တောင်တရုတ်ပင်လယ်မှ တင်းမာမှုများ သတင်းကို ကြားရသည်နှင့် အထက်ပါ သမ္မတနစ်ဆင်၏ ဟောကိန်းကို ပြေးသတိရမိကြလေသည်။ နစ်ဆင်သည် Geopolitics ပထဝီနိုင်ငံရေး ဂုရု။ သူသည် ၁၉၈၀ နှင့် ၁၉၉၄ အကြားတွင် အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးနှင့်ဆိုင်သော စာအုပ်ခြောက်အုပ် ရေးသားခဲ့လေသည်။ ယင်းစာအုပ်များအနက် The Real War (1980) နှင့် Beyond Peace (1994) တို့မှာ ပထဝီနိုင်ငံရေးအတွက် ယနေ့အထိ ကိုးကားနေဆဲ ဖြစ်သည်။ သမ္မတအိုဘားမား၏ Asia Pivot ကို နစ်ဆင်က အစောကြီးကတည်းက ကြိုမြင်ခဲ့သလို ၂၁ ရာစုတွင် Islam ဝါဒနှင့် ယဉ်ကျေးမှုချင်း တိုးတိုက်မှု ဖြစ်လာမည်ကိုလည်း ကြိုတင်ဟောကိန်းထုတ်သူ ဖြစ်နေလေသည်။
ဝါရှင်တန်အခြေစိုက် CSIS လေ့လာရေးဌာနကြီး၏ သုတေသနအဖွဲ့ဖြစ်သော အာရှပင်လယ်ပြင် ပွင့်လင်းမြင်သာ အရေးစီမံချက် AMTI အဖွဲ့၏ ဧပြီလအလယ်ပိုင်းတွင် ထုတ်ဝေသော ဂြိုဟ်တုဓာတ်ပုံများအရ တောင်တရုတ်ပင်လယ်တွင်းရှိ ကျောက်ငုတ်တစ်ခုကို မြေဖို့ဆောက်လုပ်ထားသော တရုတ်လေယာဉ်ကွင်းကြီး တစ်ခုကို တစ်ကမ္ဘာလုံးမှ တွေ့လိုက်ရလေသည်။ ထိုလေယာဉ်ကွင်းသည် အခြားနိုင်ငံများနှင့် သူပိုင်ငါပိုင် အငြင်းပွားနေသော Spratly (တရုတ်အခေါ် ရှီရှားကျွန်း) ကျွန်းစုတောင်ဘက် အစွန်အဖျားရှိ Fiery Cross မီးလျှံလက်ဝါးကပ်တိုင် အမည်ရှိ ကျောက်ငုတ်တစ်ခုကို လူလုပ်ကျွန်းအဖြစ် တည်ဆောက်ဖောက်လုပ်ထားခြင်း ဖြစ်၏။
ထိုဓာတ်ပုံနှင့်အတူ “မည်သည့်လေယာဉ်မဆို ဆင်းတက်နိုင်သည့် လေယာဉ်ကွင်း ပြီးစီးလျှင် တရုတ်တို့သည် ဤဒေသတစ်လွှား ကင်းထောက်ကင်းလှည့်ခြင်းများ တစ်ဟုန်ထိုး ပြုလုပ်လာတော့မည် ဖြစ်သလို တောင်တရုတ်ပင်လယ်ကို သူပိုင်ဆိုင်ကြောင်း ပြောဆိုအား ပိုရှိလာတော့မည်” ဟု AMTI အဖွဲ့က မှတ်ချက်ပေးထားလေသည်။
ဖေဖော်ဝါရီလလယ်ပိုင်း ဓာတ်ပုံတွင် ထိုကျောက်ငုတ်ရှိရာ သောင်ပြင်တွင် လေယာဉ်ကွင်း အမှတ်အသားများကိုသာ တွေ့နေရသော်လည်း မတ်လလယ် ဓာတ်ပုံများတွင်မူ ခင်းပြီးလေယာဉ်ပြေးလမ်း ၉၅၈ ပေ ပြီးစီးနေသည်။ မတ်လကုန်မှာတော့ လေယာဉ်ပြေးလမ်း ၁၅၂၅ ပေ ပြီးနေလေသည်။ လေယာဉ်ပြေးလမ်းအပြင် လေယာဉ်ကွေ့ရန် ပတ်လမ်းများ၊ လေကြောင်းထိန်း အဆောက်အအုံများလည်း ဆောက်ထားလေသည်။ နိုဝင်ဘာလရောက်လျှင် ပေတစ်သောင်းရှည်သော လေယာဉ်ကွင်းကြီးတစ်ခု အပီအပြင် ထွက်ပေါ်လာတော့မည် ဖြစ်သည်။
ဤဂြိုဟ်တုဓာတ်ပုံများ ထွက်ပေါ်လာသောအခါ သမ္မတအိုဘားမား အပါအဝင် အဆင့်မြင့်အရာရှိကြီးများ၊ ရေတပ်ခေါင်းဆောင်များသည် တရုတ်တို့၏ တောင်တရုတ်ပင်လယ် ဒေသအတွင်း နိုင်ထက်စီးနင်း ကျူးကျော်လိုမှုအပေါ် အပြင်းအထန် ကန့်ကွက်ခဲ့ကြသည်။
ဧပြီလ ၁၅ ရက် အမေရိကန် ကွန်ဂရက်ကြားနာပွဲတွင် ပစိဖိတ်စစ်ဌာနချုပ် အကြီးအကဲ ရေတပ်ဗိုလ်ချုပ်ကြီး ဆင်မြူရယ် လော့လီယာက ဤလေယာဉ်ကွင်းသစ်ကြောင့် တရုတ်တို့သည် အမှန်ပင် စစ်စွမ်းရည် မြင့်မားလာမည်ဖြစ်သည်။ သူ့အမြင်အရ တရုတ်သည် လေယာဉ်ကွင်းပြီးစီး၍ သိပ်မကြာခင်မှာပင် သူ့ပိုင်နက်ကို လေကြောင်းကာကွယ်ရေးဇုန် အဖြစ် ကြေညာလာနိုင်သည်။ ထိုသို့ကြေညာလျှင် အမေရိကန်နှင့် တရုတ်အကြား တင်းမာမှု ပိုများလာလိမ့်မည်ဟု အစီရင်ခံလေသည်။
Spratly ကျွန်းများကိစ္စကို တရုတ်နိုင်ငံခြားရေးဌာနမှ ကာကွယ်ရေး စစ်ရေး ရည်ရွယ်ချက်တစ်ခုဟု ဆိုကာ အတိအကျ မဖော်ပြသော ထုတ်ပြန်မှုတစ်ခု ပြုလုပ်ခဲ့ဖူးသော်လည်း ယခုကိစ္စ ပေါ်လာသောအခါ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ထိုလေယာဉ်ကွင်းသည် အရေးပေါ်ကပ်ဘေးများ ကြုံတွေ့ချိန်တွင် ကယ်ဆယ်ရေးများ လုပ်ရန်ဟု ဆိုလာသည်။ တိုက်ဖွန်းမုန်တိုင်းကဲ့သို့ ဘေးအန္တရာယ်များ ပေါ်လာပါက ရှာဖွေကယ်ဆယ်ရေး လေယာဉ်များ အသုံးပြုရန် ဖြစ်သည်ဟုလည်း ဆိုလေသည်။ စစ်ရေးကျွမ်းကျင်သူများကတော့ ထိုလေယာဉ်ကွင်းသည် လေယာဉ်များ အတက်အဆင်း ကိစ္စသာမက ဝေဟင်ပစ်ဒုံးများ၊ သင်္ဘောဖျက်ဒုံးများကိုပင် ချထားရန် ပြင်ဆင်ထားပုံရသည်ဟု ဆိုနေကြလေသည်။
စတုရန်းမိုင် ၁.၂ သန်း ကျယ်ဝန်းသော တောင်တရုတ်ပင်လယ်ပြင်ထဲရှိ ကျွန်းစုများကို ပိုင်ဆိုင်ကြောင်း တောင်းဆိုနေသည်မှာ တရုတ်တစ်ဦးတည်းတော့ မဟုတ်ချေ။ သူပိုင်ငါပိုင် အငြင်းပွားလာသည်မှာလည်း ဆယ်စုနှစ် မနည်းလှတော့။ တောင်းဆိုသူအချင်းချင်း အငြင်းပွားရင်း အခြေအနေ တင်းမာခဲ့ရသည့် အကြိမ်အရေအတွက်လည်း မနည်းတော့။ တရုတ်နှင့် ဗီယက်နမ်သည် ၁၉၈၀ တစ်ဝိုက်က ပဋိပက္ခစခဲ့သည်။ တရုတ်နှင့် ဖိလစ်ပိုင်တို့ 1994 Mischief Reef ရေအောက်သောင်ခုံကိစ္စ အငြင်းပွားရာတွင် အမေရိကန်လည်း ပါဝင်ပတ်သက်ဖူးလေသည်။ ထိုကျွန်းများကို သူပိုင်ငါပိုင် အငြင်းပွားနေသူများတွင် ဖိလစ်ပိုင်ပါသည်။ ဗီယက်နမ်ပါသည်။ မလေးရှားပါသည်။ ဘရူနိုင်းပါသည်။ ထိုင်ဝမ်ပါသည်။ အငြင်းပွားမှုက အချိန်ကြာလေလေ ပို၍ ရှုပ်ထွေးလေလေ။ ထိုကာလအတွင်း အချို့ကလည်း ကိုယ်ရရှိထားသော ကျွန်းများကို သပိတ်ဝင် အိတ်ဝင်ဖြစ်အောင် ခံကတုတ်တို့၊ ဆိပ်ကမ်းတို့ ဆောက်ထားကြသည်။ ကိုယ်စီ သိမ်းပိုက်ထားကြသည်မှာ ဗီယက်နမ်က ၂၁ ကျွန်း၊ ဖိလစ်ပိုင်က ၈ ကျွန်း၊ တရုတ်က ၇ ကျွန်း ရှိနေသည်။
ဗီယက်နမ်၊ ဖိလစ်ပိုင်တို့ ရရှိထားသော နေရာများက ကျွန်းနှင့်တူသော်လည်း တရုတ်ရထားသော နေရာများက ကျွန်းဟုပင် ခေါ်ရန် ခက်လှသည်။ ကျောက်ငုတ်များ၊ ထုံးအိုင်များ၊ ရေတိမ်သောင်ခုံများ၊ ရေအောက်ကျောက်တန်းများ ဖြစ်လေသည်။ ဖိလစ်ပိုင်၊ ဗီယက်နမ် စသူများက ကျွန်းများကို ရယူပုံမှာ သူတို့အတွက် ကုလသမဂ္ဂမှ သတ်မှတ်ပေးသော ပင်လယ်ပြင် စီးပွားရေးဇုန်နယ် ရေမိုင် ၂၀၀ အတွင်းရှိသော ကျွန်းများဖြစ်သော်လည်း တရုတ်ရရှိထားသော ကျွန်းများမှာ ရှေးပဝေသဏီ သမိုင်းအထောက်အထား ရပိုင်ခွင့်ပေါ် အခြေခံလေသည်။ Spratly ကျွန်းစုသည် တရုတ်၏ တောင်ဘက်စွန်း ဟိုင်နန်ကျွန်းမှလာလျှင်ပင် မိုင်ပေါင်း ၆၀၀ ကျော် ဝေးသည်။
Fiery Cross လေယာဉ်ကွင်းကဲ့သို့ လေယာဉ်ကွင်းသက်သက်ချည်း ဒေါ်လာ ၁၂ ဘီလီယံ အကုန်အကျခံ ဆောက်လုပ်ရသော လုပ်ငန်းကို တရုတ်တို့ ဘာကြောင့် ယခုလို အလောတကြီး လုပ်ကိုင်လာရသနည်း ဆိုသည်နှင့် ပတ်သက်၍ အကဲခတ်များက အချက်နှစ်ချက်ကို ထောက်ပြကြသည်။ ပထမအချက်မှာ တရုတ်တို့ တောင်တရုတ်ပင်လယ်တွင်း ပိုင်နက်တိုးချဲ့လာခြင်းကို the Hague ရှိ နိုင်ငံတကာခုံရုံး Arbitral Tribunal ကို ဖိလစ်ပိုင်နိုင်ငံမှ တက်ရောက်တရားစွဲဆိုထားခြင်း ရှိလေရာ ၂၀၁၆ ခုတွင် ထိုတရားရုံးနှင့် အကျုံးဝင် မဝင်၊ UNCLOS ခေါ် ပင်လယ်ပြင်ဆိုင်ရာ ကုလသမဂ္ဂ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်မှု ရှိမရှိ ဆုံးဖြတ်ကြတော့မည် ဖြစ်ပြီး ကိုက်ညီပါက တောင်တရုတ်ပင်လယ် အမှုကို စီရင်ခွင့်ရတော့မည် ဖြစ်သည်။ ဖိလစ်ပိုင်ကိစ္စ အဆင်ပြေလျှင် ဗီယက်နမ်ကလည်း နောက်က လိုက်လာစရာ ရှိလေသည်။ ထိုကိစ္စမတိုင်မီ တရုတ်ဘက်က အပိုင်လုပ်ထားလိုဟန် တူသည်။
ဒုတိယအချက်ကတော့ အမေရိကန်သမ္မတ ရွေးကောက်ပွဲကို ၂၀၁၆ တွင် ပြုလုပ်ခြင်းနှင့် သက်ဆိုင်သည်။ သမ္မတသစ် ဖြစ်လာရန် တစ်ပြေးနေသူတစ်ဦးမှာ ယခင် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန် ဖြစ်နေသည်။ ဟီလာရီသည် လက်ရှိ သမ္မတအိုဘားမားထက် နိုင်ငံခြားရေးတွင် သိန်းငှက်ကဲ့သို့ ဇက်ရဲလက်ရဲနိုင်သူ ဖြစ်သည်။ အကယ်၍ ဟီလာရီကလင်တန် သမ္မတ ဖြစ်မလာဘဲ ရီပတ်ဗလစ်ကင်မှ သမ္မတ ဖြစ်လာလျှင်လည်း သိန်းငှက်များပင် ဖြစ်လာမည်။ ယင်းအချက်ကြောင့် တရုတ်များ လေယာဉ်ကွင်းကို တက်သုတ်ရိုက်လုပ်နေခြင်း ဖြစ်သည်ဟု ယူဆကြသည်။
အမေရိကန်နိုင်ငံ အနေနှင့် တောင်တရုတ်ပင်လယ်တွင် တရုတ်တို့က တင်းမာစွာ ပိုင်ဆိုင်ကြောင်း ဖော်ထုတ်နေခြင်းကို ဇက်သတ်နိုင်ရန်အတွက် ဒေသန္တရ ညွန့်ပေါင်းအဖွဲ့ ဥပဒေတစ်ရပ် ထုတ်နိုင်ရန် လုံးပန်းနေသည်။ သို့သော် တကယ်တမ်း ဇက်ကြိုးတပ်နိုင်စွမ်းရှိသူက များများမရှိ။ ခြေသွက်လက်သွက် ထိထိရောက်ရောက် တုံ့ပြန်နိုင်သူမှာ အမေရိကန်သာ ဖြစ်နေသည်။ သူပြီးလျှင် ဂျပန်ရှိသည်။ ဂျပန်များကလည်း အရှေ့တရုတ်ပင်လယ်တွင် တရုတ်နှင့် ထိပ်တိုက်တွေ့နေဆဲ ဖြစ်သဖြင့် တောင်တရုတ်ပင်လယ်ဘက် လှည့်မလာနိုင်သေး။
ASEAN အာဆီယံကို ကြည့်လိုက်တော့လည်း သူတို့၏ အဓိကကုန်သွယ်ဘက် တရုတ်ကို အင်တိုက်အားတိုက် တုံ့ပြန်ရေးအတွက် အစိတ်စိတ်အမြွှာအမြွှာ ကွဲနေသည်။ မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီးရှားနှင့် ထိုင်းတို့သည် မာလက္ကာရေလက်ကြား လုံခြုံရေးအတွက် ၂၀၀၄ ကတည်းက ဖွဲ့ထားသော MSP ကင်းလှည့်အဖွဲ့နှင့် အလုပ်များနေပြီး တောင်တရုတ်ပင်လယ်အရေး လှည့်မကြည့်နိုင်ချေ။ ASEAN အဖွဲ့ဝင် အများစုမှာ ထိပ်တိုက်ရင်ဆိုင်ရန် ဝန်လေးလျက်ရှိသည်။ အမေရိကန်၏ ဒေသန္တရအဖွဲ့တွင် တက်တက်ကြွကြွ ပါဝင်မည့်သူမှာ ဖိလစ်ပိုင်နှင့် ဗီယက်နမ်တို့သာ ရှိလေသည်။ ASEAN သည် တောင်တရုတ်ပင်လယ်အရေးကို ထိန်းသိမ်းရန် ၂၀၀၂ ခုတုန်းက DoC ac: Declaration of Conduc အဖြစ် အခြေခံအုတ်မြစ်များ ချနိုင်သော်လည်း ယင်းသည် ဥပဒေအရ တုပ်နှောင်မှု မရှိချေ။ ဥပဒေအရ တုပ်နှောင်နိုင်သော CoC ခေါ် Code of Conduct ကို ချနိုင်ရန် ကြိုးပမ်းနေသော်လည်း ယနေ့ထိ အငြင်းပွားနေဆဲ ဖြစ်သည်။
ယခု Spratly ကျွန်းကျောက်ငုတ်ပေါ်တွင် လူလုပ်ကျွန်းဖြင့် လေယာဉ်ကွင်းတွေ ပေါ်လာသောအခါ အနီးတစ်ဝိုက် နိုင်ငံများ အထိတ်တလန့် ဖြစ်ကုန်ကြသလို သဘာဝပတ်ဝန်းကျင် ဂေဟစနစ် ပျက်စီးမှုများလည်း ပေါ်လာလေသည်။ အမေရိကန်အတွက် စိတ်အပူဆုံးကိစ္စမှာ ADIZ ခေါ် လေကြောင်းကာကွယ်ရေးဆိုင်ရာ ဝင်လာသမျှများ ဖော်ထုတ်ရေး လုပ်ကိုင်မည့် ဇုန်နယ်သတ်မှတ်ခြင်းများ တရုတ်က လုပ်လာမည့် အလားအလာပင် ဖြစ်သည်။ အမှန်ဆိုလျှင် အမေရိကန်သည် Asia Pivot အာရှချိန်ခွင်လျှာ အခန်းမှ ပါဝင်ရန် အချို့နေရာများတွင် နောက်ပင်ကျနေလေပြီ။ အထူးသဖြင့် စီးပွားရေးဘက်တွင် တရုတ်များက ခြေတစ်လှမ်း ဦးနေလေသည်။
တရုတ်ဖွင့်လှစ်လိုက်သော AIIB အာရှအခြေခံအဆောက်အဦ ရင်းနှီးမြှုပ်နှံမှုဘဏ်တွင် အမေရိကန်၏ မဟာမိတ်များ၊ မဟာဗျူဟာ အကျိုးတူပါတနာများ အတော်များများ ဝင်သွားကြလေပြီ။
ဝါရှင်တန်ပို့စ်သတင်းစာတွင် ယခင် ဘဏ္ဍာရေး ဝန်ကြီးဟောင်း လာရီဆန်းမားက “ပြီးခဲ့သောလပိုင်းကို အမေရိကန်နိုင်ငံအတွက် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးစနစ်တွင် နေရာတကာ တာဝန်ယူ အာမခံပေးနေသူ အကြီးအကဲအခန်း ဆုံးရှုံးလိုက်ရသော ကာလအဖြစ် အမှတ်ရနေလိမ့်မည်” ဟု ရေးလေသည်။ စီးပွားရေးဘက်တွင် ထိုသို့ နောက်ကျသွားသော်လည်း အမေရိကန်သည် တောင်တရုတ်ပင်လယ်တွင် SLOCS ပင်လယ်ရေလမ်း ကူးသန်းသွားလာရေး တည်ငြိမ်မှုကိုမူ ယခင်အတိုင်း ကျောက်ဆူးကြီးတစ်ခုသဖွယ် ဆက်လက်ထမ်းဆောင်နိုင်ဆဲ ဖြစ်ပါသည်။ ယခု တရုတ် လေယာဉ်ကွင်းသစ်ကြောင့် ADIZ ပေါ်လာလျှင်တော့ ဖိလစ်ပိုင်နှင့် ဗီယက်နမ်တို့ မျှော်လင့်သလောက် တုံ့ပြန်နိုင်မည်လော ဆိုသည်ကို စောင့်ကြည့်ဖို့သာ ရှိတော့သည်။
နေဦးဝေ
- See more at: http://thevoicemyanmar.com/index.php/foreign/item/7058-plp#sthash.3vyRHStP.dpuf
0 comments:
Post a Comment