ရှမ်းပြည်နယ် မြောက်ပိုင်းရှိ RCSS/SSA တပ်များကို အစိုးရတပ်မတော်မှ ရှင်းလင်းရေးပြုလုပ်မည်


ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ရှိနေသည့် RCSS/SSA ရှမ်းတပ်မတော် တောင်ပိုင်း တပ်ဖွဲ့များမှာ အစိုးရတပ်မတော်မှ သတ်မှတ်ထားသော နေရာသို့ ပြန်လည်ဆုတ်ခွာခြင်း မရှိသောကြောင့် နယ်မြေရှင်းလင်းရေး ပြုလုပ်တော့မည် ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

အပစ်မရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်သည့် တအာင်းပလောင် တပ်ဖွဲ့ TNLA/PSLF နှင့် အစိုးရနှင့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲထားသည့် RCSS/SSA တို့အကြား နယ်မြေအငြင်းပွားမှု ပြသ၁နာများကြောင့် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး တအာင်းပလောင် တပ်ဖွဲ့စခန်းများကို သိမ်းပိုက်ခဲ့သည့် RCSS/SSA တပ်များကို ပြန်လည်ဆုတ်ခွာရန် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်မှ ညွှန်ကြားထားခဲ့ပြီး ပြန်လည်ဆုတ်ခွာမည် မဟုတ်ဟု RCSS/SSA တပ်ဖွဲ့မှ အကြောင်းပြန်ကြားခဲ့သည့် အတွက် တပ်မတော်မှ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေ အတွင်းရှိ လက်နက်ကိုင် အဖွဲ့အားလုံးကို ရှင်းလင်းလျက်ရှိနေကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“အစကတည်းက ဒီလိုဖြစ်မယ်ဆိုတာ တိုင်းရင်းသား လက်နက်ကိုင်တွေအနေနဲ့ သိသင့်တယ်။ အန်စီအေ ဆိုတာလည်း ဒီအစိုးရကနေ စပြီးတော့မှ အခြေတည်ထားတာ။ အန်စီအေ ထိုးတဲ့လူနဲ့ မထိုးတဲ့လူကို ထိပ်တိုက်တွေ့အောင် ဖန်တီးတာလည်း သူတို့ရဲ့ ပရောဂ မကင်းဘူး။ အဲဒီတော့ အန်စီအေအပေါ် သာယာနေတဲ့ အဖွဲ့တွေရော တစ်ဖက်သတ် မြင်နေတဲ့အဖွဲ့တွေရော ကိုယ့်ကိုကိုယ် နားလည်ဖို့လိုတယ်” ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောခွင့်ရ
ဦးစိုင်းလိတ်က မှတ်ချက်ပြုပြောဆိုသည်။

အာစီအက်စ်အက်စ် နှင့် တအာင်းပလောင်တို့ အကြား RCSS/SSA အဖွဲ့မှ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲမှု လက်မှတ်ရေးထိုးပြီး နောက်ပိုင်း တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရှမ်းမြောက်ရှိ ရှမ်းနှင့် တအာင်းပလောင် တိုင်းရင်းသားများ နေထိုင်သည့် နယ်မြေများကို သူပိုင်သည် ကိုယ်ပိုင်သည်ဟု အငြင်းပွားခဲ့ခြင်းဖြစ်ကာ အာစီအက်စ်အက်စ်မှာ အစိုးရနှင့်တ ရားဝင် နယ်မြေသတ်မှတ်မှု မပြုလုပ်ရခင် နယ်မြေချဲ့ထွင်ခြင်း ဖြစ်သည်ဟုလည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့မှ စွပ်စွဲမှုများရှိခဲ့သည်။

ရှမ်းပြည်နယ်တောင်ပိုင်း ၊ ထိုင်းမြန်မာနယ်စပ် လွယ်တိုင်းလျှံတွင် ဌာနချုပ်ရှိသည့် အာစီအက်စ်အက်စ် တပ်ဖွဲ့ဝင်များ ထောင်နှင့်ချီပြီး ရှမ်းပြည်နယ် မြောက်ပိုင်းသို့ ရောက်ရှိလာမှု အပေါ်တွင်လည်း အစိုးရမှ တစ်စုံတစ်ရာ တားဆီးခဲ့မှု မရှိသည့်အပေါ် ဝေဖန်မှုများရှိနေခဲ့ပြီး ယခုကဲ့ တအာင်းပလောင် တပ်ဖွဲ့စခန်းများကို အာစီအက်စအက်စ်အဖွဲ့မှ သိမ်းပိုက်ခဲ့ပြီးနောက်တွင် တပ်မတော်မှ အာစီအက်စ်အက်စ် တပ်ဖွဲ့များကို ပြန်ဆုတ်ခိုင်းသည့်အပေါ် မေးခွန်းထုတ်မှုများလည်း ရှိနေပါသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁) ပုဒ်မ ၂၀(င)တွင် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရန် တပ်မတော်တွင် အဓိကတာဝန်ရှိသည်ဟု ဖော်ပြထားပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၇) ပုဒ်မ ၃၄၁ တွင် နိုင်ငံတော်တွင် နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် ဘေးအန္တရာယ် ကျရောက်လာလျှင် တပ်မတော်က ကူညီဆောင်ရွက်ရမည်ဟု ဖော်ပြထားကာ အဆိုပါပြဋ္ဌာန်းချက်နှင့်အညီ တပ်မတော်မှ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်၊ ကျောက်မဲမြို့နယ်များ အတွင်း SSA (ရွက်ဆစ်)အဖွဲ့ နှင့် TNLA အဖွဲ့များ တိုက်ပွဲဖြစ်ပွား မှုကြောင့် ဒေသခံပြည်သူများ ဒုက္ခများ ကြုံတွေ့နေမှုအပေါ် တိုက်ပွဲများ အမြန်ဆုံး ရပ်ဆိုင်းနိုင်ရေးနှင့် စစ်ဘေးရှောင် ပြည်သူများ၏ လူမှုဒုက္ခများ ဖြေရှင်းဆောင်ရွက် ပေးနိုင်ရေးတို့အတွက် ဖေဖော်ဝါရီ ၁၇ ရက်က ပြုလုပ်ခဲ့သော ပြည်သူ့လွှတ်တော် အစည်းအဝေး၌ နိုင်ငံတော် အစိုးရ ရှမ်းပြည်နယ်အစိုးရနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးအား တိုက်တွန်းကြောင်း အရေးကြီးအဆို တင်သွင်း၍ ဆွေးနွေးဆုံးဖြတ်ပြီး အတည်ပြုခဲ့သည့်အတွက် တပ်မတော်က ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ဒို့တာဝန်အရေးသုံးပါးနှင့် ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်စောင့်ရှောက် နိုင်ရန်အတွက် တိုက်ပွဲဖြစ်ပွားရာ ဒေသများသို့ ဝင်ရောက် လှုပ်ရှားရှင်းလင်းလျက် ရှိသည်ဟုလည်း ဖော်ပြထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်၊ ကျောက်မဲမြို့နယ်များအတွင်း SSA (ရွက်ဆစ်)အဖွဲ့ နှင့် TNLA အဖွဲ့များသည် ၂၀၁၅ ခုနှစ် စက်တင်ဘာ ၂၅ ရက်မှ ယခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်အထိ တိုက်ပွဲ အကြိမ် ၂၀ ဖြစ်ပွားခဲ့ပြီး ကျေးရွာများကို မီးရှို့ခြင်း၊ ရဟန်းသံဃာများကို ဖမ်းဆီးခြင်း၊ ရွာသူရွာသားများကို ဖမ်းဆီးသတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့ရာ ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၅ ရက်အတွင်း ကျောက်မဲ ခရိုင်အတွင်းမှ ဒေသခံပြည်သူ အမျိုးသား ၁၄၆၇ ဦး၊ အမျိုးသမီး ၂၁၉၀ ဦး၊ စုစုပေါင်း ၃၆၅၇ ဦးသည် ကျောက်မဲမြို့ပေါ်နှင့် မိုးမိတ်၊ နမ့်ခမ်းမြို့နယ်များရှိ ကျေးရွာများသို့ တိမ်းရှောင် လျက်ရှိသည်။

အဆိုပါတိုက်ပွဲများနှင့် ပတ်သက်ပြီး တိုင်းရင်းသားညီအစ်ကို အချင်းချင်းအကြား ညှိနှိုင်း ဖြေရှင်းနေကြောင်း နှစ်ဖက်အဖွဲ့အစည်းများ၏ ထုတ်ပြန်ကြေညာချက်များအရ သိရှိရသည့် အတွက် တပ်မတော်အနေဖြင့် စောင့်ကြည့်ခဲ့သည်ဟုလည်း ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

သတင်း - ဇော်မင်းထွန်း
The Ladies News
https://www.facebook.com/News.TheLadies
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment