ဧပြီလ ၆ ရက် ၂၀၁၅
သျှမ်းပြည်တွင်း ခရိုင်၊ မြို့အများစုတွင် ပြုလုပ်နေသကဲ့သို့ မြို့တော် တောင်ကြီး အပါ အဝင် ခရိုင်ရုံး စိုက်ရာမြို့အများ၌ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကြို ဆိုထောက်ခံသည့် ဆန္ဒ ထုတ်ဖော်ပွဲ ပြုလုပ်ရန် အစိုးရညွှန်ကြားသည် ဟု သိရသည်။
ဧပြီလ ၆ ရက်နေ့မနက်ပိုင်းက သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့အပါအဝင် လင်းခေး၊ လွယ်လင်၊ ကွန်ဟိန်း၊ သျှမ်းပြည်မြောက်ပိုင်းတွင် လားရှိုး၊ မူစယ်၊ ကျောက်မဲ တို့တွင် လည်း ကောင်း အရှေ့ပိုင်း တာချီလိတ် ၊ ကျိုင်းတုံ၊ မိုင်းဆတ် - မိုင်းတုံတို့တွင် လည်းကောင်း တမြို့နယ်လျှင် လူထုရာဂဏန်းက ဆိုင်းဘုတ်ကိုင်ဆောင်၍ လမ်းလျှောက် ဆန္ဒပြခဲ့ရ ကြောင်း သက်ဆိုင်ရာဒေသအသီးသီးမှ ပါဝင်ခဲ့ရသူ ဒေသခံများက ပြောသည်။
“ကျနော်တို့ တောင်ကြီးမှာက ၂၂ ရပ်ကွက်လုံးအပြင် မြို့ပြင် က အုပ်စုတွေလဲလာတယ်။ လူတော့ အများကြီးဘဲ။ တအိမ်တယောက် မလာမနေရလေ။ ကျနော်အပါအဝင်ဘဲ။ ဘာ ကိစ္စ မသိဘူး။ ဒီရောက်တော့ မှ သိရတာ” - ဟု တောင်ကြီးသား ခွန်းထို ကပြောသည်။
မတ်ခ်ျလ ၃၁ ရက်နေ့က ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီနှင့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ်မူကြမ်းအား သဘောတူ အတည်ပြုနိုင်သည့် အထိမ်းအမှတ်ထောက်ခံဆန္ဒထုတ်ဖော်ပွဲဖြစ်ဟု လည်း အဆိုပါ သျှမ်းပြည်နယ်အစိုးရအရာရှိက ဤကဲ့သို့ပြောသည်။
“ဒါက ပြည်သူလူထုရဲ့သဘောဆန္ဒဘဲ။ ပြည်နယ်အစိုးရက လမ်းညွှန်မှုပေးရုံလောက်ပါဘဲ။ ကျနော်တို့အနေနဲ့ ပြည်သူလူထုကို မဖြစ်မနေလုပ်ရမယ်လို့ အမိန့်ပေးတာမဟုတ်ပါဘူး။ ” ဟု သျှမ်းပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးကောင်းစံဦးက ပြောသည်။
“လွယ်လင်မှာတော့ မနက်ကတည်းက စုရပ်ကိုလာရတော့ ထမင်းငတ်ကြတာပေါ့။ ကျောက်မဲမှာတော့ တယောက် ၁၅၀၀ ကျပ်တောင် ရတယ်လို့ပြောတယ်။ ရပ်ကွက် ဥက္ကဌက ဆင့်ခေါ်တာပါ။ ” ဟု လွယ်လင်မြို့မှ အသက် ၅၀ ကျော်အရွယ် အမျိုးသား တဦးကပြောသည်။
လွယ်လင်မြို့တွင်မူ မိုင်းပွန်၊ ပင်လုံ၊လွယ်လင် မှ ဒေသခံများ လွယ်လင်တွင်စုဆုံကာ ရပ်ကွက် ၁ မှ ရပ်ကွက် ၄ အထိ မိနစ် ၄၀ ခန့်လမ်းလျှောက် ဆန္ဒပြကြကြောင်း၊ လူထု အင်အား ၃၀၀၀ ခန့်ရှိကြောင်း သိရသည်။
၎င်းနှင့်ပတ်သက်၍ ဆန္ဒပြပွဲဖြစ်ပေါ်ရေးအတွက်လည်း ရပ်ကွက် ကျေးရွာအုပ်စုများထံသို့ သက်ဆိုင်ရာ မြို့နယ် ထွေ/အုပ်မှ ဆင့်ခေါ်စာ ပေးပို့ခဲ့ကြောင်းလည်း နမ့်ခမ်း မြို့ခံများက ပြောပါသည်။
လမ်းလျှောက်ဆန္ဒပြပွဲတွင် ကြွေးကြော်ခဲ့ရသော အချက် ၅ ချက်မှာ “ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး (ဒို့အရေး) ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောင်မြင်ရေး (ဒို့အရေး) ငြိမ်းချမ်းရေးဆွေးနွေးပွဲအမြန်ဖြစ်ပေါ်ရေး (ဒို့အရေး) ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖျက်ဆီးသူ (ပြည်သူ့ရန်သူ) ငြိမ်းချမ်းရေးအတည်ပြုလက်မှတ်ရေးထိုးပွဲ (အောင်မြင်ရမည်) ဟုပါရှိပါသည်။
သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese
0 comments:
Post a Comment