြတယ်။ အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ မြို့နယ်နဲ့ ခရိုင်ကော်မရှင်တွေကို တိုင်ထားပါတယ်” ဟု ကေသလာကျေးရွာမှ ကျောင်းထိုင်ဆရာတော်က နိရဉ္စရာသို့ ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ မင်းပြားမြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌကို မေးမြန်းရာ ကျေးရွာသားများက တိုင်ကြားခြင်း တစ်စုံတရာမရှိကြောင်း၊ ပြည်ခိုင်ဖြိုးပါတီက မဲပေးပညာပေးများကို ပြုလုပ်နေသည်ဟုသာ ကြားသိ နေရသည် ဟု နိရဉ္စရာသို့ပြောသည်။

ကျေးရွာသားများအား တိုင်ကြားထားသည်ဟု နိရဉ္စရာသို့ အကြောင်းကြားထားသဖြင့် တိုင်ကြားခြင်း ဟုတ်မဟုတ် ထပ်မံ မေးမြန်းရာ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌမှ ဖုန်းဆက် တိုင်ကြား ထားခြင်းသာဖြစ်ပြီး၊ စာရေးပြီး တရားဝင်တိုင်ကြားထားခြင်းမရှိဟု သိရသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရခိုင်ပြည်နယ် အတွင်းရေးမှူး ဒေါက်တာစန်းရွှေအား နိရဉ္စရာသတင်းဌာနမှ ဆက်သွယ် မေးမြန်းရာ သူက “တစ်အိမ်တက်၊ တစ်အိမ်ဆင်း မဲထည့်ပုံကို ပညာပေးလုပ်နေတာမှန်ပါတယ်။ လက်မှတ်တော့ မထိုးခိုင်းပါဘူး။ နောက်ပြီးတော့ ပြည်ခိုင်ဖြိုးကို ထောက်ခံတဲ့ အိမ်တွေကိုပဲ မဲပညာပေးပြုလုပ်တယ်လို့ စုံးစမ်းသိရှိရပါတယ်”ဟု ပြောသည်။

စံမောင်သန်း
Arakan State
https://www.facebook.com/NarinjaraNews
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment