သန်လျင်မြို့နယ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဆိုင်ခန်းများ ဖယ်ရှားခိုင်း ခြင်းကိစ္စအား သက်ဆိုင်ရာ တာဝန်ရှိသူများမှ ကူညီဖြေရှင်းပေးပါရန် တင်ပြခြင်း။




သန်လျင်မြို့နယ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဆိုင်ခန်းများ ဖယ်ရှားခိုင်း ခြင်းကိစ္စအား သက်ဆိုင်ရာ တာဝန်ရှိသူများမှ ကူညီဖြေရှင်းပေးပါရန် တင်ပြခြင်း။ အထက်ပါအကြောင်းအရာကိစ္စနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့နယ်၊ မြို့သစ် အနောက်ရပ်ကွက်နှင့် ကြံ့ခိုင်ရေးလမ်းထောင့်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကန်ထရိုက်တို့မှ အကျိုးတူ ပူးပေါင်းတည်ဆောက်ကာ လူနေဈေးဆိုင်ခန်းများများ၏ ပိုင်ရှင်များဖြစ်ကြသော ကျန်တော်/ကျန်မတို့မှ လေးစားစွာ အစီအရင်ခံ တင်ပြအပ်ပါသည်။ ကျန်တော်/ကျန်မတို့၏ လူနေဆိုင်ခန်းများမှ ၁၉၉၆ခုနှစ်မှ စ၍ ကန်ထရိုက်ထံမှသော်လည်းကောင်း၊တစ်ဆင့်ခံ့သော်လည်းကောင်း တရားဝင် စာချုပ်စာတမ်းများဖြင့် ဝယ်ယူပိုင်ဆိုင်ထားသူများဖြစ်ကြပါသည်။ ထိုအချိန်က ကာလပေါက်ဈေးရ ဝယ်ယူခဲ့ ကြပါသည်။ ထိုအချိန်ကာလ က ဝယ်ယူခဲ့သော်လည်း ပြင်ပ အိမ်ခြံမြေပေါက်ဈေးနှင့်အညီ ကန်ထရိုက်ဆိုင်ခန်းများ အပျောက်ဝယ်ယူခြင်းစနစ်ကဲ့သို့ ဝယ်ယူခဲ့ခြင်းဖြစ်ပါ သည်။ ဆိုင်ခန်းပိုင်ရှင်များ အနေဖြင့် ထိုကာလတွင် ပြင်ပ၌ အိမ်ဝယ်နိုင်သောအ ခြေအနေတွင်ရှိသော်လည်း ဘဝအနာဂတ်အတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအပေါ်တွင် ယုံကြည်စိတ် ချစွာဖြင့် သံသယကင်းရှင်း စွာ ဝယ်ယူခဲ့ခြင်းသာဖြစ် ပါသည်။ ထိုသို့ ဝယ်ယူနေထိုင်ရာတွင် ကန်ထရိုက်၏ မပြည့်စုံသော ဝန်ဆောင်မှုများကိုလည်း ၎င်းဆိုင်ခန်းပိုင်ရှင်များကိုယ်တိုင် ဖြည့်ဆည်းမွမ်းမံ ပြင်ဆင်ခြင်းများ ပြုလုပ်ကြ ရပါသည်။ (ဥပမာ လျပ်စစ် မီတာမရှိ၍ တစ်ခန်းလျင် မီတာတစ်လုံးကျ မိမိတို့၏ ငွေများဖြင့် ဆိုက်ထုတ် တပ်ဆင်ခြင်း၊ ရေမရှိ၍ ပတ်ဝန်ကျင်အနီးရှိ အိမ်တွင် ရေခတ်ခြင်းများကို မိမိတို့ အစီအစဉ်ဖြင့် ဆောင်ရွက်ခဲ့ ကြပါသည်။ ဤဆိုင်ခန်းများတွင် နေထိုင်၍ လုပ်ငန်းတစ်ခု ကောင်းမွန်စွာလည်ပတ်နိုင်ရေးအတွက် နှစ်ပေါင်းများစွာ မိမိတို့တတ်စွမ်းသည့် ပညာရပ်များဖြင့် အခက်အခဲ မျိုးစုံကြားမှ မိမိတို့၏ မိသားစု စားဝတ်နေရေး၊ ကျန်းမာရေး၊ သားသမီးများ ၏ ပညာရေးအတွက် ရုန်းကန်ခဲ့ကြရာ ယခုအခါ သင့်တင့်လျောက်ပတ်သော အခြေအနေသို့ ရောက်ခါစ သာရှိပြီး အနေကျရန် ကြိုးစားနေဆဲဖြစ်ပါသည်။ သို့သော် မမျော်လင့်ဘဲ ကျန်တော်/ကျန်မတို့၏ ပိုင်ဆိုင်သော ဆိုင်ခန်းများမှ (၇.၄.၂၀၁၅)ခုနှစ်နေ့တွင် နောက်ဆုံးထားဖယ်ရှားပေးရန် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၏ ရည်ညွှန်းချက်ပါ စာဖြင့် အကြောင်းကြားမှုကြောင့် ဆိုင်ခန်းပိုင်ရှင်များမှာ အိုးပျောက်၊ အိမ်ပျောက် ဘဝပျက်မည့် အနေအထားဖြင့် သောက မီးများ တောက်လောင်နေ ကြပါသည်။ ယင်းဆိုင်ခန်းတွင် နေထိုင်ကြသော မိသားစု (၅)စု၏ အခြေအနေမှာ ပျက်ဖို့သာ ရှိပါတော့သည်။ လုပ်ငန်းများကို အသစ်တစ်ဖန် ပြန်လည် စတင်ရန် မတတ်နိုင်ကြပါ။ ထိုအချိန်က မိမိတို့၏ အနာဂတ် ဘဝရှေ့ရေးသည် အိုမဲ့၊ အိမ်မဲ့ မဖြစ်ရေးနှင့် စီးပွားရေးကို အေးချမ်းစွာ လုပ်ကိုင်နိုင်ရန်အတွက် မိမိတို့ တတ်နိုင်သည့် ငွေကြေးများဖြင့် ဝယ်ယူ၍ နေထိုင်ကာ လုပ်ကိုင်စား သောက်ခဲ့ကြပါသည်။ သို့သော် ယခုကဲ့သို့ ဖယ်ရှားခိုင်းခြင်းသည် မိမိတို့ လုံးဝမမျော်လင့်ထားသော အခြား ကျူးကျော် နေထိုင်သူများကဲ့သို့ အိမ်ခြေမဲ့သည့် ဘဝကို ရောက်ရှိတော့မည့် အနေအ ထားဖြစ်နေရပါသည်။ ကျန်တော်/ကျန်မတို့သည် ဥပဒေဘောင်အတွင်းမှ မိသားစုတဝမ်းတခါးအတွက် လုပ်ကိုင်ရှာဖွေစားသောက်နေကြပြီး နိုင်ငံတော်မှ သတ်မှတ်ထားသည့် မြေငှားရမ်းခကို ပေးဆောင်သကဲ့သို့ အခြားအခြားသော သတ်မှတ်ထားသည့် အခွန်အခများကို နိုင်ငံသားပီသစွာ ထမ်းဆောင်နေကြသူများဖြစ်ပါသည်။ ဆိုင်ခန်းများ၏ အနေအထားမှာလည်း ရုံး၏ ဥပစာနှင့် လုံးဝ ကင်းရှင်းပြီး ရုံး၏ ဘေးခြံစည်းရိုးနေရာ တွင်သာ တည်ရှိနေခြင်းဖြစ် ပါသည်။ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ မည်သည့် စီမံကိန်း အတွက်ကိုမျ တစ်စုံတစ်ရာ ထိခိုက်မှု မရှိနိုင်သော အနေအထားတွင် တည်ဆောက်ထားသော ဆိုင်ခန်းများဖြစ်ပါသည်။ ယခုအချိန်အခါသည် ဆင်းရဲသားပပျောက်ရေးမူဖြင့် 'ပြည်သူ့အသံ လွှတ်တော်အသံ'ဟု ကြွေးကြော်ကာ ခေတ်မီ ဖွံ့ဖြိုးတိုးတတ်သော ဒီမိုကရေစီ နိုင်ငံတော်သစ် ဆီသို့ ချီတက်နေသော အချိန်လည်း ဖြစ်ပါသည်။ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူ့တို့၏ လူမှုဒုက္ခ အဝဝတို့ကို ဖြည့်ဆည်း ကူညီပေးလျက်ရှိသော ဌာနဟုလည်း ယုံကြည်ထား မိပါသည်။ သို့ဖြစ်ပါ၍ ကျန်တော်/ကျန်မတို့၏ မိသားစုဘဝပြို ကွဲ မပျက်စီးစေရန်နှင့် လူမှုဒုက္ခများမှ ကင်းဝေးနိုင်ရေးအတွက် ဆိုင်ခန်းများတွင် ဆက်လက်နေထိုင်လုပ်ကိုင်ခွင့်ပြုပါရန် သက်ဆိုင်ရာတာဝန်ရှိသူများမှ ကူညီဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ကျန်တော်/ကျန်မတို့ဆိုင်ခန်းများမှလည်း သတ်မှတ်ထားစော စည်းမျဉ်း စည်းကမ်းအတိုင်း တသွေမတိမ်း လိုက်နာနေထိုင်သွားကြမည်ဖြစ်ကြောင်း ဝန်ခံကတိပြုလျက် အထူးပင် မေတ္တာရပ်ခံ တင်ပြအပ်ပါသည်။ မြင့်မြတ်အောင်မြင်
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment