၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ၆ ပွင့်ဆိုင် ဆွေးနွေးပွဲကို နေပြည်တော်က သမ္မတ အိမ်တော်မှာ မနေ့က ဆွေးနွေးခဲ့ကြပါတယ်။
သမ္မတဦးသိန်းစိန်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ တိုင်းရင်းသား ကိုယ်စားလှယ် လွှတ်တော်အမတ် ဒေါက်တာ အေးမောင်တို့ တွေ့ဆုံးဆွေးနွေးခဲ့ကြတာပါ။
၆ ပွင့်ဆိုင်တွေ့ဆုံပွဲမှာ ဆွေးနွေးခဲ့တဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီး တိုင်းရင်းသား ကိုယ်စားလှယ် လွှတ်တော်အမတ် ဒေါက်တာ အေးမောင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်က စ ပြောပါတယ်၊ အင်မတန်အလှမ်းဝေးနေတယ်။ သမ္မတကြီး ဒါလေးကို ပြင်ပေးပါ။ ကျမတို့ ရင်းရင်းနှီးနှီးလေးနဲ့ တွေ့ဆုံဆွေးနွေးချင်ပါတယ်။ တယောက်နဲ့တယောက် မိုက်ကရိုဖုန်း မပါဘဲနဲ့ကို ရင်းရင်းနှီးနှီး ချစ်ချစ်ခင်ခင်လေး…”
ဧပြီလ ၁၀ ရက်က နေပြည်တော် သမ္မတအိမ်တော်မှာလုပ်ခဲ့တဲ့ ၆ပွင့်ဆိုင် ထိပ်သီးစည်းဝေးပွဲ ပုံစံပေါ့။ သမ္မတက အဖွင့် မိန့်ခွန်း ပြောပြီးတဲ့နောက် ဘယ်ပုံစံ ဆက်ဆွေးနွေးကြသလဲဆိုတာ အရင်ဆုံး ပြောပြပေးပါ။
“အာဂျင်တာကတော့ တယောက်ပြီးတယောက် ပြောခိုင်းတာပါပဲ။ မူအားဖြင့်ပဲ ပြောကြတာပါပဲ။ ဆွေးနွေးပွဲကို ဘယ်လို ဆက်လုပ်ကြမှာလဲဆိုတဲ့ သဘောပေါ့။ ဒီတွေ့ဆုံပွဲက တကယ်အသေးစိတ်ဆွေးနွေးမယ့် ဆွေးနွေးပွဲအတွက် ကနဦးတွေ့ဆုံမှု ဖြစ်သွားတာပေါ့။ သမ္မတကြီးဘက်က ပြောပါတယ်။ ဒီဥစ္စာက ပြည်ထောင်စုလွှတ်တော်ဘက်က တောင်းဆိုလို့ ဖြစ်တာပါ။ အဲ့ဒီတော့ ပြည်ထောင်စုလွှတ်တော်ဘက်က ဘာအကြောင်းအရာကို ဆွေးနွေးမလဲ၊ ဘယ်လို ဆွေးနွေးမှာလဲ ဆိုတာကို တင်ပြပေးပါဆိုတော့ လွှတ်တော်နာယကက တင်ပြပါတယ်။ လွှတ်တော်ရဲ့ ဖွဲ့စည်းပုံအရ ဘယ်လိုပဲ ဖြစ်ဖြစ် ၇၅ ရာခိုင်နှုန်းကျော် ရဖို့ဆိုတာ တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းထောက်ခံမှုရမှ ဖြစ်မယ်။ အဲ့သလိုပဲ ပါတီတွင်းမှာလည်း သမ္မတကြီးရဲ့ သြဇာအာဏာရှိပါတယ်။ ဒါ့ကြောင့် သမ္မတကြီးဘက်ကလည်း မီးစိမ်းပြပေးဖို့လိုတယ်၊ မဟုတ်ရင် ပြင်လို့ မရဘူး၊ ဆိုတော့ မူကိုပဲ ဆွေးနွေးကြတာပါ။ ဘာ့ကြောင့် အသေးစိတ်ဆွေးနွေးဖို့လိုမယ်၊ ဘာ့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင်းလဲဖို့လိုတယ်၊ မပြောင်းသင့်တဲ့ဟာကို မပြောင်းပဲနဲ့ ပြောင်းသင့်တဲ့ဟာကို ပြောင်းဖို့ လိုတယ်ဆိုတဲ့သဘောမျိုးနဲ့ အမြင်ချင်းဖလှယ်ကြတာပါ။”
ခုနက ပြောတဲ့ထဲမှာတော့ သူရဦးရွှေမန်းပြောတာ ပါသွားပြီပေါ့နော်၊ဒေါ်အောင်ဆန်းစုကြည်ကရော ဘာပြောပါလဲခင်ဗျ။
“သူက ဆွေးနွေးတဲ့ပုံစံက မရင်းနှီးဘူးဆိုတဲ့ သရုပ်သကန်ကို ဖော်ညွှန်းနေတယ်ပေါ့လေ။ အင်မတန်အလှမ်းဝေးကြတာကိုး၊ အဲ့ဒီတော့ ရင်းရင်းနှီးနှီးနဲ့ တွေ့ဆုံတိုင်ပင်ကြတဲ့ သဘောဖြစ်အောင် ဖြစ်နိုင်ရင် မျက်နှာချင်းဆိုင်ပေါ့။ မိုက်ကရိုဖုန်း မပါဘဲနဲ့တောင်ပြောချင်တယ်ဆိုတဲ့သဘော၊ ဆွေးနွေးပွဲ ဖရိန်ကို ရှာပေးပေါ့။ နီးနီးကပ်ကပ်လည်း ပြောချင်တယ်။ ဆွေးနွေးမှုရဲ့ ဖရိန်ပေါ့။ ဘာအကြောင်းအရာကို ဆွေးနွေးမှာလဲ၊ ဘယ်လိုအပေးအယူလုပ်ကြမှာလဲ၊ ဥပမာ အခန်းတစ်ကို ဆွေးနွေးမှာလား၊ အခန်းနှစ်ကို ဆွေးနွေးမှာလား၊ အထွေထွေ သဟဇာတဖြစ်ရေးကို ဆွေးနွေးမှာလားပေါ့။”
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကရော ဘာတွေ ဆွေးနွေးပါလဲ။
“သူဆွေးနွေးတာကတော့ တပ်မတော်ဘက်က ပြည်တွင်းငြိမ်းချမ်းရေးကို လိုချင်တယ်၊ တိုင်းရင်းသားများ တောင်းဆိုတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ အုပ်ချုပ်ခွင့်နဲ့ သယံဇာတခွဲဝေခွင့်ကို ပေးမယ်၊ ပေးချင်တယ်၊ လက်ရှိကာလကလည်း ရွေးကောက်ပွဲတခုလုပ်ဖို့ နီးနေပြီ၊ အင်မတန်တိုတောင်းတဲ့ ကာလမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ မကျင်းပဘဲနဲ့ ပြုပြင်ပြောင်းလဲလို့ရတဲ့ အာဏာခွဲဝေပေးရမယ့်ဟာတွေကို အာဏာပေးခြင်းအားဖြင့် တိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့်ကို ပေးချင်တယ်ဆိုတဲ့သဘော သူ ပြောပါတယ်။ ပြောင်းသင့် ပြောင်းထိုက်တဲ့ကာလမှာ ပြောင်းပေးရမှာပေါ့၊ မပြောင်းသင့် မပြောင်းအပ်တဲ့ ကာလမှာဆိုရင်တော့ မပြောင်းတာ ကောင်းတယ်၊ အဲ့ဒီသဘော ဆွေးနွေးပါတယ်။”
တပ်ချုပ်ပြောတဲ့သဘောက ဖွဲ့စည်းပုံကို ပြင်ချင်တဲ့ သဘောပါလား၊ မပြင်ချင်တဲ့ သဘောပါလား၊ ဘယ်လို ခန့်မှန်းမိလဲ။
“ကျနော် ခန့်မှန်းတာက ပြင်ရင်လည်း ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဆိုတာကို မဖြတ်ချင်ဘူး၊ မဖြတ်ဘဲနဲ့ ပြင်သင့်တာကို ပြင်မယ်။ ဒါပေမယ့် ကျနော်တို့ဘက်က ချဉ်းကပ်တဲ့အခါမှာတော့ သူပြောသလောက်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် မပြည့်စုံဘူး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် မပြည့်စုံဘူး၊ သယံဇာတခွဲဝေမှု မပြည့်စုံဘူး၊ ၄၃၆(က)ပါ ပုဒ်မတချို့ကို ပြင်မှ ဖြစ်မယ်။ ဥပမာ သယံဇာတခွဲဝေခွင့်ကို စဉ်းစားတိုင်း အခြေခံဥပဒေမှာပါတဲ့ အခြေခံမူ ၃၇ ပုဒ်မ ၃၇ကို စဉ်းစားရမယ်။ မိမိပြည်နယ်၊ မိမိတိုင်းဒေသကြီး ပါလီမန်ကနေ မိမိပြည်နယ်တိုင်း ၀န်ကြီးချုပ်ကို ခန့်အပ်ပိုင်ခွင့်ဆိုတဲ့ ပုဒ်မ ၂၆၁ ကို ပြုပြင်မှ ဖြစ်မယ်။ အခုက သမ္မတက ခန့်နေတယ်၊ ပါလီမန်က ခန့်နိုင်အောင် ပုဒ်မ ၂၆၁ ကို ပြုပြင်ရမယ်၊ ၂၆၁ကို မပြင်ရင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုတာ မပီပြင်ဘူး၊ ဦးရွှေမန်းက အဲ့ဒီအချက်ကို သေသေချာချာ ပြောသွားတယ်။”
ဒေါက်တာအေးမောင် ဆွေးနွေးခဲ့တာလဲ ပြောပါဦး။
“ကျနော်ကတော့ တိုင်းရင်းသားပါတီ ၁၂ခု ကိုယ်စား ပြောရတာ ဖြစ်တယ်။ ကျနော့်မှာ စာတမ်း ပါပါတယ်။ စာတမ်းကို မဖတ်ပြဘဲ အနှစ်ချုပ်ကိုပဲ ပြောပါတယ်။ အဓိကကတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ သယံဇာတခွဲဝေခံစားခွင့်ဆိုတာမျိုးက စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု မူဘောင်အောက်မှာပဲရှိတာမို့ အဲ့ဒါကို အသေးစိတ် ပြောပါတယ်။ ပုဒ် ၂၆၁ နဲ့ နှီးနွယ်တာလည်း ပါတယ်။ နောက် ဒီ ပြည်တွင်းစစ်ကြီးကို တကယ်ပဲ ရပ်စဲချင်တယ်ဆိုရင် အမြန်ဆုံးရပ်စဲစေချင်တယ်၊ စစ်မှန်တဲ့ပြည်ထောင်စုရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အပြည့်အ၀ကို ပေးချင်တယ်ဆိုရင် တပ်မတော်သားကိုယ်စားလှယ်တွေကို တိုင်းနဲ့ပြည်နယ်ဒေသကြီး ပါလီမန်ကနေ နောက်ကို ဆုတ်ပေးပါ။ အဲ့ဒါမျိုး သဘောထားကြီး ပြခြင်းအားဖြင့် အထူးသဖြင့် ပြည်နယ်တွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် စပေးပြီဆိုတဲ့ ပုံစံမျိုးနဲ့ ပြည်တွင်းစစ်ကြီး ရပ်စဲနိုင်အောင် ဦးဆောင်ပေးပါဆိုတဲ့သဘော ကျနော်တို့ဘက်က ဆွေးနွေးပါတယ်။”
ဆရာတို့ဆွေးနွေးပွဲပြီးတော့ အစိုးရပြောခွင့်ရသူက ဆွေးနွေးပွဲအောင်မြင်တယ်။ တကယ့်ကို ညီရင်းအစ်ကို မောင်ရင်းနှမအသွင် ဆွေးနွေးခဲ့ကြတယ်လို့ ပြောသွားတယ်။ ဆရာ စောစောက ပြောဆိုချက်အရ ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးပွဲပုံစံက ရင်းရင်းနှီးနှီး မရှိဘူးလို့ ပြောသွားတယ်ဆိုတော့ ဒီပြောဆိုချက်နှစ်ခုက ဘာကြောင့် ကွာဟ နေတာပါလဲ။
“ပထမဆုံးတွေ့တဲ့ပွဲမှာတော့ သိကြတဲ့အတိုင်းပဲ ပုံစံလေးက ခပ်လှမ်းလှမ်းဖြစ်တာပေါ့။ အဲ့ဒါကို ဒေါ်အောင်ဆန်းစုကြည်က စ ပြောပါတယ်၊ အင်မတန်အလှမ်းဝေးနေတယ်၊ သမ္မတကြီး ဒါလေးကို ပြင်ပေးပါ၊ ကျမတို့ ရင်းရင်းနှီးနှီးလေးနဲ့ တွေ့ဆုံဆွေးနွေးချင်ပါတယ်၊ တယောက်နဲ့တယောက် မိုက်ကရိုဖုန်း မပါဘဲနဲ့ကို ရင်းရင်းနှီးနှီး ချစ်ချစ်ခင်ခင်လေး ပိုပြီးတော့ ဆွေးနွေးသွားချင်ပါတယ်ဆိုတာမျိုး သူ တောင်းဆိုတာပေါ့လေ။ ဒါပေမယ့် ဆွေးနွေးပွဲမှာ ရီစရာ ရွှန်းစရာလေးတွေလည်း ပါပါတယ်၊ ပြုံးပြုံးပျော်ပျော်လေးတွေလည်း ရှိတယ်၊ အားနဲ့ မာန်နဲ့ ပြောကြရတာလည်း ရှိတာပေါ့။ အားနဲ့ မာန်နဲ့ ပြောတဲ့အခါမှာတော့ သမ္မတကြီးက အားနဲ့ မာန်နဲ့ ပြောလွန်းပါတယ်။ ဒါမျိုးလည်း သူပြောတာပေါ့ဗျာ။ ဒါပေမယ့် ပြန်လျှော့ကြတာပေါ့။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးခင်အောင်မြင့် ပြောကြဆိုကြတဲ့အခါမှာလည်း ရှိတာပေါ့။ ဦးခင်အောင်မြင့်က အမျိုးသားလွှတ်တော်ဘက်က အမတ်တွေရဲ့အဆိုပြုချက်တွေကို ကုတ် လုပ်ပြီး စားပွဲတွေပေါ်မှာ တင်ထားပေးတာကို ဟာ— တိုင်းရင်းသားကိုယ်စားပြုတဲ့ ဦးအေးမောင်လည်း ပါနေပြီးပြီ၊ ဒါမျိုးတွေ ဖြန့်ဝေနေဖို့ လိုသေးလို့လား၊ ဒါဆိုရင် ပြည်သူ့လွှတ်တော်မှာရော အလားတူ မယူဘူးလား၊ ဒါမျိုးလေးတွေပေါ့။ မောင်နှမအရင်းလို ပြောကြဆိုကြတာပါ။ အဲ့ဒီမှာ သူ့ဘက်ကလည်း ပြန်ရှင်းပြပြီး ပြေလည်သွားကြပါတယ်။ ဒါလေးပြောမိလို့ ကျမကို စိတ်မကွက်ပါနဲ့နော် ဒါမျိုးလေးတွေ ပြောကြဆိုကြတာပေါ့။ ဒါ မောင်နှမအရင်းလို ပြောကြဆိုကြ ပြုံးကြ ဒါလေးတွေက ရင်းနှီးဖော်ရွှေမှုနဲ့ ချစ်ခင်လေးစားမှုကို ပြပါတယ်။”
နောက်ဆုံးမေးခွန်းပါ၊ ဧပြီလ ၁၀ ရက် ဆွေးနွေးပွဲ အောင်မြင်တယ်လို့ သုံးသပ်နိုင်လား။
“ကျနော့်အမြင်ကတော့ ဒီလိုပဲ စရမှာပါပဲ။ အစပြုတဲ့အခါမှာ ဆုံးဖြတ်ချက်တခု ကျနော်တို့ ရှာနိုင်ခဲ့တယ်။ ဒီ့ထက်မက ရင်းနှီးချစ်ခင်စွာဖြင့် ပိုမို နီးကပ်တဲ့ ဆွေးနွေးမှုပုံစံကို ဆက်ခံကြတယ်။ ဆွေးနွေးမယ့် framework ရှာနိုင်ခဲ့တယ်။ ပြီးရင် ကာလသတ်မှတ်နိုင်ခဲ့ပြီး အဲ့ဒီမှာ ဘာဆွေးနွေးကြမလဲဆိုတာလည်း ပြောနိုင်ခဲ့တာပေါ့။ ကိုယ်လိုချင်တာချည်းပဲ ရကို ရရမယ်ဆိုတဲ့ ဆွေးနွေးမှု ပုံစံ မဟုတ်ဘဲနဲ့ ကိုယ်လိုတာလည်း ရသင့်သလောက် ရရမယ်၊ သူမပေးချင်တာကိုလည်း ပေးသင့် သလောက် ပေးနိုင်ရမယ်ဆိုတဲ နှစ်ဘက် စလုံးနိုင်တဲ့ ဆွေးနွေးမှု ဖြစ်အောင် ဆောင်ရွက်သွားသင့်တယ်ဆိုတဲ့ အရိပ်အငွေ့ မှတ်သားရပါတယ်။ အောင်မြင်တဲ့ဆွေးနွေးပွဲကြီးတခု ဖြစ်တယ်လို့ သုံးသပ်ပါတယ်။ မြန်မာ့ နှစ်ဦးအတွက်လည်း အင်မတန် နိမိတ်ကောင်းပါတယ်။”
By ရွှေအောင် (ဒီဗွီဘီ)
http://burmese.dvb.no
0 comments:
Post a Comment