ရန်ကုန် (မဇ္ဈိမ) ။ ။ တောင်ဥက္ကလာပ မြို့နယ် အတွင်းရှိ အားကစားကွင်းပြန်လည်ရရှိရေးဆန္ဒဖော်ထုတ်သည့်အတွက် ငြိမ်း၊ စု၊ စီ ပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ခံရသည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သည့် ဦးကိုကိုကြီးကို အမှုဖွင့်ပြီး ငါးလအကြာ မေ ၂၂ရက်တွင် တောင်ဥက္ကလာမြို့မရဲစခန်းက အမှု နှင့်ပတ်သက်၍ ခေါ်ယူစစ်ဆေးခဲ့သည်။
၎င်းကို တောင်ဥက္ကလာပ ရဲစခန်းတွင် အမှုဖွင့်ထားပြီး လာရောက် စစ်ဆေးခံရန် မေ ၂၁ ရက်က ဦးကိုကိုကြီးထံ အကြောင်းကြားခဲ့ခြင်း ဖြစ်သည်ဟု ၎င်းကဆိုသည်။
ဦးကိုကိုကြီးက "အခုစခန်းမှာ သူတို့သိချင်တဲ့အချက်အလက်တွေကို မေးမြန်းပါတယ်၊ ခံဝန်လက်မှတ်တွေ ဘာတွေလည်း ထိုးခိုင်းတာမရှိပါဘူး၊ တရားရုံးတင်မယ့်ရက်ကိုလည်း မသိသေးပါဘူး။" ဟု ဦးကိုကိုကြီးက မေ ၂၂ ရက်၊ ညနေပိုင်းက တောင်ဥက္ကလာမြို့မရဲစခန်းတွင် စစ်ဆေးမေးမြန်းခံပြီးချိန်၌ ပြောသည်။
ဦးကိုကိုကြီးသည် ပြီးခဲ့သည့် ၂၀၁၄၊ ဒီဇင်ဘာ ၂၄ ရက်က တောင်ဥက္ကလာပမြို့ နယ်၊ (၉) ရပ်ကွက်၊ ဝေဇယန္တာလမ်းနှင့် သစ္စာလမ်းထောင့်ရှိ ကလေးအားကစားကွင်းနှင့် ပန်းခြံတည်ရှိသည့် နေရာကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကွန်ဒိုအဖြစ်ဆောက်လုပ်နေခြင်းနှင့် ပတ်သက်၍ ၈၈ မျိုးဆက်
ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး အပါအဝင် လူအင်အားတစ်ရာခန့် က အဆိုပါအားကစားကွင်းရှေ့တွင် ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။
ဆန္ဒဖော်ထုတ်ရန်အတွက် တောင်ဥက္ကလာပမြို့နယ် ရဲတပ်ဖွဲ့သို့ခွင့်ပြုမိန့်တင် ခဲ့ရာတွင် တာမွေမြို့နယ်၊ ကျိုက်က္ကဆံကွင်းရှိ ဟစ်တိုင်၌သာ ဆန္ဒဖော်ထုတ်ခွင့် ပြုခဲ့သော်လည်း အားကစားကွင်းရှေ့တွင် ဆန္ဒဖော်ထုတ်ခဲ့သဖြင့် ဦးကိုကို ကြီးအပါအ၀င် ၅ ဦးကို ပုဒ်မ ၁၉ ဖြင့် ယင်းနေ့၌ပင် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။
အဆိုပါပုဒ်မ ၁၉ သည် အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ထောင်ဒဏ် သုံးလ၊ ငွေဒဏ်ဖြစ်ပါက ငွေကျပ်တစ်သောင်း ပြစ်ဒဏ်ချမှတ်နိုင်သည်ဟု တရားလွှတ် တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။
ဦးကိုကိုကြီးက "အများပြည်သူပိုင်တဲ့ ကလေးတွေကစားတဲ့ ကစားကွင်းကို နိုင်ငံရေးပါတီတစ်ခုကနေပြီးတော့ ကိုယ်ကျိုးစီးပွားအတွက် လုပ်ကိုင်တာ လုံးဝမဖြစ်သင့်ပါဘူး၊ ကျွန်တော်လည်း တောင်ဥက္ကလာဇာတိပါ၊ ငယ်ငယ်တုန်းက ဒီကစားကွင်းမှာ ဆော့ခဲ့ဖူးပါတယ်၊ ဒီကစားကွင်းပြန်ရဖို့ ဆက်လက် ဆောင်ရွက်သွားမှာပါ။ " ဟုပြောသည်။
အဆိုပါအားကစားကွင်း ပြန်လည်ရရှိရေးအတွက် တိုင်းလွှတ်တော်တွင် ဆွေးနွေးနိုင်ရန် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းထံ တင်ပြထားပြီး၊ ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီထံသို့လည်း စာတင်ထားသည်ဟု၎င်းကဆိုသည်။
တောင်ဥက္ကလာပမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးအောင်က "အမှုဖွင့်ခံထားရသူတွေကို တရားစွဲဆိုတင်ပို့နိုင်ဖို့ ဆောင်ရွက်နေပါတယ်၊ ရက်အတိအကျတော့ ပြောလို့မရသေးပါဘူး။ " ဟုပြောသည်။
ဦးကိုကိုကြီးနှင့် အတူ ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်သည့် နိုင်ငံရေးအကျဉ်းသားဟောင်း ဥိးမျိုးခင်၊ တောင်ဥက္ကလာပ မြို့နယ် NLD အဖွဲ့ဝင်ဒေါက်တာစောနိုင်၊ ဦးနိုင်ကိုလင်းနှင့် ဦးအောင်မော်(ခ) ဦးစစ်အောင်တို့ငါးဦးကို တောင်ဥက္ကလာပမြို့မရဲစခန်းက (ပ) ၅၂၈/၁၄၊ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၉ ဖြင့် အမှု ဖွင့်ထားခြင်းဖြစ်သည်။

Source:mizzimaburmese.com
0 comments:
Post a Comment