ရန်ကုန်တိုင်းအတွင်း အထက်တန်းပြဆရာ၊ ဆရာမ အပြောင်းအရွှေ့နှင့် ရာထူးတိုးများ ယနေ့ထုတ်ပြန်မည်

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အခြေခံပညာကျောင်းများ၌ အထက်တန်းပြဆရာနေရာ အပြောင်းအရွှေ့နှင့် လစ်လပ်နေသည့် အထက်တန်းပြဆရာနေရာ ၄၈၀ ကျော်အတွက် ရာထူးတိုးစာရင်းများကို ယနေ့ ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါအထက်တန်းပြနေရာ အပြောင်းအရွှေ့နှင့် ရာထူးတိုး လျှောက်ထားမှုများကို လုပ်သက်တန်းစီဇယားဖြင့် စီထားသည့်စာရင်းများကို သက်ဆိုင်ရာ ခရိုင်လေးခုသို့ စက်တင်ဘာ ၂၄ ရက်တွင်  ပေးအပ်သွားမည်ဖြစ်ပြီး လျှောက်ထားခဲ့သည့်ဆရာများ အနေဖြင့် လုပ်သက်တန်းစီဇယားကို နီးစပ်ရာခရိုင်ပညာရေးမှူးရုံးများတွင် သွားရောက်ကြည့်ရှုနိုင် ကြောင်း အမှတ်(၃)အခြေခံပညာ ဦးစီးဌာနဒုတိယညွှန်ကြားရေးမှူး (စီမံ)ဦးစိုးသိုက်က ပြောသည်။
‘‘ဆရာ၊ ဆရာမတွေကို သူတို့ပြောင်းရွှေ့လိုတဲ့ကျောင်းတွေကိုပဲ လုပ်သက်အလိုက်၊ တန်းစီ ဇယားအလိုက်စီပြီးတော့ နေရာ လစ်လပ်တာနဲ့ ဘာသာရပ်ကိုက်ညီမှုရှိ၊ မရှိအပေါ်မူတည်ပြီး ရွေးချယ်ပေးတယ်။ ကြားဖြတ်အထူးလိုအပ်ချက်အရ  လုပ်သက် တစ်နှစ်အထက်၊  တစ်နှစ်အောက် ဆရာတွေကို အထက်တန်းပြရာ ထူးတိုး ခန့်အပ်ထားပေးထားတယ်’’ဟု ဦးစိုးသိုက်က ပြောသည်။
အမှတ်(၃) အခြေခံပညာဦးစီးဌာနသို့  အထက်တန်းပြ အပြောင်းအရွှေ့လျှောက်ထားသူ ၇၅၅ ဦး အနက် ၃၈၂ ဦးအား ပြောင်းရွှေ့လိုသည့်ကျောင်းများ သို့  ပြောင်းရွှေ့ခွင့်ပေးခဲ့ပြီး  အထက်တန်းပြရာထူးတိုးလျှောက်ထားမှုတွင် လုပ်သက်တစ်နှစ်နှင့် အထက် ရှိသည့် အလယ်တန်းပြ ဆရာပေါင်း ၃၉၁ ဦးနှင့် လုပ်သက်တစ်နှစ်အောက် လျှောက်ထားသည့် အလယ်တန်းပြဆရာ ပေါင်း၁၂၄ ဦးအထိ ရှိခဲ့သည်။ ၎င်းတို့ အထဲမှ လုပ်သက်တစ်နှစ်နှင့်အထက် ရှိသည့် အလယ်တန်းပြ ဆရာ ၂၅၆ ဦးနှင့် လုပ်သက်တစ်နှစ် အောက်အလယ်တန်းပြဆရာ ၁၀၀ ဦးအား ရန်ကုန်တိုင်းဒေသ ကြီးအတွင်းရှိ လစ်လပ်နေသည့် အထက်တန်းပြနေရာများတွင် ရာထူးတိုးခန့်အပ်ပေးသွားမည် ဖြစ်ကြောင်း  သိရသည်။
 လုပ်သက်တစ်နှစ် မပြည့်သေးသည့် အလယ်တန်းပြဆရာ၊ ဆရာမများအား  ကျောထောက် နောက်ခံပြု အထက်တန်းပြဆရာ၊ ဆရာမအဖြစ် ခန့်ထားမည်ဖြစ်သော်လည်း အလယ်တန်းပြလစာသာ ရရှိမည်ဖြစ်ပြီး လုပ်သက်တစ်နှစ်ပြည့်မှသာ အထက်တန်းပြဆရာလစာ ပေးအပ်မည်ဖြစ်ကြောင်း အမှတ်(၃)အခြေခံပညာဦးစီးဌာနမှ သိရသည်။
  ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရမ်း၊ သုံးခွ၊ သန်လျင်၊ ကျောက်တန်း၊ ခနောင်တို၊ ဒလ၊ တွံတေး၊ ကွမ်းခြံကုန်း၊ ကော့မှူး၊ ထန်းတပင်၊ လှည်းကူး၊ တိုက်ကြီးမြို့နယ်များမှ အခြေခံပညာကျောင်းများတွင် လျှောက်ထားမှုမရှိသောကြောင့် လစ်လပ်နေသေးသည့် အထက်တန်းပြဆရာ ရာထူး နေရာများအတွက် လုပ်သက်ပြည့်၍ ပင်စင်ယူသွားသည့် အငြိမ်းစား အထက်တန်းပြဆရာ၊ ဆရာမကြီးများအား ပြန်လည်ခန့်အပ်ထားရှိရန် စီစဉ်သွားမည်ဖြစ်ကြောင်း အမှတ်(၃)အခြေခံပညာဦးစီးဌာနမှ သိရသည်။
နေရာအပြောင်းအရွှေ့နှင့် ရာထူးတိုးလျှောက်ထားမှုများကို လျှောက်ထားသူများ၏ လုပ်သက်အလိုက် အစဉ်လိုက် တန်းစီ ဇယားဖြင့် ရွေးချယ်ခဲ့ပြီး ပြောင်းရွှေ့ခွင့်မရှိခဲ့သည့် ဆရာများအနေဖြင့် ပြောင်းရွှေ့လိုသည့် ကျောင်းများတွင် ဘာသာရပ်ကိုက်ညီမှုမရှိခြင်း၊လစ်လပ်နေရာမရှိခြင်း၊ လုပ်သက်တစ်နှစ် မပြည့်ခြင်း၊ ပြစ်မှုရှိခြင်း၊ ငြင်းပယ်ပြစ်ဒဏ်ရှိခြင်းနှင့် သင်တန်း တက်ရောက်နေခြင်းတို့ကြောင့် ပြောင်းရွှေ့ခွင့်မရရှိခဲ့ကြောင်း အမှတ်(၃) အခြေခံပညာဦးစီးဌာနမှ သိရသည်။
အထက်တန်းပြရာထူးတိုးသို့ ပြောင်းရွှေ့သွားသည့် အလယ်တန်းပြဆရာနေရာများအတွက် မူလတန်းပြဆရာများအား ပြောင်းရွှေ့ခန့်ထားရန် စီစဉ်ထားပြီး ၎င်းတို့နေရာအတွက် နေ့စားလပေးမူလတန်းပြဆရာများ အစားထိုးပြန်လည်ခန့်သွားရန်  စီစဉ်ထားကြောင်း အမှတ် (၃) အခြေခံပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး (စီမံ)ဦးစိုးသိုက်က ပြောကြားသည်။
  ရန်ကုန်တိုင်းဒေသကြီးအတွင်း  အခြေခံပညာကျောင်းပေါင်း နှစ်ထောင့်ခုနစ်ရာကျော်ရှိပြီး ဆရာဦးရေသုံးသောင်းခွဲကျော် ဖြင့် ကျောင်းသူ၊ ကျောင်းသားပေါင်း တစ်သန်းကျော်ကို သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
By
ဇော်မျိုးလှိုင်
Source:7daydaily.com

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment