ထိုင်းနိုင်ငံဘက်မှ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် တာချီလိတ်ဘက်မှ မြန်မာနိုင်ငံသား တစ်ဦးသေဆုံး


 တာချီလိတ်မြို့ ဆေခမ်းရပ်ကွက် အနီးဆုံးဖြစ်သည့် မြန်မာ - ထိုင်း နယ်စပ် ချောင်းအနီးတွင် တစ်ဖက် ထိုင်းနိုင်ငံမှ ပြောက်ကျားယူနီဖောင်းဝတ် လူတစ်ဦးမှ မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးအား သေနတ်ဖြင့် ပစ်ခတ်သဖြင့် ပွဲချင်းပြီး သေဆုံးသွားသည့် ဖြစ်စဉ်တစ်ခု နိုဝင်ဘာလ (၂)ရက်နေ့ ညနေ(၄)နာရီ ၀န်းကျင်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ တာချီလိတ်မြို့ ဆေခမ်းရပ်ကွက်တွင် နေထိုင်သူ အားဆာသည်  အားတူ(ခ)ပေတလုအား ထိုင်းနိုင်ငံအတွင်းသို့ ဆိုင်ကယ်ဝယ်ယူရန်အတွက် ထိုင်းဘတ်ငွေ (၂၆,၅၀၀)ဘတ်ပေးပြီး စေလွှတ်ခဲ့ပြီးနောက် ညနေ(၄)နာရီ အချိန်တွင် အားဆာ နှင့် သားလာတို့သည် ဆေခမ်းရပ်ကွက်၊ မယ်ဆိုင်ရေချောင်းဘေး တောင်ယာထဲတွင် အားတူ(ခ)ပေတလုအား စောင့်နေစဉ်မှာ အားတူ(ခ)ပေတလုသည် ထိုင်းနိုင်ငံဘက်မှ မယ်ဆိုင်ချောင်းအား ဖြတ်ပြီး အဖြူရောင် ဟွန်ဒါဝေ့ဖ်အိုင် ၁၁၀ အမျိုးအစား မော်တော်ဆိုင်ကယ်အား ကားကျွတ်ပေါ်တွင် တင်ကာ ချောင်းအား ဖြတ်ကူးစဉ် မြန်မာဘက်ကမ်းသို့ ရောက်သောအခါမှာ ထိုင်းနိုင်ငံဘက်မှ အစိမ်းရောင်ပြောက်ကျားယူနီဖောင်း ၀တ်ဆင်ထားသူ (၄)ဦးမှ သေနတ်ဖြင့် မိုးပေါ်သို့ (၁၀)ချက်ခန့် ထောင်ဖောက်သဖြင့် အားတူ(ခ) ပေတလုသည် ထိတ်လန့်သွားကာ အဆိုပါ ဆိုင်ကယ်အား မြန်မာဘက်ကမ်းတွင် ထားရှိပြီး ကမ်းပေါ်သို့ ပြေးတက်လာခဲ့ပြီးနောက် (၅)မိနစ်ခန့်အကြာတွင် ဆိုင်ကယ်သော့မှာ ဆိုင်ကယ်တွင် တန်းလန့်ဖြစ်နေ၍ ရေချောင်းသို့ ဆင်းပြီး ပြန်ယူစဉ်မှာ ယူနီဖောင်းဝတ် (၄)ဦးအနက် (၁)ဦးမှ သေနတ်အရှည်ဖြင့် (၁)ချက်လှမ်းပစ်ရာ အားတူ(ခ)ပေတလုမှာ "အား"ဟု အော်ကာ သေနတ်မှန်ပြီး လဲကျသွားခဲ့ကြောင်း လာရောက်တိုင်တန်းသူ၏ ပြောပြချက်ကို တာချီလိတ်မြို့မရဲစခန်းမှ တဆင့် သိရသည်။


သေနတ်ဒဏ်ရာဖြင့် လဲကျသွားသော အားတူ(ခ)ပေတလူအား အားဆာ နှင့် သားလာတို့မှ သွားရောက်တွဲခေါ်လာပြီး ဒဏ်ရာအား ကြည့်ရာ ၀ဲနံဘေးမှ ဖောက်ဝင်ပြီး ယာနံဘေးမှ ဖောက်ထွက်သွားသည့် ဒဏ်ရာ(၁)ချက်ရရှိကြောင်း သိရှိရသည့်အတွက် တောင်ယာထဲတွင် ထားရှိပြီး သေဆုံးသူ၏ ဖခင်ထံသို့ အကြောင်းကြားခဲ့ရကြောင်း သိရသည်။


အားတူ(ခ)ပေတလု သယ်ဆောင်လာသော မော်တော်ဆိုင်ကယ်သည် ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်ကမ်း၏ လယ်ကန်သင်းပေါ်တွင် ရောက်ရှိနေပြီး မော်တော်ဆိုင်ကယ်၏ အနီးတွင် ပြောက်ကျားယူနီဖောင်းဝတ် (၄)ဦးကို တွေ့မြင်ရကြောင်း မျက်မြင်တွေ့ရှိရသူများ၏ ထုတ်ဖော်ပြောပြချက်အရ သိရသည်။

"သေနတ်ဒဏ်ရာနဲ့ သေဆုံးသွားတာ မှန်ပါတယ်၊ ဒါပေမယ့် ဖြစ်စဉ်အမှန်ကို စုံစမ်းဆဲပါ၊ သက်သေ ထွက်ချက်တွေကတော့ ပြောက်ကျားဝတ် လူတစ်ဦးက တစ်ဖက်နိုင်ငံကနေ လှမ်းပစ်တာလို့ပြောပါတယ်.."ဟု တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး လှမင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သက်သေများ၏ ပြောပြချက်အရ ထိုင်းနိုင်ငံ အတွင်းမှ လှမ်းပစ်သည်ဟု ပြောဆိုသော်လည်း ကျည်ဆံခွံ သွားရောက်ရှာယူရန် တစ်ဖက်နိုင်ငံဖြစ်သည့် အတွက် စစ်ဆေးဆဲဖြစ်ကြောင်း၊ ကျည်ဖူးအား ရှာဖွေသော်လည်း မတွေ့ရှိသေးကြောင်း လက်ရှိတွင် လူသတ်မှုဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်း တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့ရုံးမှ သိရသည်။

"ပါသွားတဲ့ ကောင်လေးတွေ ပြောတာတော့ စစ်သားလို့ပြောတယ်၊ ကောင်လေးတွေကို ဟိုဘက်ကမ်းက လိုက်ဖမ်းလို့ ပြေးလာတဲ့အချိန် မြန်မာနိုင်ငံထဲ ရောက်မှ နောက်ကလှမ်းပစ်တာ အခုတော့ အလောင်းကို သူတို့ အိမ်ပို့ထားပြီးပါပြီ တဘက်ခါ သင်္ဂြိုဟ်မှာပါ.."ဟု တာချီလိတ်နာရေးကူညီမှုအသင်း ဥက္ကဌ ဦးလှမိုးက ပြောသည်။

သေဆုံးသွားသူ၏ သေနတ်ဒဏ်ရာမှာ နောက်ကျောမှဝင်၍ ရှေ့မှ ကျည်ဆံထွက်သွားခြင်းဖြစ်ကြောင်း၊ ကျောနောက်ရှိ ၀ဲဘက်နံရိုးကြား သေနတ်ဒဏ်ရာမှာ သေးငယ်ပြီး အရှေ့ရင်ဘတ်တွင် ကျည်ထွက်ပေါက် ကျယ်နေကြောင်း ၎င်းမှ ပြောကြားသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ သေနတ်ဖြင့် ပစ်ခတ်သူအား စုံစမ်းဖော်ထုတ် အရေးယူပေးနိုင်ရန်အတွက် တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၂၄၅/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်လှစ် ဆောင်ရွက်ထားကြောင်း သိရှိရသည်။

ဓါတ်ပုံ။  ။ တာချီလိတ်နာရေးကူညီမှုအသင်း
Tachileik News Agency
http://www.tachileik.net/2015/11/SKTH.html
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment