ဆိုင်းနိုင်းကျွန်း လေယာဉ်ပျက်ကျရာမှာ သေဆုံးခဲ့သူတွေကို ရုရှားပြန်သယ်


 အီဂျစ်မှာ စနေနေ့က ပျက်ကျသွားတဲ့ လေယာဉ်ပေါ်ပါ သေဆုံးခဲ့သူတွေထဲက ၁၄၄ ဦးရဲ့ ရုပ်အလောင်းတွေကို ဒီကနေ့ တနင်းလာနေ့ မနက်ပိုင်းမှာ ရုရှားနိုင်ငံ စိန့်ပီတာစဘတ်ခ်မြို့ကို သယ်ဆောင်သွားပြီ ဖြစ်ပါတယ်။

ဆိုင်းနိုင်းကျွန်းဆွယ်ဒေသမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်နေ့က ပျက်ကျသွားတဲ့ လေယာဉ်ပေါ်မှာ လူ ၂၂၄ ယောက် လိုက်ပါပြီး သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

အီဂျစ်နိုင်ငံ ဆိုင်းနိုင်း ကျွန်းဆွယ် မြောက်ပိုင်းမှာ ပျက်ကျခဲ့တဲ့ Kogalymavia ရုရှား လေကြောင်းက Airbus A-321 အမျိုးအစား လေယာဉ်ပေါ်မှာ ခရီးသည် ၂၂၄ ဦး ပါရှိပြီး အများစုဟာ ရုရှားနိုင်ငံသားတွေ ဖြစ်ကြပါတယ်။

လေယာဉ်ပျက်ကျရာမှာ ပါသွားတဲ့ သေဆုံးသူတွေအတွက် ရုရှားနိုင်ငံမှာ တနင်္ဂနွေနေ့က တနိုင်ငံလုံးဝမ်းနည်းကြေကွဲမှုနေ့အဖြစ် သတ်မှတ်ခဲ့ပါတယ်။
ရုရှား လေကြောင်းလိုင်းရဲ့ အကြီးအကဲဖြစ်သူ အလက်ဇန္ဒြာ နီရတ်ဒ်ကို က လေယာဉ်ဟာ အမြင့်ပေ တော်တော်များများမှာ ပျံသန်းနေတုန်း တစစီ ပျက်စီးသွားခဲ့တာလို့ ပြောပါတယ်။

သေဆုံးသူခရီးသည်တွေထဲမှာ ကလေး ၂၅ ဦးအပါအ၀င် လေယာဉ်ဝန်ထမ်း ၇ ဦးတို့ ပါဝင်ကြောင်း ရုရှား သယ်ယူပို့ဆောင်ရေး အာဏာပိုင်တွေက ပြောပါတယ်။ ယူကရိန်းနိုင်ငံသား အနည်းဆုံး ၃ ဦးနဲ့ ဘီလာရပ်စ်နိုင်ငံသား တစ်ဦးလည်း သေဆုံးသူတွေထဲမှာ ပါဝင်တယ်လို့ ဆိုပါတယ်။

ရုရှားနိုင်ငံ စိန့်ပီတာစဘတ်ခ်(St Petersburg) မြို့ကို သွားရောက်မယ့် အဆိုပါလေယာဉ်ဟာ အီဂျစ်နိုင်ငံအပမ်းဖြေစခန်းဖြစ်တဲ့ Sharm El-Sheikh မြို့ကနေ စတင်ပျံသန်းပြီး သိပ်မကြာခင်မှာ ပျက်ကျသွားခဲ့တာ ဖြစ်ပါတယ်။

သေဆုံးသူတွေရဲ့ မိသားစုတွေကို လျှော်ကြေးငွေနဲ့ ဈာပနအတွက် ကူညီစီစဉ်ပေးသွားမယ်လို့ ရုရှားအစိုးရက ပြောပါတယ်။

အစ္စလာမ်မစ် လက်နက်ကိုင်တွေက လေယာဉ်ကို သူတို့ ပစ်ချလိုက်တာ ဆိုပြီး ကြေညာ ခဲ့ပေမယ့် အီဂျစ်နဲ့ ရုရှား အာဏာပိုင်တွေ က ငြင်းဆန် ထားပါတယ်။

လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကို စုံစမ်းနေတဲ့ ကျွမ်းကျင်သူတွေက တစုံတရာ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူး။

BBC Burmese
https://www.facebook.com/bbcburmese/
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment