လောက်ကိုင်ပြည်သူများရဲ့သောက

စစ်ဘေးမှ တိမ်းရှောင်လာသူတစ်ဦး။ (ဓာတ်ပုံ − စိုးဇေယျာထွန်း / ရိုက်တာ)
(၆၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို တရုတ်နယ်စပ် လောက်ကိုင်မြို့လေးက သေနတ်သံ၊ ယမ်းသံများဖြင့် ကြိုဆိုနှုတ်ဆက်ခဲ့သည်။
ဖေဖော်ဝါရီ ၁၀ ရက် ညဥ့်နက်ပိုင်းတွင် မီးရှူးဖောက်သကဲ့သို့ အဆက်မပြတ်ကြားနေခဲ့ရသော သေနတ်သံများကြောင့် ဒေါ်ဝေေ၀ (အမည်လွှဲ)တို့ ဆရာမတစ်စုမှာ မြို့လေးကို စွန့်ခွာသွားရန် ဆုံးဖြတ်လိုက်ကြသည်။ နောက်တစ်နေ့ နံနက်ပိုင်းတွင် လူတစ်ဦးလျှင် ငွေရှစ်သောင်းပေးရသော ဗင်ကား (Van)ကို ဈေးပင်မဆစ်နိုင်ဘဲ အရှေ့မြောက်တိုင်း မြို့တော်သို့  အ၀တ်တစ်ထည် ကိုယ်တစ်ခုဖြင့် တိမ်းရှောင်ခဲ့ကြသည်။
‘‘ကိုယ့်ဘာသာကိုယ် တိမ်းရှောင်လာတာ။ မဟုတ်ရင် သေမှာပေါ့’’ဟု မြင်းခြံမြို့နယ်မှ လောက်ကိုင်သို့ အထက်တန်းပြဆရာမတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေသော အသက်(၂၆)နှစ်အရွယ် ဒေါ်ဝေေ၀ကဆိုသည်။
‘‘တော်သေးတာပေါ့။ ကားခက ပိုက်ဆံဆောင်ထားတာရှိလို့’’ လောက်ကိုင်ဒေသတွင် မြန်မာ့တပ်မတော်နှင့် ဖုန်ကြားရှင်၏ တစ်ကျော့ပြန် ကိုးကန့်လက်နက်ကိုင်အဖွဲ့တို့ ဖေဖော်ဝါရီ ၉ ရက်မှ စတင်ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် အစိုးရ၀န်ထမ်းများ အပါအ၀င် ပြည်သူထောင်နှင့်ချီ၍ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
ယင်းကဲ့သို့ တိမ်းရှောင်ခဲ့ရသူများထဲတွင် လောက်ကိုင်ဒေသမှ ဆရာ၊ ဆရာမများအပါအ၀င် ပညာရေးဝန်ထမ်း ၄၀၀ ခန့်လည်း ပါဝင်ခဲ့သည်။
လောက်ကိုင်မြို့မှ မိုင် ၁၁၀ ခန့်ကွာဝေးသော အရှေ့မြောက်တိုင်းမြို့တော် လားရှိုးမြို့ရှိ ဘုန်းတော်ကြီးကျောင်းနှင့် စာသင်ကျောင်းအချို့မှာလည်း ကယ်ဆယ်ရေးစခန်းများအဖြစ် ရုတ်ခြည်းပြောင်းလဲသွားခဲ့သည်။
7Day News က လားရှိုးမြို့သို့ ရောက်ရှိချိန်တွင် မန်ဆူရှမ်းကျောင်း၊ ရတနာဇေယျကျောင်း၊ အထက (၁) လားရှိုး၊ မန်ဆူကားကြီးဝင်း စသည့်နေရာများတွင် ကလေးနှင့် အမျိုးသမီးများအပါအ၀င်  စစ်ဘေးရှောင်ပြည်သူများ အလုံးအရင်းဖြင့် ရောက်ရှိနေသည်ကို တွေ့ခဲ့ရသည်။ ၎င်းတို့အနက် အများစုမှာ မကွေး၊ တောင်တွင်းကြီး စသည့် အညာဒေသများမှ လာရောက်၍ လုပ်ကိုင်စားသောက်နေသူများဖြစ်ပြီး လားရှိုးမြို့ရှိ ဘာသာရေး၊ လူမှုရေးနှင့် အာဏာပိုင်အဖွဲ့အစည်းများ ပူးပေါင်း၍ နေရပ်ဒေသသို့ ပြန်လည်ပို့ဆောင်ပေးနေကြခြင်းဖြစ်သည်။
ဖေဖော်ဝါရီ ၁၁ ရက်မှစတင်၍ မျှော်လင့်မထားဘဲ စစ်ဘေးရှောင်ပြည်သူများ ဆက်တိုက်ရောက်ရှိလာခြင်းဖြစ်သောကြောင့် အစပိုင်းတွင် အခက်အခဲအချို့ကြုံတွေ့ခဲ့ရကြောင်း ကူညီစောင့်ရှောက်နေသူများကပြောသည်။
‘‘၁၁ ရက်နေ့ညကလာတာ အကုန်ကိုးရာကျော်တယ်။ အကုန်ပြည့်သွားတာပဲ’’ဟု စစ်ဘေးရှောင်ပြည်သူများကို ကူညီမှုများ ပြုလုပ်နေသော သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းဆရာတော်က မိန့်ကြားသည်။ ‘‘ကြိုမသိတဲ့အခါကျတော့ သူတို့ဘာမှ မစားလိုက်ရဘူး’’
သို့သော်နောက်တစ်ရက်မှစတင်၍ စစ်ဘေးရှောင်ပြည်သူများကို စနစ်တကျနေရာချထားခြင်း၊ စားဝတ်နေရေးအပါအ၀င် ကူညီထောက်ပံ့မှုများပေးခြင်းနှင့် နေရပ်ပြန်လိုသူများကို ပြန်လည်ပို့ဆောင်ပေးခြင်းတို့ကို လားရှိုးမြို့ရှိ ဘာသာရေး၊ လူမှုရေး၊ အာဏာပိုင်အဖွဲ့အစည်းများ ပူးပေါင်း၍ ဆောင်ရွက်ပေးနေသည်ကိုလည်း မြင်တွေ့ခဲ့ရသည်။
စစ်ဘေးတိမ်းရှောင်ပြည်သူများမှ အချို့မှာ လောက်ကိုင်မှ ချင်းရွှေဟော်အထိ မိုင် ၂၀ ကျော်ကို လမ်းလျှောက်ပြီး ကွမ်းလုံမှတစ်ဆင့် လားရှိုးသို့ အဆင့်ဆင့်လာရောက်ခဲ့ရခြင်းဖြစ်သည်။
‘‘တချို့ဆို ကားခမရှိဘူး၊ တစ်ဝက်ပဲပါတယ်၊ ကျွန်မတို့က စိုက်ပေးရတယ်’’ဟု စစ်ဘေးရှောင်ပြည်သူများကို ကူညီနေသော ဒေါ်နန်းခမ်းရင်ကပြောသည်။
မိုင်တစ်ရာကျော်သာ ကွာဝေးသည့် နယ်စပ်ဒေသအခြေအနေ မတည်ငြိမ်မှုများမှာလည်း လားရှိုးမြို့အထိ ရိုက်ခတ်မှုများရှိခဲ့သည်။
‘‘အခုပဲ မြို့ကို ၀င်ပစ်တော့မလိုလို သတင်းတွေကမျိုးစုံ။ အိမ်တံခါးပိတ်ပဲ အိပ်နေရမလိုဖြစ်နေတာ’’ဟု လားရှိုးမြို့မှ အသက်(၄၅)နှစ်အရွယ် ဟိုတယ်မန်နေဂျာတစ်ဦးကဆိုသည်။
7Day News ရောက်ရှိနေသည့်အချိန်တွင် လားရှိုးမြို့မှ ကွမ်းလုံ၊ ချင်းရွှေဟော်အထိသာ မော်တော်ယာဉ်အချို့ သွားလာမှုရှိပြီး လောက်ကိုင်မြို့အထိ တပ်မတော်စစ်ကြောင်းနှင့် ကူညီကယ်ဆယ်ရေးယာဉ်မှလွဲ၍ သွားလာမှုမရှိပေ။ လတ်တလော တရုတ်နယ်စပ်ဒေသ လောက်ကိုင်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပတ်သက်၍ လားရှိုးဒေသခံ အသက်(၃၅)နှစ်အရွယ် အမျိုးသမီးတစ်ဦးက ယခုကဲ့သို့ပြောသည်။
‘‘ကွမ်းလုံတို့၊ ဘာတို့ဘက်မှာဆိုရင် စစ်ကား(အစိုးရတပ်)တွေ လောက်ကိုင်ဘက်ကို ရောက်လာပြီဆိုရင် လက်ခုပ်။ လက်ဝါးတီးပြီး ပျော်နေကြတာ’’ဟု ၎င်းကပြောသည်။
မြန်မာ့တပ်မတော်နှင့် လက်ရှိတိုက်ပွဲများဖြစ်ပွားနေသော ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA)  ခေါင်းဆောင် ဖုန်ကြားရှင်မှာ ယခင်ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) တပ်ရင်း (၄၀၄) ၏ တပ်ရင်းမှူးဖြစ်သည်။ ၁၉၈၉ ခုနှစ် ဗကပပြိုကွဲပြီးနောက် ဖုန်ကြားရှင်မှာ ၎င်း၏ MNDAA အဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ထို့နောက် စစ်အစိုးရ (န၀တ) လက်ထက်တွင် ပထမဆုံး အပစ်အခတ်ရပ်စဲရေးရယူခဲ့ပြီး စစ်ခေါင်းဆောင်များနှင့် ဆက်ဆံရေးကောင်းမွန်ခဲ့သူလည်းဖြစ်သည်။ သို့သော် ဖုန်ကြားရှင်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နယ်ခြားစောင့်တပ်အသွင်ပြောင်းလဲရေးကို လက်မခံခဲ့ပေ။ ယင်းကဲ့သို့ တင်းမာမှုများရှိနေချိန် ၂၀၀၉ ခုနှစ်တွင် မူးယစ်ဆေးဝါးထုတ်လုပ်သည်ဟုဆိုကာ အစိုးရဘက်က ၀င်ရောက်စစ်ဆေးမှုကို ဖုန်ကြားရှင်က လက်မခံသည့်အတွက် တပ်မတော်မှာ အခြားကိုးကန့်ခေါင်းဆောင်များ အကူအညီဖြင့် ၎င်းတို့အဖွဲ့ကို တရုတ်နိုင်ငံဘက်သို့ တိုက်ထုတ်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဇန်န၀ါရီအတွင်းက ဖုန်ကြားရှင်က တရုတ်ကွန်မြူနစ်ပါတီအာဘော်ဖြစ်သည့် The Global Times သတင်းစာတွင် ကေအိုင်အေနှင့်ပူးပေါင်း၍ ကိုးကန့်ဒေသကို ပြန်လည်တိုက်ယူမည်ဖြစ်ကြောင်း ဖြေကြားခဲ့သည်။ယင်းနောက်မကြာမီ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ပြည်သူထောင်နှင့်ချီ တိမ်းရှောင်နေရခြင်းဖြစ်သည်။
တိုက်ပွဲစတင်ဖြစ်ပွားချိန်တွင် တပ်မတော်အပါအ၀င် အစိုးရဘက်မှ ထိခိုက်ကျဆုံးမှုများပြားခဲ့သော်လည်း လက်ရှိအချိန်တွင် အခြေအနေ ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ဒေသတွင်းအာဏာပိုင်များက ဖေဖော်ဝါရီ ၁၆ ရက်တွင် ပြောသည်။
‘‘ရှင်းလင်းမှုတွေတော့ ဆက်လုပ်နေတယ်။ စစ်ရေးအသာစီးရသွားပါပြီ’’ဟု ဒေသကွပ်ကဲမှု၏ စစ်ဌာနချုပ် (လောက်ကိုင်)မှ တပ်မတော်အရာရှိတစ်ဦးကပြောသည်။
လောက်ကိုင်ဒေသသို့ ၀င်ရောက်တိုက်ခိုက်ခဲ့သော ဖုန်ကြားရှင်၏ ကိုးကန့်လက်နက်ကိုင်အဖွဲ့တွင် ကြေးစားလက်နက်ကိုင်တပ်သားများလည်း ပါဝင်နေကြောင်း ယင်းအဖွဲ့နှင့် နီးစပ်မှုရှိသော ဒေသခံများကဆိုသည်။
‘‘တစ်ရက် ယွမ်ငါးထောင်၊ တိုက်ပွဲဖြစ်ရင် တစ်သောင်းပေးရတယ်’’ဟု ကိုးကန့်အဖွဲ့နှင့် နီးစပ်သူကပြောသည်။
လောက်ကိုင်တိုက်ပွဲများကြောင့် စစ်ဘေးရှောင်သူဦးရေမှာ တရုတ်နိုင်ငံအတွင်းသို့ ထွက်ပြေးသွားသူများပါ ထည့်တွက်ပါက သောင်းဂဏန်းခန့်ရှိကြောင်း အကူအညီပေးရေးအဖွဲ့အစည်းများကဆိုသည်။ ထို့အပြင် တိုက်ပွဲများကြောင့် ကျောင်းများပိတ်ထားရပြီး လောက်ကိုင်၊ ကုန်းကြမ်းဒေသများမှ ကျောင်းသား၊ ကျောင်းသူ ၂၀,၀၀၀ခန့် မှာလည်း ယခုပညာသင်နှစ်အတွက် မရေမရာမှုများ  ကြုံတွေ့နေရသည်။
‘‘ဒီနှစ်အတွက် ဘယ်လို၊ ဘယ်စခန်းသွားရမလဲ မသိသေးဘူး။ ကလေးလည်း မွေးရဦးမယ်။ စာသင်ချိန်တွေလည်း နောက်ကျကုန်ပြီ’’ဟု အထက(၁)လားရှိုးတွင် ခိုလှုံနေသော ကိုယ်ဝန်ဆောင်ဆရာမတစ်ဦးက မျက်နှာညှိုးငယ်စွာဖြင့်ပြောသည်။
လောက်ကိုင်ဒေသတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် တစ်ပတ်ကျော်သည်အထိ စစ်ဘေးရှောင်ပြည်သူများမှာ လားရှိုးမြို့သို့ တဖွဲဖွဲဝင်ရောက်နေဆဲဖြစ်သည်။ ပိတ်မိနေသူများကိုလည်း ကြက်ခြေနီအပါအ၀င် ကူညီကယ်ဆယ်ရေးအဖွဲ့များက သွားရောက်ခေါ်ဆောင်မှုများ ပြုလုပ်နေဆဲဖြစ်သည်။
တိုက်ပွဲများကြောင့် တိမ်းရှောင်လာရသော ဆရာ၊ ဆရာမများအပါအ၀င် ပညာရေးဝန်ထမ်းများမှာလည်း စာသင်ကျောင်းများတွင် ဖြစ်သလိုနေထိုင်ရင်း ကျောင်းများဖွင့်လှစ်မည့်ရက်ကို မျှော်လင့်နေကြဆဲဖြစ်သည်။
‘‘အမြန်ဆုံးအေးချမ်းပြီး အမြန်စာသင်ချင်လှပါပြီ’’ဟု ဒေါ်ဝေေ၀ကဆိုသည်။
By
အောင်ခိုင်
အောင်သစ်လွင်                                                                                              
Spurce:7daydaily.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment