အရပ်သားများကို အစိုးရစစ်တပ် ပစ်သတ်ဟု ကိုးကန့်စွပ်စွဲချက် သမ္မတရုံး ပယ်ချ


ဖေဖော်ဝါရီ ၉ ရက်က စတင်ခဲ့တဲ့ လောက်ကိုင်ဒေသ တိုက်ပွဲကာလမှာ အစိုးရတပ်တွေရဲ့ ပစ်ခတ်မှု ကြောင့် အရပ်သားတွေ သေဆုံးခဲ့တယ်လို့ ဦးဖုန်ကြားရှင် ဦးဆောင်တဲ့ ကိုးကန့် တိမ်းရှောင်တပ်ဖွဲ့က စွပ်စွဲခဲ့တဲ့အပေါ် နိုင်ငံတော် သမ္မတရုံးက ပယ်ချလိုက်ပါတယ်။

အရပ်သားတွေ သေဆုံးရမှုနဲ့ပတ်သက်ပြီး ဦးဖုန်ကြားရှင် ဦးဆောင်တဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်ဖွဲ့က (အမ်အန်ဒီအေအေ) ပြောခွင့်ရသူ ဦးထွန်းမြတ်လင်းက မြန်မာ့တပ်မတော် တပ်မ ၃၃ ကို အခိုင်အမာ  စွပ်စွဲပါတယ်။

“ဒီမြန်မာ့တပ်မတော်အနေနဲ့ သူတို့က တပ်မ ၃၃ ကနေပြီးတော့ ကျနော်တို့ ၁၄ ရက်နေ့ ညနေကစပြီးတော့ ၁၄-၁၆၊ ၁၇ နေ့တပိုင်း အဲဒီရက်တွေမှာ အပြစ်မဲ့ပြည်သူလူထုတွေကို သတ်ဖြတ်နေတာရှိပါတယ်။ ဒီလိုသတ်ဖြတ်နေတာက ကျားမမရွေး အသက်အရွယ်မရွေးပါ။ တကယ့်ကို ပြည်သူလုထုတွေပါ။ သူတို့ ဒီတိုင်းပစ်သတ်နေတာက အယောက် ၁၀၀ ကျော်တယ်ဗျာ။ ဒါမျက်မြင်သက်သေရှိပါတယ်။ ဆုံးသွားတဲ့သူတွေထဲမှာဆိုရင် ကျနော့်အသိတွေရဲ့ အမျိုးတွေရှိပါတယ်။”

ကိုးကန့်တပ်ဖွဲ့ရဲ့ စွပ်စွဲချက်အပေါ် သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးက အခြေအမြစ်မရှိဘူးလို့  ငြင်းဆိုပါတယ်။

“အပြစ်မဲ့အရပ်သားတော့ မဟုတ်ဘူးဗျာ။ အရပ်သားထဲကိုရောနေတယ်။ ဟိုဘက်ကနေ ၀င်ပြီးတော့ အရပ်သားပုံစံဖမ်းတယ်။ ဒါမျိုးတွေလုပ်နေတယ်။ ပြီးရင် အခုနလို မီဒီယာကို အရပ်သားဆိုပြီး ပြောတယ်။ ဒါကို ခွဲခွဲခြားခြားသိဖို့လိုတယ်။ တပ်မ ၃၃ ကတော့ အရပ်သားကို မပစ်ဘူး။ အရပ်သားဟန်ဆောင်ထားတဲ့ လူဆိုရင်တော့ ပစ်ချင်ပစ်မယ်။ နောက်တခုက ခိုင်ခိုင်လုံလုံ တိတိကျကျရှိမှလည်း ပစ်တာ။ အဲတော့ အဲဒါတွေရဲ့ ပြောကြားချက်က မဟုတ်တမ်းတရမ်း လျှောက်ပြောနေတာလို့ ကျနော်ပြောချင်တယ်။”

ကိုးကန့်တိုက်ပွဲတွေအတွင်း အရပ်သားသေဆုံးသူ အရေအတွက် စုစုပေါင်း ဘယ်လောက်ရှိတယ်ဆိုတာ အစိုးရက သီးသန့်ထုတ်ပြန်တားတာမရှိသေးပေမယ့် ကာကွယ်ရေး ၀န်ကြီးဌာနရဲ့ ဖေ့ဘုတ်စာမျက်နှာမှာတော့ ဖေဖော်ဝါရီ ၁၅ ရက်ကနေ  ၁၇ ရက်အထိ ကိုးကန့်ဒေသ လောက်ကိုင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုတွေမှာ ဒေသခံပြည်သူ ၂ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ကိုးကန့်ဒီမိုကရေစီနဲ့ ညီညွတ်ရေးပါတီရဲ့ တာဝန်ရှိသူတဦးကလည်း တိုက်ပွဲကြောင့် အရပ်သားပြည်သူတွေ သေဆုံးတာရှိတယ်လို့ ပြောဆိုပြီး ဘယ်အဖွဲ့က ပစ်ခတ်တယ်ဆိုတာတော့ မသိဘူးလို့ ပြောပါတယ်။
“အရပ်သားတော့ သေတယ်လို့ကြားတယ်။ ဒီတရက်နှစ်ရက်အတွင်းမှာ အရပ်သားတွေ ၁၀၀ ကျော်သေတယ်လို့တော့ကြားတယ်။ ကျနော်တို့လူတွေလည်းရှိတယ်။ တိုက်ပွဲက ဖြစ်တယ်ဆိုတော့ ကျည်ဆန်က ဘယ်ကလာလဲ၊ ဘယ်သူပစ်မှန်းလဲ မသိဘူးလေ။ စစ်တပ်ဘက်ကလား၊ ဟိုဘက်ကလား မသိဘူးလေ။ ဘာမှတော့ ပြောလို့ရဘူးလေ။ တိုက်ပွဲက ဖြစ်နေတာဆိုတော့။”

လောက်ကိုင်မြို့အထိ သတင်းသွားယူခဲ့တဲ့ ဒီဗွီဘီသတင်းထောက် ခွန်ဇော်ဦးကတော့ သူရောက်ရှိချိန်က အရပ်ဝတ်နဲ့ လူတွေ သေဆုံးတာ တွေ့ခဲ့ရတယ်လို့ ပြောပါတယ်။

“အရပ်ဝတ်နဲ့ လူတွေ လမ်းပေါ်မှာ သေနေတာတော့ တွေ့ခဲ့ရတယ်။ ကျနော်တွေ့တာတော့ လမ်းမပေါ်မှာတင် ၃ ယောက် တွေ့တာပေါ့နော်။ မျက်မြင်က ၃ ယောက်ပေါ့။ ပတ်ဝန်းကျင်က ပြောစကားအရတော့ အားလုံး ၁၇ ယောက်ရှိတယ်လို့ ပြောပါတယ်။ အဲဒီနေ့ ၁၇ ရက်နေ့ နေ့ လယ်ပိုင်းက နောက်ဆုံး မြင်တွေ့ရတာပေါ့။”

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင်က တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး အရပ်သားသေဆုံးမှုအပေါ်နှစ်ဖက်လက်နက်ကိုင်အဖွဲ့အနေနဲ့ ရှောင်ရှားသင့်တယ်လို့ ပြောပါတယ်။
“လက်နက်ကိုင် ပဋိပက္ခတွေမှာတော့ အရပ်သားတွေကတော့ ကျွဲနှစ်ကောင်ကြားက မြေဇာပင်ဖြစ်တာပေါ့ဗျာ။ လက်နက်ကိုင် နှစ်ဖွဲ့လုံးကတော့ ဒါတွေကို ဆင်ခြင်သင့်တယ်။ ရှောင်ရှားသင့်တာပေါ့ဗျ။ သူတို့ရဲ့ တိုက်ပွဲတွေကြောင့် အပြစ်မဲ့တဲ့ပြည်သူတွေကို ထိခိုက်သေဆုံးမှု အနည်းဆုံးဖြစ်အောင် ထည့်သွင်းတွက်ချက်ပြီး ဆောင်ရွက်သင့်တာပေါ့။”

ကုလသမဂ္ဂကလည်း မြန်မာနိုင်ငံ အရှေ့ပိုင်း ကိုးကန့်ဒေသက သက်ဆိုင်တဲ့ အဖွဲ့တွေအနေနဲ့ တင်းမာမှုကို ကူညီထိန်းသိမ်းပြီး အရပ်သားတွေ ထိခိုက်နစ်နာမှုကနေ ရှောင်ရှားနိုင်ဖို့ တိုက်တွန်းထားပါတယ်။

By နော်နိုရင်း /  (ဒီဗွီဘီ)
http://burmese.dvb.no/archives/82499
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment