၂၁.၅.၂၀၁၅ ရက်နေ့ ၀၃၀၀ အချိန်ခန့်တွင် အလုံမြို့နယ်၊ စောရန်ပိုင်အနောက် ရပ်ကွက်နေ မောင်အောင်သက်ပိုင်နှင့် သူငယ်ချင်းများ ဖြစ်ကြသည့် မောင်သန့်ဇင်အောင်၊ မောင်ပြည့်ဖြိုးအောင်တို့(၃)ဦးသည် နေအိမ်မှ ရွှေတိဂုံ စေတီတော်သို့ သွားရန်အတွက် အလုံလမ်းအတိုင်း လမ်းလျှောက်လာ ခဲ့ကြောင်း၊ အထက(၂)ကျောင်းရှေ့ ခုံးတက်အရောက်တွင် ချယ်ရီအမျိုးအစား အနီရောင်တက္ကစီ(၁)စီးမှ ၎င်းတို့အား ကျော်တက်ရပ်ပြီး ယာဉ်ပေါ်ပါသူ အမျိုးသားများမှ ယာဉ်စီးခပေးစရာမရှိ၍ ပိုက်ဆံပါလျှင် ပေးခဲ့ရန် ပြောသဖြင့် ၎င်းတို့မှ ပိုက်ဆံမပါကြောင်းပြောရာ အဆိုပါ အမျိုးသားများမှ ပိုက်ဆံမပါလျှင် ပါလာသောဖုန်းများပေးဟုဆိုပြီး လက်သီးဖြင့် ထိုးကြိတ်၍ မောင်အောင်သက်ပိုင်၏ ကျောပိုးအိတ်အား လုယူကာ အဆိုပါ တက္ကစီယာဉ် CITY TAXI နံပါတ် E ---- ဖြင့် ထွက်ပြေးသွားကြကြောင်း၊ ကျောပိုးအိတ် အတွင်း၌ ငွေကျပ်(၄၀၀၀၀)နှင့် ငွေကျပ်(၅)သိန်းတန်ဖိုးရှိ apple အမျိုးအစားI PAD-2 ၁ လုံးတို့ပါသွားခဲ့ပြီး မောင်အောင်သက်ပိုင်တွင် ယာပါးနှင့်ဇက်ပိုးတို့၌ ဖူးယောင်နာကျင်ဒဏ်ရာ၊ မောင်သန့်ဇင်အောင်တွင် ၀ဲနားထင်နှင့် ဂုတ်ပိုးတို့၌ နာကျင်ဒဏ်ရာများ ရရှိခဲ့ကြောင်းနှင့် အဆိုပါ အမျိုးသားများအား အရေးယူ ပေးပါရန် မောင်အောင်သက်ပိုင်မှ တိုင်တန်းခဲ့သဖြင့် အလုံမြို့မရဲစခန်း (ပ)၁၈၀/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၉၄ ဖြင့် အရေးယူကာ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ပါသည်။
အမှုမှ ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေးဌာနမှ တပ်ဖွဲ့ဝင်များနှင့် အလုံမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက စုံစမ်းရှာဖွေခဲ့ရာ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သူများဖြစ်သည့် သင်္ဃန်းကျွန်းမြို့နယ်နေ ယာဉ်မောင်း စံကြီး(ခ) စံမင်းထက်၊ (၃၇)နှစ်အား ယာဉ်အမှတ် 5D---- ချယ်ရီအနီရောင်ယာဉ်နှင့် အတူ သင်္ဃန်းကျွန်းမြို့နယ်အတွင်းမှ လည်းကောင်း၊ ဗဟန်းမြို့နယ်နေ ရန်ပိုင်(ခ)ရန်နိုင်ထူး၊(၁၉)နှစ်အား ဗဟန်းမြို့နယ် အတွင်းမှလည်းကောင်း၊ ရန်ကင်းမြို့နယ်နေ နားပေါက်(ခ)အောင်ဝင်းထွန်း၊ (၁၉)နှစ်အား ရန်ကင်း မြို့နယ်အတွင်းမှလည်းကောင်း၊ လှိုင်သာယာမြို့နယ်နေ ဖိုးခွား(ခ)ရဲမွန်ခန့်၊ (၁၉)နှစ်အား လှိုင်မြို့နယ် အတွင်းမှလည်းကောင်း၊ လှိုင်သာယာမြို့နယ်နေ ၀ိတ်ပေါ(ခ)မျိုးမင်းဦး၊ (၂၃)နှစ်အား လှိုင်သာယာမြို့နယ်အတွင်းမှ လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ပါသည်။
အဆိုပါပြစ်မှုကျူးလွန်သူ စံကြီး(ခ)စံမင်းထက်ပါ(၅)ဦးအား အမှုဖြင့်အရေးယူ ဆောင်ရွက်လျက်ရှိပြီး အခြားပြစ်မှုများကျူးလွန်ထားခြင်း ရှိ/မရှိ ဆက်လက် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

0 comments:
Post a Comment