ဒဏ်ရာနှလုံးသားအခွေနဲ့ပတ်သက်ပြီး ပရိသတ် တုံ့ပြန်မှုကိုမျှော်လင့်နေပါတယ်ဆိုတဲ့ လိမ္မော်သီး


၂၀၀၇ ခုနှစ်မှာ ဗိုလ်ချုပ်ဈေးရှေ့က သင်္ကြန်မဏ္ဍပ်မှာ သီချင်းသီဆိုရင်း ဂီတလောကထဲကို စတင်ဝင်ရောက်လောတဲ့ လိမ္မော်သီးဟာ ပထမအခွေ လိမ္မော်ရောင်စိတ်ကူးများ၊ လက်ရှိမှာထွက်ရှိထားတဲ့ ဒဏ်ရာနှလုံးသားအပြင် ထပ်မံပုံဖော်နေတဲ့ တတိယအခွေလဲ ရှိနေသေးတာမို့သူမရဲ့ ဂီတနဲ့ပတ်သက်တဲ့ ခံယူချက်၊ အမြင်များနဲ့ လျှောက်လှမ်းလာတဲ့ ဂီတလမ်းကြောင်းတစ်လျှောက်ကို ပြန်လည်မေးမြန်းကြည့်ဖြစ်တဲ့အခါ
-အခုလက်ရှိ ဂီတလှုပ်ရှားမှု အနေနဲ့ ဘာတွေလုပ်ဖြစ်နေလဲ။
အခုလောလောဆယ်က ၆ ရက်နေ့ကမှ ညီမရဲ့ ဒဏ်ရာနှလုံးသားဆိုတဲ့ ဒုတိယအယ်လ်ဘမ်လေးကို ထွက်ထားတယ်။ လှည်းတန်းစိန်ဂေဟာမှာ လက်မှတ်ထိုးရောင်းချထားတဲ့အတွက် ပရိသတ်တော်တော်များများလဲ လာတယ်။ ပြီးတော့ လက်မှတ်ထိုးပွဲကိုလဲ အနုပညာရှင်တော်တော်များများ လာခဲ့ပေးတဲ့အတွက် ပွဲလေးကထင်ထားတာထက် ပိုစည်သွားတယ်။ နောက်ပြီး အဲ့ဒီနေ့ညက ပရိုမိုးရှင်းပွဲပြီးတော့ jasper House မှာ အနုပညာမောင်နှမတွေနဲ့ အခွေထွက်တဲ့ အထိမ်းအမှတ်အနေနဲ့ ညစာစားပွဲလေး လုပ်ဖြစ်တယ်။ အခွေထွက်ပြီးပြီး ခုရက်ပိုင်းက ညီမနယ်ရှိုးလေးတွေပဲ ရှိတယ်။ မေမြို့၊ မော်လမြိုင်၊ ငွေဆောင်ကို အင်ပါယာ band နဲ့သွားဖို့ရှိတယ်။ နောက်ပြီး ဒဏ်ရာနှလုံးသားနဲ့ပြိုင်တူ လုပ်နေတဲ့ အခွေတစ်ခွေလဲ ရှိသေးတယ်။ အဲ့ဒီတစ်ခွေလုံးကို အင်ပါယာ band နဲ့တီးထားတာပေါ့။
-ပထမအခွေ လိမ္မော်ရောင်စိတ်ကူးများနဲ့အခုဒုတိယအခွေဒဏ်ရာနှလုံးသား ၂ ခွေရဲ့ ပရိသတ်ရဲ့ အားပေးမှုကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ဘယ်လိုကွာခြားချက်ရှိမလဲ။
ဒီအခွေလေးကတော့ ပရိသတ် ပိုအားပေးတယ်လို့ပြောလို့ရတယ်။ ပထမအခွေက ညီမဖြန့်ချိရေးလဲ အားနည်းတယ်။ အဖက်ဖက်က အားနည်းချက်ရှိခဲ့တယ်။ ဒီအခွေလေးကတော့ ညီမကြော်ငြာအားလဲတော်တော်လေး ထည့်ထားတယ်။ အဲ့ဒါကြောင့်ဒီအခွေက ပရိသတ်လက်ထဲ ပိုရောက်တယ်လို့ထင်တယ်။ ပရိသတ် ပိုစိတ်ဝင်စားတယ်လို့ထင်တယ်။
-ဒုတိယအခွေမှာ ကိုယ်တိုင်ရေး သီချင်းရော ဘယ်နှပုဒ်လောက်ပါလဲ။
၂ပုဒ်ပေါ့။ လေမရှိတဲ့ ကမ္ဘာရယ်၊ ရာဇ၀င်ဆိုတဲ့ သီချင်းလေးရယ်ပါ။
-သီချင်းရေးတာကရော ဘယ်လိုစိတ်ကူးလေးနဲ့ရေးဖြစ်တာလဲ။
ပထမအခွေလိမ္မော်ရောင်စိတ်ကူးများတုန်းက သမီးရေးတဲ့ သီချင်း ၃ ပုဒ်ပါတယ်။ သီချင်းကတော့ ရေးဖြစ်တယ်။ ညီမအစကရေးတာ ၀ါသနာမပါဘူး။ သီချင်းပဲဆိုတာ အခုနောက်ပိုင်းမှာ ခံစားချက် ရှိရင်ရေးရင်းရေးရင်းနဲ့ရေးစဖြစ်သွားတာပေါ့။
-အမ်တီဗီကရော ဘယ်တော့လောက်စတင်ရိုက်ကူးဖြစ်မလဲ။
သင်္ကြန်ပြီးမှပဲ စရိုက်ဖြစ်မယ်ထင်ပါတယ်။
-ဒီနှစ်သင်္ကြန်ကရော ဘယ်မှာရှိမလဲ။
မန္တလေးမြို့တော်ဝန်မှာ ရှိဖြစ်ဖို့များပါတယ်။
-သင်္ကြန်ကိုအလုပ်နဲ့ဖြတ်သန်းတာ ဘယ်နှနှစ်လောက်ရှိပြီလဲ။
နည်းနည်းကြာနေပြီ။ ၂၀၀၇ ကတည်းက သင်္ကြန်ဆို သီချင်းဆိုဖြစ်တယ်။ နောက်ပိုင်း မဆိုဖြစ်ဘူး။ ဒါပေမဲ့ ၂၀၁၀ မှာ ပြန်ဆိုရင်းတောက်လျှောက်ပြန်ဆိုဖြစ်တယ်ပေါ့။
-ရန်ကုန်ပရိသတ်နဲ့နယ်ပရိသတ်အခြေအနေကရော ဘယ်လိုမျိုးလေးရှိလဲ။
ညီမပရိသတ်က နယ်ဖက်က များတယ်။ မန္တလေးတို့၊ တောင်ကြီးတို့ အဲ့ဒီဖက်ကများတယ်။ သီချင်းသွားဆိုရင်လဲ နယ်ရှိုးတွေထွက်တာများတဲ့အတွက် နယ်ပရိသတ်ကတော့ ကိုယ့်ကိုပိုသိတယ်။ ပိုပြီးသတိထားမိတယ်။ ရန်ကုန် ပရိသတ်ကကျတော့ အတွဲခွေတို့City FM အခွေတို့ကျမှ သတိထားမိသွားတာပေါ့။
-ဒဏ်ရာနှလုံးသားနဲ့တူတူ လုပ်နေတဲ့အခွေလေးကရော ဘယ်တော့လောက်ထွက်ဖြစ်မလဲ။
အဲ့ဒီအခွေလေးက ဒဏ်ရာနှလုံးသားနဲ့ တူတူ လုပ်နေတာပေါ့။ တစ်ခွေလုံးကို အင်ပါယာ band နဲ့တီးထားတယ်။ တစ်ပြိုင်တည်း နှစ်ခွေစီစဉ်နေတာဆိုတော့ ဒါပေမဲ့ ဒဏ်ရာနှလုံးသားက အရင်ထွက်သွားတာ။ ကျန်တဲ့အခွေက ဒီနှစ်ထဲမှာပဲ ပွင့်လင်းရာသီလောက် ထွက်နိုင်အောင်ပြန်လုပ်နေပါတယ်။ လုပ်လက်စ အပြီးသတ်ရမှာပေါ့။ အများဆုံး ၁၃ ပုဒ်ထည့်မယ်။ အနည်းဆုံး ၁၁ ပုဒ်ပေါ့။
-ဒဏ်ရာနှလုံးသားနဲ့ အခုလုပ်လက်စအခွေနဲ့ကျတော့ ဘယ်လိုကွာခြားချက်ရှိမလဲ။
သီချင်းတွေကတော့ ရော့ခ်တွေကြီးပါပဲ။ ပရိသတ်ကပဲ ဘယ်အခွေကိုကြိုက်မလဲပေါ့။ အရမ်းကြီးကွာခြားတာမျိုး မရှိဘူး။ ဒါပေမဲ့ တစ်ခွေလုံးကို အင်ပါယာနဲ့တီးထားတယ်ပေါ့။
-လက်ရှိလုပ်လက်စအခွေမှာတေးရေးတွေအနေနဲ့ရောဘယ်သူတွေပါမလဲ။
ကိုဝေလ၊ မီးမီးခဲ၊ အောင်ကိုမြင့်ပါမယ်။ သီချင်းဟောင်းတွေကို အသစ်နဲ့ရောပြီးပြန်လုပ်ထားတာမျိုးတွေပါမယ်။ ကိုယ်တိုင်ရေးလဲ၂ပုဒ်လောက်တော့ ထည့်ဖို့စီစဉ်ထားတယ်။
-လက်ရှိမှာ ဘယ်သူ့သီချင်းတွေကိုနားထောင်ဖြစ်နေလဲ။
သမီးသီချင်းတွေပဲနားထောင်ဖြစ်နေပါတယ်။ ဘာတွေများ လိုအပ်နေမလဲပေါ့။ တခြားကတော့ နိုင်ငံခြားသီချင်းဟောင်းလေးတွေပြန်နားထောင်ဖြစ်နေတယ်။
-ဂီတလောကထဲကို ဘယ်လိုကဘယ်လိုစပြီး ၀င်ရောက်ဖြစ်ခဲ့တာလဲ။
ဗိုလ်ချုပ်ဈေးမှာ သင်္ကြန်မဏ္ဍပ်လုပ်တော့ ၂၀၀၇ ပေါ့။ သမီးတို့က သင်္ကြန်မတိုင်ခင် ဗိုလ်ချုပ်ဈေးလာတာ။ အဲ့ဒီမှာ မဏ္ဍပ်ဆောက်နေတာတွေ့တော့ သမီးအမေကနေ သမီးသီချင်းဆိုပြိုင်ပွဲတွေပြိုင်တာ ၀ါသနာပါတာ သိတော့ ဖြစ်စေချင်တယ်။ အဲ့ဒါကြောင့်မေကြီးက မဏ္ဍပ်စင်ပေါ်တပ်ပြီး ဒီမှာဘယ်သူတီးမှာလဲ ဘာညာမေးရင်း နဲ့မှ အဲ့ဒီကလူတွေက တီးဝိုင်းဆရာ ကိုနိုင် နိုက်တင်ဂေးလ်ကတီးမှာ ဆိုတာနဲ့သူတို့ကို သွားပြောဆိုလို့သမီးက ဆိုချင်တာနဲ့သမီးအမေကသွားပြောပေးတာပေါ့။ ဦးနိုင်တို့က သမီးကိုနားမထောင်ဖူးဘူး။ ဒါပေမဲ့ပေးဆိုတယ်။ နေ့တိုင်းသွားဆိုတာ သူတို့က အဆိုတော်ကြီးတွေ အလှည့်ပြီးရင် ကိုယ့်ကိုထည့်ပေးတယ်။ ကလေးဆိုတော့ အသက်က ၁၇လောက်ပဲ ရှိဦးမယ်။ အဲ့ဒီကနေစပြီးစင်ပေါ်စတက်ဖူးတာ။ အဲ့ဒီမှာ ကိုနိုင်ကသဘောကျပြီး မင်္ဂလာဆောင်တွေဆိုမလားဆိုတာနဲ့ဆိုတယ်။ ပြီးမှ နယ်ရှိုးလေးတွေခေါ်ဆိုတယ်။ ပြီးမှအဆက်အသွယ် တွေရပြီး ဂီတဖက်ကို ဆက်တိုက်လုပ်ဖြစ်သွားတာပေါ့။ ၂၀၁၀ မှာ အခွေစထုတ်ဖြစ်ပြီး ဒီလောကထဲကို သေချာလေးလုပ်ဖြစ်သွားတာပေါ့။
-နောက်ထပ်လုပ်နေတဲ့ အခွေနဲ့ပတ်သက်ပြီးတော့ရော ပရိသတ်ကြီးကို ဘာတွေပြောပြချင်သေးလဲ။
လောလောဆယ်မှာတော့ ဒဏ်ရာနှလုံးသားကို အားစိုက်နေတယ်။ ပရိသတ် ဘယ်လိုတုံ့ပြန်မလဲအရင်ကြည့်မယ်။ နောက်တစ်ခွေကတော့ သေချာလေး သီချင်းတွေကအစ မရွေးရသေးဘူး။ ထွက်ပြီးသားတဲ့ ဒဏ်ရာနှလုံးသားရဲ့ တုံ့ပြန်မှုကိုစောင့်မျှော်နေတယ်။ ပရိသတ်ကြီးလဲ နားထောင်ပေးပါ။ ဝေဖန်အကြံပြုပေးပါလို့ပြောချင်ပါတယ်။ နောက်တစ်ခွေကတော့ ပွင့်လင်းရာသီအမှီ ထွက်နိုင်အောင်ညီမကြိုးစားနေပါတယ်။
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment