နွေရာသီရောက်တိုင်း ရေပြတ်လပ်မှု ရေရှားပါးမှု မကြာခဏ ကြုံတွေ့ရတတ်သည့် ပခုက္ကူခရိုင်အတွင်း သောက်သုံးရေဖြန့်ချိရန် ဒေသဆိုင်ရာအစိုးရ အဖွဲ့မှ ရေသည်ယဉ်တစ်စီးသာ ရှိကြောင်း ဒေသအခြေစိုက် လူမှုအဖွဲ့စည်းများမှ တာဝန်ရှိသူများက ပြောသည်။
“ကျွန်တော်တို့ ပခုက္ကူမှာက ရေရှားတာက တော်တော်ဆိုးရွားနေတယ်။ အခုက ဒေသခံ ရေလှူတဲ့အဖွဲ့ တွေကိုပဲ အားကိုးနေကြတာ။ အခုဆိုရင် ကျွန်တော်တို့ ပခုက္ကူခရိုင်မှာ မြို့နယ် ၅ မြို့နယ် ရှိတယ်။ အဲ့ဒီ့မှာက ကျေးရွာများစွာ ရှိတယ်။ အစိုးရအဖွဲ့က အဲ့ဒီ့လိုရွာတွေကို ရေထောက်ပံ့ဖို့ ရေသည်ယဉ်တစ်စီးသာ ရှိတယ်။ ဘယ်လိုမှ မလောက်ဘူး” ဟု တိလောက ရေအလှူအဖွဲ့ မှ ကိုမျိုးဇော်ထွေးက ပြောသည်။
တပို့တွဲလဖြစ်သည့် လတ်တလော ကာကလအတွင်းမှာပင် အလားတူ ပခုက္ကူခရိုင်အတွင်းရှိ မြို့များဖြစ်သော မြိုင်၊ ပေါက်မြို့၊ ဆိပ်ဖြူ၊ ရေစကြို စသည့်မြို့နယ်များနှင့် ကျေးရွာအချို့၌ ရေပြတ်လပ်မှု ဆိုးရွာစွာကြုံတွေ့ရလျက် ရှိသည်။ ယင်းအပြင် အယ်နီညိုနှင့် ကြုံတွေ့ရမည်ဖြစ်သည့် မြန်မာနိုင်ငံတွင် နေ့အပူချိန် မြင့်တက်မှုနှင့် ရေပြတ်လပ်မှုမှာ ဆိုးဝါးစွာ ကြုံတွေ့ရမည် ဖြစ်သောကြောင့် လွှတ်တော်အတွင်းမှာပင် အရေးကြီးအဆို တင်သွင်းကာ ဆွေးနွေးလျက်ရှိနေသည်။
“ကျွန်တော်တို့ အစိုးရဖွဲ့အနေနဲ့ ကျေးရွာတွေမှာ ရေပြက်လပ်မှု မရှိအောင် ဆောင်ရွှက်နေတယ်။ အခုဆိုရင် မြိုင်မြို့မှာရှိတဲ့ ရွာတစ်ရွာရယ်၊ ပခုက္ကူမှာရှိတဲ့ ရွာတစ်ရွာက ရေလုံးဝ ပြတ်နေပြီ။ အဲဒီအတွက်လည်း ဆောင်ရွက်နေတယ်။ နေ့စဉ်ရေသယ်ယာဉ်တစ်စီး၊ ရေ ၅ ဂါလံ (ပုံး ၅၀၀) နဲ့ ရေဖြန့်ဝေခြင်းကို ဆောင်ရွက်နေပါတယ်” ဟု ခရိုင်ကျေးလက်ဦးစီးမှူး ဦးဇော်မျိုးထွေးက ပြောသည်။
လက်ရှိအချိန်၌ ရန်ကုန်တိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့ ၌ရေပြတ်လပ်မှု ကြုံတွေ့ရလျက် ရှိသည်။
သတင်း - ကျော်စိုးဦး
The Ladies News
https://www.facebook.com/News.TheLadies
0 comments:
Post a Comment