အိန္ဒိယနိုင်ငံ သဲကန္တာရပြည်နယ်ဖြစ်သော ရာဂျက်စ်သန် မီးသတ်ကောလိပ်၌ လေ့ကျင့်ရေးပြုလုပ်နေသော အိန္ဒိယကျောင်းသူများ/REUTERS
အသက် (၁၈) နှစ် မွေးနေ့မတိုင်မီ အိမ်ထောင်ပြုခဲ့သော နာမာချောင်ဒရီမှာ အိန္ဒိယနိုင်ငံ သဲကန္တာရပြည်နယ် ရာဂျက်စ်သန်မှ အခြားကလေး သတို့သမီးထောင်ပေါင်းများစွာကဲ့သို့ပင် ဘ၀အဆုံးသတ်နိုင်ပါသည်။ စောစောစီးစီး ကျောင်းထွက်၊ ယောက်ျားပေးစားခံရပြီး ဇနီးနှင့် မိခင်ဘ၀သို့ ခံယူရခြင်းဖြစ်သည်။
သို့သော် အိမ်ထောင်ကျပြီး ဆက်လက်စာသင်လိုသော ကျေးရွာသူလေး နာမာ၏ ယုံကြည်ချက်၊ မိသားစု၏ အားပေးထောက်ခံမှုနှင့် အမျိုးသမီးများကို အင်အားရှိစေရေး အစိုးရက အစပြုလိုက်သော အစီအစဉ်တစ်ခုမှနေ၍ ၎င်း၏ဘ၀ကို နောက်ထပ် လူမသိသူမသိ ကလေးသတို့သမီးတစ်ဦးအဖြစ်မှ ရာဂျက်စ်သန်ပြည်နယ်၏ ပထမဆုံးအမျိုးသမီး မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးအဖြစ် ပြောင်းလဲပေးခဲ့သည်။
‘‘ရုပ်မြင်သံကြားနဲ့ သတင်းစာတွေထဲမှာ မီးသတ်သမားတွေကို ကျွန်မ အမြဲတမ်း မြင်တွေ့နေ ရတယ်။ အဲဒီအလုပ်မျိုး မိန်းက လးတွေ မလုပ်နိုင်ဘူးလို့ လူတိုင်းက ပြောကြမှာပဲ။ ဒီတော့ ဒီအလုပ်မျိုး ကျွန်မလုပ်နိုင်တယ်ဆိုတာ ပြမယ်လို့ ကျွန်မတွေးမိတယ်’’ဟု ကာကီရောင်ယူနီဖောင်း ၀တ်ဆင်ထားသော ချောင်ဒရီ (၂၄) နှစ်က ဂျိုက်ပါမြို့ နာဂါနီဂမ်မီးသတ်ဌာနတွင် ဂျူတီဝင်နေရင်း ပြောသည်။
သူမ၏ ကျေးရွာတွင် တစ်သက်လုံးအရိုးစွဲလာသည့် ဖခင်အုပ်စိုးသော စိတ်ဓာတ်များကို တိုက်ပွဲဝင်ရင်း မီးသတ်လုပ်ငန်း၌ အမျိုးသမီးများ ပါဝင်တာဝန်ထမ်းဆောင်ရင်း တည့်မတ်သော လုပ်ငန်းမူဝါဒ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ရာဂျက်စ်သန်ပြည်နယ်၏ မြို့နယ်နှင့် ကျေးရွာများမှ ခေါ်ယူထားသော အမျိုးသမီး ၃၀ အနက်မှ တစ်ဦးအဖြစ် ချောင်ဒရီလည်း ပါဝင်လာခဲ့သည်။
ယင်းမူဝါဒအရ အစိုးရအလုပ် ၃၃ ရာခိုင်နှုန်းကို အမျိုးသမီးများအတွက် သီးခြားဖယ်ထားရေး ဖြစ်သည်။ ယင်းအတွက် ရဲတပ်ဖွဲ့နှင့် စီမံခန့်ခွဲရေးလုပ်ငန်းများတွင် အမျိုးသမီးအရေအတွက် များပြားလာခဲ့သည်။ သို့သော် မီးသတ်ဌာနကတော့ ပြီးခဲ့သည့်နှစ်ကအထိ ထိုမူဝါဒကို အကောင်အထည်မဖော်ခဲ့ပေ။
ကလေးငယ်များကို အိမ်ထောင်ချပေးခြင်း ကျယ်ပြန့်စွာ ဖြစ်ပေါ်နေသော ဒေသ၌ အမျိုးသမီးများအား ခေါ်ယူအလုပ်ခန့်ထားခြင်းမှာ အမျိုးသားများ စိုးမိုးထားသော လုပ်ငန်းတွင် အမျိုးသမီးများ ပိုမိုပါဝင်လာမှုဖြစ်စေသည်သာမက မျိုးဆက်ပေါင်းများစွာ ထိခိုက်ခဲ့သော ဘေးအန္တရာယ်ဖြစ်စေသည့် အလေ့အထကိုလည်း ကူညီချိုးဖျက်ပေးနေပါသည်။
အိန္ဒိယမှာ ကမ္ဘာပေါ်တွင် သက်ငယ်အိမ်ထောင်ပြုမှု အများဆုံးနိုင်ငံများ၌ ပါဝင်ပါသည်။ အသက် (၂၀) နှင့် (၂၄) နှစ်ကြား အမျိုးသမီး ၄၇ ရာခိုင်နှုန်းက အသက် (၁၈) နှစ်မပြည့်မီ အိမ်ထောင်ကျခဲ့သည်ဟု နောက်ဆုံးကောက်ယူခဲ့သော အမျိုးသားမိသားစုကျန်းမာရေးစစ်တမ်းအရ သိရသည်။
ရာဂျက်စ်သန်ပြည်နယ်မှာလည်း ၎င်း၏ ရှေးဟောင်းခံတပ်များ၊ ကုလားအုပ်စီးလေ့လာရေး ခရီးစဉ်များသို့ နှစ်စဉ်ကမ္ဘာလှည့်ခရီးသွားသန်းပေါင်းများစွာ လာရောက်သည့် အိန္ဒိယနိုင်ငံ၏ ထိပ်တန်းနေရာတစ်ခုဖြစ်သော်လည်း မိန်းကလေးများအား ကလေးသတို့သမီးအဖြစ် လက်ထပ်ပေးရာ၌ တစ်နိုင်ငံလုံးပျမ်းမျှထက် ကျော်လွန်ပြီး ၆၅ ဒသမ ၂ ရာခိုင်နှုန်းရှိသည်။
‘အခါတီးရဂ်ျ’ ကဲ့သို့ ဘာသာရေးပွဲတော်များတွင် ရိုးရာအစဉ်အလာအနီရောင်ဆာရီများ၊ ရွှေများဝတ်ဆင်ထားသော အသက် (၁၀)နှစ်အရွယ် မိန်းကလေး ရာပေါင်းများစွာကို မိုးခေါင်ရေရှား ပြည်နယ်တစ်ဝန်း ဖုန်ထူသော မြို့ငယ်များ၊ ကျေးရွာများတွင် အိမ်ထောင်ပြုပေးလေ့ရှိသည်။
အဆိုပါ ဓလေ့ထုံးစံမှာ အမျိုးသမီးများ၏ အနေအထားတိုးတက်စေရေး ကြိုးပမ်းမှုများကို နှောင့်နှေးစေသည်ဟု အမျိုးသမီးရေးရာကျွမ်းကျင်သူများက ပြောကြားသည်။
ယင်းမှာ မိန်းကလေးတစ်ဦး၏ ဖွံ့ဖြိုးတိုးတက်မှု ဖြစ်စဉ်ကို ထိခိုက်ပြီး အာဟာရချို့တဲ့ခြင်း၊ ကျန်းမာရေးညံ့ဖျင်းခြင်း၊ မသိနားမလည်ခြင်း သံသရာကို ဖန်တီးပေးလိုက်ခြင်းပင်ဖြစ်သည်။
ကလေးသတို့သမီးတစ်ဦးမှာ ကျောင်းမှ စောစီးစွာထွက်ခွာနိုင်ခြေများပြီး ကိုယ်ဝန်ဆောင်ချိန်နှင့် ကလေးမွေးဖွားချိန်တွင် ကြီးမားသော ရောဂါပြဿနာ ကြုံတွေ့ရနိုင်သည်။ မွေးဖွားလာသော ကလေးငယ်များမှာလည်း ကိုယ်အလေးချိန် မပြည့်ခြင်း ဖြစ်နိုင်ခြေများပြီး အသက် (၅) နှစ်ထက်ပို၍ အသက်ရှင်လျှင် ကံကောင်းပါလိမ့်မည်။
ဂျိုက်ပါမြို့မှ မိုင် ၈၀ ခန့်ဝေးသော ဆီကာခရိုင်ကျေးရွာတစ်ရွာမှ ချောင်ဒရီက ကျေးရွာရှိ မိန်းကလေးအများစုထက် ကံကောင်းသည်ဟု ပြောပါသည်။ အသက် (၁၇) နှစ်တွင် အိမ်ထောင်ချပေးခြင်း ခံရသော်လည်း ချောင်ဒရီ၏ မိဘများ၊ ခင်ပွန်းနှင့် ယောက်ျားဘက်မှ မောင်နှမများက ဆက်လက်စာသင်လိုသော ၎င်း၏ဆန္ဒကို အားပေးခဲ့ကြသည်။ ထို့ကြောင့် ချောင်ဒရီမှာ ပညာရေးဘွဲ့ရယူကာ မီးသတ်သမားတစ်ဦး ဖြစ်လာခဲ့သည်။
‘‘အမျိုးသမီးတွေအတွက် နေရာဖယ်ထားရေးမူဝါဒ ရာဂျက်စ်သန်ပြည်နယ်မှာ ရှိနေတာ ကြာပြီဖြစ်ပေမယ့် မနှစ်ကအထိ ကျွန်တော်တို့ မီးသတ်ဌာနမှာ အကောင်အထည်မဖော်ခဲ့ပါဘူး’’ ဟု ဂျိုက်ပါမြို့ မီးသတ်အကြီးအကဲ ဒီနက်ရှ်ဗာမာက ပြောသည်။
‘‘အမျိုးသမီးတွေ စစ်တပ်ထဲမှာရှိနေပြီး နယ်စပ်တွေမှာလည်း ချထားပြီး ကျွန်တော်တို့ရဲ့ ရန်သူတွေကို တိုက်ဖို့ အဆင်သင့်ရှိနေကြတယ်ဆိုရင် သူတို့ကို မီးသတ်ဖို့လည်း သေချာပေါက် အားပေးအားမြှောက် လုပ်နိုင်တယ်လို့ ကျွန်တော်တို့ တွေးခဲ့ကြတယ်’’ဟု မီးသတ်အရာရှိက ဆက်လက်ပြောပါသည်။
ခြောက်လကြာ မီးသတ်သင်တန်းတက်ပြီးနောက်တွင် ယမန်နှစ်မတ်လက ဂျိုက်ပါနာဂါနီဂမ်မီးသတ်ဌာနသို့ ရောက်လာခဲ့သော ချောင်ဒရီမှာ နေအိမ်များတွင် ဂက်စ်အိုးများ ပေါက်ကွဲမှုမှသည် စက်ရုံမီးများအထိ မီးလောင်မှု ဒါဇင်ပေါင်းများစွာတွင် ပါဝင်ငြှိမ်းသတ်ခဲ့သည်။

မီးသတ်ကောလိပ်၌ သစ်ပင်တက်လေ့ကျင့်ခန်းလုပ်နေသော ကျောင်းသူနှစ်ဦး / REUTERS
ဂျိုက်ပါမြို့တွင် အခြားအမျိုးသမီး မီးသတ်မယ်တစ်ဦးနှင့်အတူ အခန်းကျဉ်းလေးတစ်ခုငှားနေသော ချောင်ဒရီသည် အားလပ်ရက်၌ သုံးနာရီကြာ ဘတ်စ်ကားစီး၍ သူမ၏ရွာသို့ ပြန်လေ့ရှိသည်။
အခြားအမျိုးသမီးလူသစ်များကဲ့သို့ပင် ချောင်ဒရီမှာ အလုပ်လုပ်ရမည်ကို စိတ်လှုပ်ရှားခြင်း၊ (၅) နှစ်သားအရွယ် သားငယ်ကို ထားခဲ့ရသည်ကို စိတ်ပူခြင်းတို့ ကြုံတွေ့ခဲ့ရသည်။ အခုတော့ သူ အသားကျသွားပြီဖြစ်သည်။
‘‘အခုဆိုရင် ရွာမှာလည်း စိတ်ထားတွေ ပြောင်းကုန်ကြပြီ။ ပထမတော့ အိမ်နီးချင်းတွေက မကြိုက်ကြဘူး။ ယောက်ျားတွေလုပ်တဲ့ အလုပ်ဝင်လုပ်လို့ မကောင်းပြောကြတယ်’’ဟု ချောင်ဒရီကဆိုသည်။
‘‘ဒါပေမဲ့ အခုဆိုရင် မိန်းကလေးတွေလည်း စာသင်ပြီး ယောက်ျားတွေလိုပဲ အောင်မြင်နိုင်တယ်ဆိုတာ သူလို့ သိလာကြပြီ။ မီးသတ်ဌာနမှာ ဘယ်လိုအလုပ်ရနိုင်လဲဆိုပြီး ကျွန်မကို လာမေးတဲ့ မိန်းကလေးတွေလည်း ရှိတယ်’’ဟု မီးသတ်ပိုက်၊ မီးသတ်ခေါင်းများ စစ်ဆေးသော ၎င်း၏ နေ့စဉ်လုပ်နေကျ အလုပ်များကို လုပ်ကိုင်ရင်း နာမာချောင်ဒရီက ပြောပြသည်။
အိန္ဒိယနိုင်ငံ၏ စီးပွားရေးပွင့်လင်းလာခြင်းနှင့် နှစ် ၂၀ အတွင်း စီးပွားရေးဖွံ့ဖြိုးမှု လျင်မြန်လာခြင်းများက အမျိုးသမီးများအပေါ် ပိုမိုလွတ်လပ်သော အမြင်များနှင့် ထိတွေ့မှုရှိလာစေခဲ့သည်။ အထူးသဖြင့် အင်တာနက်၊ မီဒီယာ၊ ဂြိုဟ်တုနှင့် ကေဘယ်ရုပ်သံများမှတစ်ဆင့် ပွင့်လင်းလာခဲ့ကြသည်။
ယခင်ကာလများနှင့်မတူ အမျိုးသမီးအများအပြား အစဉ်အလာအခန်းကဏ္ဍများမှ လှမ်းထွက်လာခဲ့ကြသည်။ အမျိုးသမီးဆရာဝန်၊ ရှေ့နေ၊ ရဲအရာရှိနှင့် ဗျူရိုကရက်များကို မြင်တွေ့ရသည်မှာ မထူးဆန်းတော့။ အနောက်တိုင်းဝတ်စုံနှင့် စမတ်ကျနေသော အမျိုးသမီးများ စကူတာဆိုင်ကယ်များ၊ ကားများ မောင်းနှင်သွားလာနေသည်မှာ မြို့ကြီးများတွင် နေ့စဉ်မြင်ကွင်းများဖြစ်သည်။
သို့သော် အမျိုးသမီးများ လုပ်သားအင်အားတွင် ပါဝင်မှုမှာ ၂၂ ရာခိုင်နှုန်းသာရှိသည်။ ကျေးလက်အမျိုးသမီး ၇၉ ရာခိုင်နှုန်းမှာ စိုက်ပျိုးရေးတွင် ပါဝင်လုပ်ကိုင်နေကြသည်။ ၎င်းတို့အနက် ၉၀ ရာခိုင်နှုန်းမှာ လူမှုရေးအကာအကွယ်နှင့် မြေယာပိုင်ဆိုင်မှု အခွင့်အရေးမရှိကြဟု ကုလသမဂ္ဂအမျိုးသမီးအဖွဲ့ (UN Women)က ဆိုပါသည်။
ယင်းအတွက် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍများတွင် အစိုးရ၏ မူဝါဒများကို တစ်နိုင်ငံလုံး ဖြန့်ကြက်ရန် လိုအပ်ပြီး ကလေးများအား အိမ်ထောင်ချပေးခြင်းကဲ့သို့ ဓလေ့ထုံးတမ်းများကို ဖြိုလှဲပစ်ရမည်ဟု အမျိုးသမီးအခွင့်အရေး ကျွမ်းကျင်သူများက ပြောကြားပါသည်။
—Ref: Thomson Reuters Foundation
By

0 comments:
Post a Comment