UNFC တိုးချဲ့ဖွဲ့စည်းရေး တိုင်းရင်းသားလက်နက် ကိုင်ခေါင်းဆောင်တွေ ဆွေးနွေး


ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်း ဝ အထူးဒေသရဲ့ မြို့တော် ပန်ဆန်းရဲ့ တည်နေရာကိုတွေ့ရစဉ်။ Photo:google map
 တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီကို 'ဝ' ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA နဲ့ NDAA မိုင်းလားအဖွဲတို့နဲ့ တိုးချဲ့ဖွဲ့စည်းသွားရေး (ဒါမှမဟုတ်) အမည်သစ်တစ်ခုနဲ့ ဖွဲ့စည်းသွားဖို့ကိစ္စကို UWSA ဌာနချုပ် ပန်ဆန်း (ပန်ခမ်း) ညီလာခံမှာ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

UNFC အဖွဲ့ဝင်တွေထဲက တိုင်းရင်းသားအဖွဲ့တချို့ဟာ အစိုးရနဲ့တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်ကို လက်မှတ်ထိုးလိုက်ပြီဖြစ်တာကြောင့် အဖွဲ့ဝင် သစ်တွေနဲ့ UNFC ကို အသစ်ပြန်လည်ဖွဲ့စည်းဖို့ ဆွေးနွေးခဲ့ကြတယ်လို့ တအောင်း TNLA အဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး တာ့ဘုန်းကျော် က ပြောပါတယ်။

"လောလောဆယ်တော့ ကျနော်တို့ UNFC မှာပဲစုဆုံတယ်၊ ဒါပေမယ့် တချို့ကအပစ်အခတ်ရပ်စဲရေးထိုးသွားပြီဆိုတော့ ကျနော်တို့ ပြန်သုံးသပ်နေတာရှိတယ်၊ လိုအပ်လာမယ်ဆိုရင်တော့ ကျနော်တို့ UNFC ကိုပြင်ဆင်တာမျိုး၊ သို့မဟုတ်လည်း နာမည်တစ်ခုနဲ့ စုစည်းမှုတစ်ရပ်ကိုဖော်တာမျိုး၊ လောလောဆယ်မှာတော့ တခြားလုပ်ဆောင်တာတွေရှိနေသေးတဲ့အတွက် ကျနော်တို့ကြားထဲမှာ အဲ့ဆင့်ထိမရောက်သေးဘူး၊ အဓိကကတော့ ဝတို့ မိုင်းလားတို့ပါလာဖို့ပဲ၊ ကျနော်တို့ စဉ်းစားတာပါ၊ အကုန်လုံးစုဆုံပြီးတော့ အလုပ်လုပ်နိုင်မယ့် နေရာတစ်ခုကျနော်တို့ စဉ်းစားလို့ စုစည်းမှုတွေလိုအပ်တယ်လို့ ကျနော်တို့ စဉ်းစားတာပါ"

လတ်တလောမှာ UNFC အမည်နဲ့ပဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ရပ်တည်နေမှာဖြစ်ပြီး UWSA ဝတပ်ဖွဲ့၊ NDAA မိုင်းလားအဖွဲ့တို့နဲ့ ဆက်သွယ်ဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေကို ဆွေးနွေးသဘောတူခဲ့တယ်လို့ ပြောပါတယ်။

အရင်က UNFC ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၄ ဖွဲ့ရှိခဲ့ပြီး၊ KNU ကရင်အမျိုးသားအစည်းအရုံး၊ CNF ချင်အမျိုးသားတပ်ဦး နဲ့ PNLO ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့တို့က အစိုးရနဲ့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်မှာ လက်မှတ်ရေးထိုးခဲ့ တာဖြစ်ပါတယ်။

'ဝ' ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ပန်ဆန်းမြို့မှာ နိုဝင်ဘာလ ၁ ရက်နေ့ကနေ ၃ ရက်နေ့ထိ ပြုလုပ်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၁ ဖွဲ့ရဲ့ ညီလာခံကနေ ပွင့်လင်းမြင်သာပြီး တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲ ကျင်းပပေးဖို့၊ အစိုးရ တပ်မတော်ရဲ့ ထိုးစစ်ကို ရပ်တန့်ပေးဖို့၊ ရွေးကောက်ပွဲအပြီး တက်လာမယ့် အစိုးရသစ်နဲ့ ပူးပေါင်းပြီး နိုင်ငံရေးဆွေးနွေးပွဲတွေကို စတင်ဖို့ သဘောထားရှိကြောင်း စတဲ့ အချက်တွေပါဝင်တဲ့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

တစ်နိုင်ငံလုံးအစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ထိုးခဲ့တဲ့ တိုင်းရင်းသားအဖွဲ့တွေနဲ့ လက်မှတ်ရေးထိုးခြင်း မရှိတဲ့အဖွဲ့တွေ အစည်းအဝေးကို ထိုင်းနိုင်ငံမှာ လာမယ့်သီတင်းပတ်အတွင်း ပြုလုပ်သွားဖို့ရှိတယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment