နယူးဒေလီ မေ ၂၂
အိန္ဒိယနိုင်ငံသည် လေယာဉ်များ ကားလမ်းများပေါ် အရေးပေါ် ဆင်းသက်နိုင်ရေးအတွက် စမ်းသပ်မှုများ ပြုလုပ်ရာတွင် ဂျက်တိုက်လေယာဉ် တစ်စင်းသည် အမြန်လမ်းမပေါ်သို့ အောင်မြင်စွာ ဆင်းနိုင်ခဲ့ကြောင်း ရိုက်တာက ယနေ့ဖော်ပြသည်။
မြို့တော်နယူးဒေလီနှင့် အာဂရာ ဆက်သွယ်သော ယမုံနာအမြန်လမ်းမကြီးပေါ်သို့အိန္ဒိယလေတပ်မှ မီရပ်ခ်ျ- ၂ဝဝဝ တိုက်လေယာဉ်တစ်စင်းသည် မေ ၂၁ ရက်နေ့ နံနက်စောစောပိုင်းတွင် ဆင်းနိုင်ခဲ့သည်။
၎င်းအမြန်လမ်းသည် ၁ဝ၂ မိုင် ရှည်လျား၍ အိန္ဒိယနိုင်ငံ၏ ခေတ်အမီဆုံး အဝေးပြေးလမ်းများအနက် တစ်လမ်းအပါအဝင် ဖြစ်သည်။
လေယာဉ်များသည် မြေပြင်သို့ ရုတ်တရက် ဆင်းရန်အကြောင်းပေါ်ပေါက်လာခဲ့သော် လေယာဉ်ပြေးလမ်းအဖြစ် အသုံးပြုရေးအတွက် အမြန်လမ်းမကြီးများကို အဆင့်မြှင့်တင်ရန် လေတပ်က စီစဉ်လျက်ရှိသည်။
ယမုံနာအမြန်လမ်းမကြီးပေါ်သို့ လေယာဉ်ဆင်းခြင်း၊ ပျံတက်ခြင်းတို့ကို ဒေသခံရွာသူရွာသားများနှင့် အတူ လေတပ်မှ အဆင့်မြင့်အရာရှိကြီး တက်ရောက်ကြည့်ရှုခဲ့သည်ဟု သတင်းများတွင် ဖော်ပြသည်။
လေယာဉ်အတက်အဆင်း လေ့ကျင့်သောအမြန်လမ်းမကြီးတစ်လျှောက် ရဲတပ်ဖွဲ့ဝင်အများအပြားကို လုံခြုံရေးစောင့်ကြပ်ရန် ဖြန့်ကြက်ထားသည်။
ယာယီလေကြောင်း ထိန်းသိမ်းရေး စခန်းကို တည်ဆောက်ထားပြီး ငှက်စောင့်ကြည့်သူများ၊ မီးသတ်ကားများ၊ ကယ်ဆယ်ရေးယာဉ်များကို အဆင်သင့်ထားရှိသည်ကို ရုပ်မြင်သံကြားလိုင်းက ထုတ်လွှင့်သည်။ လေ့ကျင့် နေစဉ်အတွင်း လမ်းမကြီးကို နာရီအနည်းငယ်မျှ ပိတ်ထားသည်ဟု သတင်းများက ဖော်ပြသည်။လေတပ်အခြေ စိုက်စခန်းများကို တိုက်ခိုက်ခြင်းခံရလျှင် အဝေးပြေးလမ်းမကြီးများကို လေယာဉ်ပြေးလမ်းများအဖြစ် အသုံးပြုမည်ဟုဆိုသည်။
ရိုက်တာ။
The Mirror Daily
https://www.facebook.com/TheMirrorDaily
0 comments:
Post a Comment